Monday, August 12, 2013
မင်းသားသုံးပါးနှင့် ဘီလူးသုံးဆယ်
         တခါတုန်းက တက္ကသိုလ်ပြည်က ပညာသင်ပြီးပြန်လာတဲ့ ဘုရင့်သားတော် မင်းသား သုံးပါးဟာ
တောအုပ်တစ်ခုကို ဖြတ်သန်းရပါတယ်။ တောအုပ်ထဲကို ရောက်တယ်ဆိုရင်ပဲ တောအုပ်ထဲမှာနေတဲ့
လူသားစား ဘီလူးကြီး ၃၀ ဟာ မင်းသားသုံးပါးကို စားဖို့ ၀ိုင်းရံလိုက်ကြပါတော့တယ်။
                   မင်းသားတွေလည်း မပြေးသာတော့ဘူးပေါ့။ ဖြစ်လာတဲ့ ပြသနာကို ခေါင်းအေးအေးနဲ့
  ဥပါယ်တံမျဉ် သုံးပြီးဖြေရှင်းမှ လွတ်မြောက်တော့မယ် ဆိုတာ သိတဲ့ အစ်ကိုအကြီးဆုံး မင်းသားက
 ဘီလူးခေါင်းဆောင်ကြီးကို
      “ ကျွန်တော်တို့ကို ဒီအတိုင်းတော့ မစားပါနဲ့။ ခင်ဗျားတို့က ၃၀ ကျွန်တော်တို့က ၃ ယောက်ထဲရယ်
တရားမျှတမှုမရှိပါဘူး။ ဒီတော့တရားမျှတမှုတစ်ခု လုပ်ပြီးမှ စားသင့်ပါတယ်”” လို့ပြောတော့ ခေါင်းဆောင်
ဘီလူးကြီးက ““မင်းတို့က ဘယ်လိုလုပ်ချင်လို့လဲ”” လို့ မေးပါတယ်။ ဒီတော့ အစ်ကိုအကြီးဆုံး
 မင်းသားက............
        “ဒီလိုပါ အခုကျွန်တော်တို့ကို ခင်ဗျားတို့ ဘီလူး ၃၀ က စက်ဝိုင်းသဏ္ဍန် ၀ိုင်းပတ်ထားတယ်မို့လား၊
အဲဒီ အထဲမှာ ကျွန်တော်တို့လည်း ၀င်ပြီးရပ်လိုက်မယ် ဒါဆို ဘီလူးနဲ့ မင်းသား   ပေါင်း ၃၃ ယောက်ပါတဲ့
စက်ဝိုင်းတစ်ခု jဖစ်သွားပြီပေါ့။ ပြီးရင် ဟောဒီ ခေါင်းဆောင်ဘီလူးကြီးကနေ လက်ယာရစ်စတင်ရေတွက်
 ပါမယ် ၁၀ ကျတဲ့သူ ဘီလူးပဲကျကျ မင်းသားပဲကျကျ အဲဒီလူကို သတ်ပါ။ ပြီးရင် အဲဒီအသတ်ခံရတဲ့သူရဲ့
 ညာဘက်ကနေ ၁ မှစပြန်ရေတွက်ပါ ၁၀ ကျရင်သတ်ပါ။ အဲဒီလို ရေတွက်လို့ ကျနော်တို့ ၁၀ ကျတယ်
 ဆိုရင် ခင်ဗျားတို့က ကျွန်တော်တို့ကို သတ်ပြီးစားနိုင်ပါတယ်” လို့ပြောတော့ဘီးလူးခေါင်းဆောင်ကြီးက
 လက်ခံလိုက်ပါတယ်။
            ဒါနဲ့ မင်းသားတွေလည်း ဘီလူးတွေရဲ့ ကြားကို ၀င်ပြီးရပ်ကြတော့ လူ ၃၃ ယောက်ပါတဲ့
 စက်ဝိုင်းတစ်ခုဖြစ်သွားတာပေါ့။ ခေါင်းဆောင်ဘီလူးကြီးကနေ စတင်ရေတွက်တယ် ၁၀ ကျတဲ့သူကို
 သတ်တယ်။ အသတ်ခံရတဲ့သူရဲ့ ညာဘက်ကနေ ၁ ဆိုပြီး ဆက်ရေတွက်တယ် ၁၀ ကျတဲ့သူကို
