Sunday, September 22, 2013
ယောက်ကျားနှင့် မိန်းမ မွေးဖွားမှု ဘယ်သူက ပိုများသလဲ
လူသတ္တ၀ါတို့တွင် ယောက်ျားဖြစ်ရန်နှင့် မိန်းမဖြစ်ရန် မည်သည်က ပိုမိုလမ်းများပါသနည်း။
တစ်နည်းဆိုသော် ယောက်ျားကလေးနှင့် မိန်းကလေးတွင် မည်သူက ပဋိသန္ဓေတည်ရန် အခွင့်အလမ်း
သာပါသနည်းဟု စဉ်းစားရန်ရှိ၏။ အနောက်နိုင်ငံများ၌ မိန်းကလေး ၁၀၀ လျှင် ယောက်ျားလေး ၁၀၅
ယောက်ခန့် မွေး၏။ သန္ဓေသားကို အထီးဖြစ်အောင် ဖန်တီးနိုင်သော Y သုတ်ပိုးနှင့် အမ ဖြစ်အောင်
ဖန်တီးနိုင်သော X သုတ်ပိုးများ ဦးရေ တူညီပါလျှက် ယောက်ျားကလေးများ ပိုမိုမွေးဖွားကြခြင်းမှာ
ပွဲဦးထွက်၌ Y သုတ်ပိုးများက ခြေလှမ်းသာသောကြောင့် ဖြစ်နိုင်တန်ရာ၏။
ပဋိသန္ဓေတည်ဆဲကာလ၌ ယောက်ျားကလေးသည် မိန်းကလေးထက် ချူချာ၍ ပျက်စီးဆုံးပါး
တတ်ကြောင်း ယုတ္တိအထောက်အထားများ ရှိ၏။ မူလအစက ချွတ်ယွင်းနေသော ကလေးများနှင့် မမွေးမီ
သို့မဟုတ် မွေးပြီးလျှင် ပြီးခြင်း သေဆုံးသော ကလေးများတွင် ယောက်ကျားကလေး များက
သိသိသာသာ ဦးရေများ၏။ အချို့ပညာရှင်များကမူ ပဋိသန္ဓေတည်ပြီးနောက် ပထမ လများ၌
ပျက်စီးသော သန္ဓေသားများတွင် အထီးက အမ၏ နှစ်ဆ၊ သုံးဆ ဖြစ်သည်ဆို၏။ ဤစကား
မှန်သည်ဖြစ်စေ၊ မှားသည်ဖြစ်စေ ထင်ရှားသောအချက် သည်ကား အသေမွေးသော ကလေးများတွင်
မိန်းကလေး ၁၀၀ လျှင် ယောက်ျားကလေး ၁၂၅ ယောက် ဖြစ်နေခြင်း ဖြစ်၏။ ဤသို့ အထီးက အမထက်
အပျက်အစီး များခြင်းကို လူသတ္တ၀ါများ၌ သာ တွေ့ရသည် မဟုတ်ချေ။ တိရစ္ဆာန်များ၌လည်း အထီးက
အမထက် အလားတူ ပျက်စီးဆုံးပါးမှု ပို၍ များကြောင်း တွေ့ရသည် ဆို၏။
ဤနေရာ၌ ပျက်စီးဆုံးပါးမှု များခြင်း၏ အကြောင်းဖြစ်သော အထီး၏ ချွတ်ယွင်းချက် တစ်ခုကို ပြရမည်
ဆိုသော် အထီးသည် ပဋိသန္ဓေသား ဘ၀၌ပင် အရိုးကြီးထွားမှု၌ အမထက် နောက်ကျ၍၊ မွေးဖွားသော
အခါတွင်လည်း အရိုးမာမှု၌ အမထက် တစ်လခွဲခန့် နောက်ကျ၏။ သို့ဖြစ်၍ ဦးစွာ ပထမအရွယ်၌
ယောက်ျားကလေးသည် မိန်းကလေးကဲ့သို့ တောင့်တင်းကြံ့ခိုင်ခြင်း မရှိချေ။ ယောက်ျားကလေးသည်
မွေးဖွားရန် ပိုမိုခက်ခဲ၍ အချိန်အနည်းငယ် ပို၍ ကြာ၏။
မိန်းကလေးများသည် ကိုယ်ဝန်ရှိစဉ်က အသက်အရွယ်နှင့် ကျန်းမာရေး အခြေအနေလိုက်၍
သားယောက်ျား သို့မဟုတ် သမီး မိန်းကလေး ရရှိတတ်၏။ အသက်ငယ်၍ ကျန်းမာသော မိန်းမများသည်
အသက်ကြီးသော မိန်းမများထက် သားယောက်ျားရရန် အလားအလာ ရှိ၏။ အသက် ၁၈ နှစ်မှ
၂၂ နှစ်ထိ မိန်းမများမွေးသော ကလေးများတွင် ယောက်ျားကလေးများက ၂၀ ရာခိုင်နှုန်း ပိုများ၏။
အသက် ၃၈ နှစ်မှ ၄၂ နှစ်ထိ မိခင်များ၏ ကလေးများ၌မူ ယောက်ျားကလေးများမှာ ၁၀ ရာခိုင်နှုန်း
နည်းကြောင်း တွေ့ရသည်ဆို၏။ ကြေးရတတ် အထက်တန်းစား အမေရိကန်နှင့် ဂျာမန် မိန်းမများ၏
သားသမီးများတွင် ယောက်ျားကလေးများမှာ ၂၀ မှ ၂၅ ရာခိုင်နှုန်းထိ ပို၍ များသည်ဟု သိရသည်။
ဆရာဦးအေးမောင်၏ ဖိုမ၏ ဗီဇ နှင့် ပတ်ဝန်းကျင် စာအုပ်မှ ကူးယူဖေါ်ပြပါသည်။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment