Sunday, September 22, 2013

မဟာလယ်တီ ဆရာတော်ဘုရာကြီး၏ ၀ိပဿနာ အားထုတ်နည်း




      မဟာလယ်တီဆရာတော်ဘုရားကြီးသည် တပည့် သာဝကတို့အား ၀ိပဿနာအလုပ်ကို အထူး

အားထုတ်စေလိုသည်။ သို့အတွက်ကြောင့် ဆရာတော်ကြီးသည် ဤသို့ မိန့်တော်မူသည်။
၁။ ၀ိပဿနာအလုပ်၌ စိတ်နှုံ့နှေးသောအခါ စိတ်ထက်သန်၍ လာအောင် အပါယ်ဘေး၊ သံသရာဘေးများ

    ကို ဆင်ခြင်ရမည်။

၂။ စိတ်ကြွ ရွှင်မြူးလွန်း၍ နေသောအခါ မရဏာနုဿတိများကို ဆင်ခြင်၍ နှိမ်နှင်းရမည်။

၃။ စိတ်ဥပေက္ခာ အားကြီး၍နေသောအခါ ၀ိရိယာရဗ္ဘ၀တ္ထုများကို ဆင်ခြင်၍ ဖြေဖျောက်ရမည်။

    ထို့အပြင် ဥပမာအမျိုးမျိုးပြ၍ မိန့်တော်မူသည်မှာ မြတ်စွာဘုရားရှင်သည် ရဟန်းတော်တို့အား

    မိမိလက်သည်းတော်ပေါ်တွင် တင်ထားသော မြူမှုန်စုနှင့် မဟာပထ၀ီ မြေတစ်ပြင်လုံးတွင်

    ရှိနေသော မြေမှုန့်တို့ကို အနည်းအများ နှိုင်းယှဉ်သည်ရှိသော လက်သည်းတော်ပေါ်မှာ ရှိသော

    မြေမှုန့်စုက အလွန်နည်းပြီး မဟာပထ၀ီမြေပေါ်မှာ ရှိသော မြေမှုန့်စုသည် များပြားကြောင်း 

    မိန့်တော်မူရာ ထိုနည်းအတူ လူ့ပြည်မှ သေလွန်ကြကုန်သော သူတို့သည် လူ့ပြည်၊ နတ်ပြည်မှာ

     ဖြစ်ကြရသူသည် လက်သည်းပေါ်မှာ ရှိသော မြေမှုန့်မျှသာ ရှိကြောင်း အပါယ်လေးဘုံသို့

     ဖြစ်ကြကုန်သော သူတို့သည် မဟာပထ၀ီ မြေတစ်ပြင်လုံး၌ရှိသော မြေမှုန့်ကဲ့သို့ များပြားကြောင်း

    မိန့်တော်မူသည်။

       ထို့အပြင် ကာဏကစ္ဆပသုတ် အကျဉ်းချုပ်မှာ မဟာသမုဒ္ဒရာကြီးထဲ၌ မျက်စိနှစ်ကွင်း အလင်း

မရသော လိပ်ကန်းတစ်ကောင်သည် ရှိရာ မရပ်မနား လှည့်မိလှည့်ရာ သွားလာနေ၏။ တစ်ဖန် မဟာ

သမုဒ္ဒရာအထဲ၌ပင်လျှင် အပေါက်တစ်ခုသာ ပါရှိသော ရထားထမ်းပိုးတုံးသည် လေအလိုက်၊ 

လှိုင်းအလိုက် မရပ်မနား လွင့်မျောနေ၏။ လိပ်ကန်းတစ်ကောင်၏ ဦးခေါင်းသည် ထမ်းပိုးတုံး၏ 

အပေါက်အတွင်းသို့ စွပ်မိသော အခါအခွင့်သည် ကြုံကြိုက်ရန် ရှိကြောင်း ဤကဲ့သို့သော 

သာသနာအလုပ်အခါအခွင့်ရနိုင်ရန် ခဲယဉ်းလှကြောင်း မိန့်တော်မူသည်။

    လယ်တီဆရာတော်ဘုရားကြီးသည် ၀ိပဿနာအားထုတ်ရာ၌ စိတ်၏တည်ငြိမ်မှု သမာဓိအား

ကောင်းစေရန် အာနာပါန ကမ္မဌာန်းကို လွယ်ကူစွာ မှတ်သားအားထုတ်နိုင်ရန် ဤသို့ မိန့်တော်မူသည်။