 သတ်တယ်။ဒီလိုနဲ့ လက်ယာရစ်ဆက်ဆက်ပြီး ရေလိုက်သတ်လိုက်နဲ့ နောက်ဆုံးတော့ ဘီလူးတွေပဲ
 အားလုံးသေကုန်ပြီးမင်းသား ၃ ပါးဟာလွတ်သွားသတဲ့။
         ဒီတော့ မင်းသား သုံးပါး ရပ်သွားခဲ့တဲ့နေရာတွေဟာ ဘယ်နေရာတွေလဲဆိုတာ သိချင်ပါတယ်။
       ဒီလို ရေတွက်တဲ့နေရာမှာ စစချင်းပဲ ခေါင်းဆောင်ဘီလူးကပဲ ရေတွက်တာပါ။ နောက်ဆက် ရေတွက်
တာတွေကတော့ အသတ်ခံရတဲ့သူရဲ့ ညာဘက်ကနေ စက်ဝိုင်းသဏ္ဍန်ဆက်ဆက်ပြီး ရေတွက်
သွားတာပါ။ ခေါင်းဆောင်ဘီလူးကနေ ပြန်ပြန်ရေတွက်တယ်ထင်မှာစိုးလို့ ပြောရတာပါ။
           လက်တွေ့အနေနဲ့ ပဲစေ့လေးတွေ၊ ခဲလုံးလေးတွေ၊ မီးခြစ်ဆံလေးတွေ၊ သွားကြားထိုးတံလေးတွေ
စက်ဝိုင်းသဏ္ဍန် ချစီပြီး အဖြေရှာကြည့်ပေါ့။ ခေါင်းဆောင်ဘီလူးကစရေတွက်မှာဆိုတော့ ခေါင်းဆောင်
 ဘီလူးကို ကျန်တဲ့ ဘီလူးတွေနဲ့ မတူအောင် ပစ္စည်းတခုခု ထားလိုက်ပေါ့။ မင်းသား ၃ ပါးကိုလည်း
 ဘီလူးတွေနဲ့ မတူပါစေနဲ့။
        သူငယ်ချင်းတို့ ကြိုးစားကြည့်ပါဦးနော်။ အဖြေကို သိချင်ရင်တော့ အောက်ကအပြည့်အစုံဖတ်ရန်
 ဆိုတာလေးမှာ နှိပ်ပြီး အဖြေကြည့်ပါနော်။
ဒီဥာဏ်စမ်းလေးရဲ့ အဖြေကတော့
            မင်းသား သုံးပါးနဲ့ ဘီလူးသုံးဆယ်ကို စက်ဝိုင်းသဏ္ဍာန် ချကြည့်လိုက်ပြီးတော့ အရှည်ဆုံး
ဘီလူးကြီးကို ကကြီး (က) လို့ အမည်ပေးလိုက်ပါ ပြီးတော့ သူ့ရဲ့ ညာဘက်က ဘီလူးတွေကိုလည်း
အစဉ်အတိုင်း ခ၊ ၈၊ ဃ၊ ........ စသည်ဖြင့် အမည်ပေးလိုက်ပါ။ အဲဒီအခါမှာ ဏ၊ ဘ၊ ရ ကျတဲ့နေရာ
တွေကို မင်းသားတွေကို ချထားပြီး ရေတွက်ကြည့်လိုက်ရင် ဘီလူးတွေ အားလုံး သေကုန်ပြီး မင်းသား
၃ ပါးပဲ ကျန်တော့တာကို တွေ့ရမှာပါ။
          မင်းသား သုံးပါး ကျတဲ့ နေရာတွေဖြစ်တဲ့ ဏ၊ ဘ၊ ရ နေရာတွေကို အစွဲပြုပြီး ရှေးလူကြီးများက
ဏဘရံ = ဘေးမရှိ လို့ မှတ်သားခဲ့ကြပါတယ်။
         တကယ်တော့ ပုစ္ဆာကို အစကနေစဉ်းစားနေလို့ ရှုပ်ပြီး ဖြေရခက်နေတာပါ။ စောစောကတည်းက
 ခဲလုံးလေး ၃၃ လုံးကိုစက်ဝိုင်းပုံ နေရာမှတ်စီပြီး ခဲလုံးတစ်လုံးလုံးကနေ စရေတွက် ၁၀ ကျတဲ့အလုံး ဖယ်။
အဲဒီလိုနဲ့ နောက်ဆုံး သုံးလုံးကျန်တဲ့အထိ ဖယ်သွားရင် အဖြေရတော့တာပါပဲ။ တစ်ခါတစ်ခါ ဉာဏ်စမ်း
တွေဟာ နောက်ကနေပြန်စဉ်းစားရင် အလွယ်လေး ဖြစ်သွားတတ်ပါတယ်။
     ဉာဏ်စမ်းတွေကို စဉ်းစားဖြေရှင်းတဲ့အခါ
                 ၁။ ရှေ့ကနေ အရင်စဉ်းစားခြင်း
                 ၂။ နောက်မှ ပြန်စဉ်းစားခြင်း
                 ၃။ အလယ်မှ ဖြတ်စဉ်းစားခြင်း
                 ၄။ တစ်ခုလုံးကို ခြုံငုံသုံးသပ် စဉ်းစားခြင်း
                 ၅။ အစားထိုး စမ်းသပ်စဉ်းစားခြင်း
                 ၆။ ဥပဒေသများကို အခြေခံစဉ်းစားခြင်း
                 ၇။ အဆိုပြုချက်များကို အခြေခံစဉ်းစားခြင်း စတဲ့ နည်းတွေကို အသုံးပြုရပါတယ်။
            ပဟေဠိ ဉာဏ်စမ်းတွေကတော့ ကမ္ဘာမှာ အမျိုးမျိုးရှိကြပါတယ်။ ဂဏန်းသင်္ချာ ပဟေဠိ၊
 စစ်တုရင်ပဟေဠိ၊ စကားထာ ပဟေဠိ၊ယုတ္တိဗေဒ ပဟေဠိ၊  ၀င်္ကဘာ ပဟေဠိ စသည်ဖြင့်ပေါ့။ အဲဒီအထဲမှာ
 ဂဏန်းသင်္ချာနဲ့ဆိုင်တဲ့ ပဟေဠိကအများဆုံးပါပဲ။ ဂဏန်းသင်္ချာဆိုင်ရာ ပဟေဠိများကတော့ ကိန်းဝှက်
(cryptarithyum)၊ စတုရန်းအင်း (square)၊ နီမောနစ် (mnemonics)၊ ဆုဒိုခု (sudoku)၊ ပယ်လင်ဒရုန်း
(palindrome)၊ ပိုလီယိုမီနို (polyomino)၊ ဂြီသြမေတြီ (geometry)၊ ရာရှင်နယ် (rational)၊ ကဲကုလပ်
 (calculus) စသည်ဖြင့် ကျွန်တော်တို့ မသိတဲ့ ပဟေဠိပေါင်းမြောက်များစွာလည်း ရှိနေနိုင်ပါသေးတယ်။
             မြန်မာ့ရှေးဟောင်းပဟေဠိများမှာလည်း ခြုံယူဆင်ခြင်ခြင်း၊ စကားထာ၊ မြန်မာစစ်တုရင်၊ သင်္ချာ၊
ရသေ့စိတ်ဖြေ၊ ကိန်းဝှက်၊ စတုရန်းအင်း၊ ၀င်္ကဘာ စတဲ့ပဟေဠိပေါင်းများစွာရှိပါတယ်။ အခုတင်ပြခဲ့တဲ့
ပဟေဠိလေးရဲ့ အဖြေ ဏဘရံ (ဘေးမရှိ)ဆိုတဲ့ သင်္ကေတ စာတန်းလေးကို တောရွာအိမ်တွေ့ရဲ့ နံရံ၊
ထုတ်တန်း၊ခါးပန်း၊ယက်မ တွေမှာ ရေးထားတာတွေ့ဘူးကြမှာပါ။ ဒါ အန္တရာယ်ကင်း ဘေးရှင်းတယ်
ဆိုတဲ့ အယူအဆနဲ့ ရေးထားကြတာပါ။ အဲဒီလိုပဲ မြတ်စွာဘုရားရဲ့ဘ၀ ဖြစ်တော်စဉ် ၁၆ မျိုးကိုလည်း