လင်္ကာ။     ။ သတိမြဲရာ ပထမာ၊ ဒု - မှာ တိုရှည်သိ၊ လုံးစုံလင်းရာ တ - ၌သာ၊ စ - မှာ ငြိမ်းစေဘိ။

       “သတိမြဲရာ ပထမာ” ဆိုသည်မှာ ရှေးဦးစွာ သတိမြဲရာ ထွက်လေ၀င်လေကို သိအောင် ရှုမှတ်

ရန်၊ “ဒု - မှာ တိုရှည်သိ” ဆိုသည်မှာ ထွက်လေ၀င်လေ၏ အတိုအရှည်ကို သိအောင် ရှုမှတ်ရန်၊ 

“လုံးစုံလင်းရာ တ - ၌သာ” ဆိုသည်မှာ တတိယ ထွက်လေ၀င်လေကို အစ အလယ် အဆုံး 

ထင်လင်းအောင် ရှုမှတ်ရန်နှင့် “စ - မှာ ငြိမ်းစေဘိ” ဆိုသည်မှာ စတုတ္ထ ထွက်လေ၀င်လေကို

အစဉ်အတိုင်း ချုပ်ငြိမ်းစေပြီးသိမ်မွေ့သွားအောင် ရှုမှတ်ရန် ဖြစ်သည်။

    လက်တွေ့ရှုမှတ်ပွားများ အားထုတ်လိုသူများအတွက် နေရာဒေသ နေပုံထိုင်ပုံကို ညွှန်ကြားလို

ပါသည်။

လင်္ကာ။  ။ “တရားလိုလား ကျင့်ကြံပွား မှတ်သား မြတ်ယောဂီ”

              တရားလိုလား၍ ကြိုးစား ပွားများသူကို ယောဂီဟု ခေါ်သည်။

လင်္ကာ။   ။ သူတော်ကောင်းစိတ်ဓါတ် စံကိန်းဝပ်၊ ချဉ်းကပ် ဆိတ်ငြိမ်မှီ။

              သူတော်ကောင်းစိတ်ဓါတ် ရှိသူသည် ဆိတ်ငြိမ်ရာ၌ ချဉ်းကပ်မှုကို လိုလားသည်။

လင်္ကာ။   ။ တင်ပလ္လင်ခွေထိုင် မယိမ်းယိုင်၊ ဖြောင့်တိုင် ခါးညီညီ။

              တင်ပလ္လင်ခွေ ထိုင်၍ ခေါင်း၊ ခါးကို ဖြောင့်မတ်စွာထားပြီး ထိုင်ရမည်။

လင်္ကာ။    ။ လက်နှစ်ဖက်မှာ သင့်လျှော်စွာ၊ ထားကာ နေရမည်။

               လက်နှစ်ဖက်မှာ သင့်လျှော်စွာ ထား၍ ထိုင်ရမည်။

လင်္ကာ။   ။ မျက်လွှာကိုချ နှာသီးဝ၊ စိုက်ထ အာရုံဆီ။

               မျက်စိကို အသာအယာပိတ်၍ နှာသီးဝ၌ စိတ်စိုက်ပြီး ရှုမှတ်ရန်ဖြစ်သည်။

လင်္ကာ။   ။ နှာသီး နှာဝ စူးစိုက်က၊ တွေ့ရ အာရုံဆီ။

              နှာသီး နှာဝ၌ အာရုံစူးစိုက်လျှင် ရှုမှတ်ရမည့် ကမ္မဌာန်း အာရုံကို တွေ့မြင်နိုင်သည်။

လင်္ကာ။    ။ ထွက်လေ ၀င်လေ ရှုမှတ်စေ၊ မိန့်ချွေ မြတ်လယ်တီ။

           လယ်တီဆရာတော်ဘုရားကြီးသည် ကင်းဝန်မင်းကြီး အိမ်ဦးခန်း၌ သုံးည၊ သုံးရက်တိုင်တိုင်

    အာနာပါန ကမ္မဌာန်းတရားကို မိန့်ချွေ ဟောကြားတော်မူသည်။


                           ဆက်လက် ကြိုးစား ရှုမှတ်ကြပါရန်။






No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...