စတုရန်းအင်းထဲမှာ သွင်းပြီး “အန္တရာယ်ကင်း သက်စောင့်အင်း”အဖြစ်အသုံးပြုကြ ပုံလေးကိုလည်း တင်ပြ
လိုက်ပါတယ်။
မြတ်စွာဘုရား ဘ၀ဖြစ်တော်စဉ် ၁၆ မျိုးလင်္ကာ
             အစကြိုးကြာ ၁၆ ခါ၊ ဟင်္သာ ၉ ဖြစ်
             ၆ ဖြစ်ကား ခို၊ ကျေးညို ၃ ခါ
             သံသာကြူးထိပ် ကရ၀ိတ် ၅ ခါ၊ ၄ ဖြာ ကိန္နရီ
             (စာမရီ)ဇာမနီ ၁၅၊ မျောက်ကား ၁၀
             ဆင်ဝယ် ၁၁၊ နွားဖြစ် ၁၄၊ ဧကာ သိန္နဝ
             ကျွဲ အဋ္ဌနှင့် သံမြသာညောင်း ဥဒေါင်း ၂ ခါ
             သာလိကာ သတ္တ၊ ဒွါဒဿ ကြက်၊ ၀က်ကား ၁၃
             မှတ်ယူသုံးသည် မြတ်ဘုံးသီဟ ရန်ကင်းတည်း။ ။
      အဲဒီ လင်္ကာအရ ဗုဒ္ဓဖြစ်တော်စဉ်တွေကို ဖြန့်ချရေးလိုက်ရင်
         ဖြစ်တော်စဉ်       အကြိမ်
            ကြိုးကြာ          ၁၆
            ဟင်္သာ             ၉
            ခို                   ၆
            ကျီးညို            ၃
           ကရ၀ိတ်          ၅
           ကိန္နရီ             ၎
           ဇာမနီ            ၁၅
          မျောက်           ၁၀
            ဆင်             ၁၁
             နွား              ၁၄
          သိန္န၀ (မြင်း)      ၁
            ကျွဲ                ၈
           ဥဒေါင်း            ၂
          သာလိကာ         ၇
           ကြက်            ၁၂
    ဆိုပြီး ရပါတယ်။ အဲဒီ ဖြစ်တော်စဉ် ဂဏန်းများကို စတုရန်းအင်းမှာ ထည့်လိုက်တဲ့အခါ ဒီလိုပုံစံ
 စတုရန်းအင်းကွက်တစ်ကွက် ရလာပါတယ်။
    ဒီအင်းကွက်ရဲ့ ထူးခြားချက်ကတော့ တိုင်၊ တန်း၊ ဒေါင့်ဖြတ်ဘယ်လိုပဲ ပေါင်းပေါင်း ၃၄ ရတာပါပဲ။
 ဒါ့ကြောင့် ဒီအင်းကွက်ကို ရှေးက တတ်ကျွမ်းတဲ့နက္ခတ္တဗေဒ ဆရာကြီးများက စီရင် မန်းမှုတ်ပြီး
အန္တရာယ်ကင်း သက်စောင့်အင်းအဖြစ် အသုံးပြုခဲ့ကြကြောင်း လေ့လာတွေ့ရှိတာလေးကို တင်ပြလိုက်
ရပါတယ် ခင်ဗျား။ 
No comments:
Post a Comment
Related Posts Plugin for WordPress, Blogger...