Monday, September 16, 2013
ကျေးဇူးရှင် လယ်တီဆရာတော်ကြီးရေးသားတော်မူသော သတ္တဌာန ဘုရားရှိခိုး
မဟာဗောဓိပင် အပရာဇိတ ပလ္လင်တော်မှ စ၍ သတ္တဌာန စမ္ပယ်တော်မူနေပုံကို ရည်စူး၍ ဖွဲ့နွဲ့
သီကျူးအပ်သောသတ္တဌာန ဘုရားရှိခိုး
ပထမ သတ္တာဟ စံနေပုံ
၁။ ဘုန်းရောင်ထွန်းရှိန်၊ စောမုနိန်။ ။ ပညိနြေ္ဒ၊ ခြွေရာမှန်ဘိ၊ ဗောဓိကြငှန်း၊ ရွှေညောင်နန်းဝယ်၊
ထူးဆန်းအံ့လောက်၊ မြေမှပေါက်သား၊ ရောင်တောက်မာရ်နှင်၊ ရွှေပလ္လင်ထက်၊ သဗ္ဗညုတ၊ ဥာဏ်ကိုရပြီး၊
သတ္တာဟရက်၊ ဖွဲ့ခွေလျှက်ပင်၊ ငြိမ်သက်တင့်တယ်၊ သုံးစမ္ပယ်သည်။ ။ ဘုန်းကြွယ်လက်ဦးဖွယ်ပေကို။
ဒုတိယ သတ္တာဟ စံနေပုံ
၂။ နှစ်ကြိမ်မြောက်ထ၊ သတ္တာဟတွင်၊ မာရပယ်လှန်၊ ပလ္လင်ပျံမှ၊ ဧသန်တူရှု၊ ရပ်တော်မူလျှက်၊
ကြည်ဖြူငြိမ်းချမ်း၊ပလ္လင်နန်းကို၊ မြောင့်တန်းစက္ခု၊ စိမ်းစိမ်းရှုလျှက်၊ သုံးလူ့ရှင်ပင်၊ ပျော်စံရွှင်သည်။
။ ကြည်လင် ညွတ်နူးဖွယ်ပေကို။
တတိယ သတ္တာဟ စံနေပုံ
၃။ သုံးကြိမ်မြောက်ထ၊ သတ္တာဟတွင်၊ ဗောဓိပင်မှ၊ မြောက်ခွင်ဥတ္တရာ၊ စင်္ကြံသာ၌၊ လူးလာတို့ခေါက်၊
ဘုန်းတောက်ဘုရား၊ ပျော်စံစားသည်။ ။ တရားဆင်ခြင်လျှက်ပေကို။
စတုတ္ထ သတ္တာဟ စံနေပုံ
၎။ လေးကြိမ်မြောက်ထ၊ သတ္တာဟတွင်၊ ဗောဓိပင်နှင့် ပလ္လင်ထွန်းတောက်၊ အနောက်မြောက်ဝယ်၊
အံ့လောက်ဖွယ်ရာ၊ ရတနာရိပ်ငြိမ်၊ စံရွှေအိမ်၌၊ ကြိမ်ကြိမ်ဖန်ခါ၊ ဘိဓမ္မာကို၊ မဟာဉာဏ၊ သာဂရဖြင့်၊
ဗုဒ္ဓရှင်ပင်၊ သုံးဆင်ခြင်သည်။ ။ ရောင်ရှင်ခြောက်ဖြာ ညီးလို့ကို။
ပဉ္စမ သတ္တာဟ စံနေပုံ
၅။ ငါးကြိမ်မြောက်ထ၊ သတ္တဟာတွင်၊ ဗောဓိပင်မှ၊ ရှေ့ခွင်ပြုဗ္ဗာ၊ ရပ်ဒိသာဝယ်၊ ကြီးစွာမြင့်ခေါင်၊
ဆိတ်ကျောင်းညောင်၌၊ ဘုန်းခေါင်ပရမေ၊ စမ္ပယ်နေသည်။ ။ရိုသေမြတ်နိုးဖွယ်ပေကို။
ဆဋ္ဌမ သတ္တာဟ စံနေပုံ
၆။ ခြောက်ကြိမ်မြောက်ထ၊ သတ္တာဟတွင်၊ ပလ္လင်ရွှေညောင်၊အရှေ့တောင်၌၊ မြရောင်လိုလို၊
ရေညိုပြည့်လျှမ်း၊ ကြာပန်းညွတ်ရုံ၊ ပန်းမျိုးစုံသည်၊ မုဉ္စလိန္ဒာ၊ အိုင်သာဖြန့်ကျင်း၊ ကျည်းပင်ရင်းဝယ်၊
သနင်းလူ့ဆွေ၊ စမ္ပယ်နေသော်၊ မိုးလေထန်ပြင်း၊ သွန်းချခြင်းကြောင့်၊ မြွေမင်းရန်ဟန့်၊ ပါးပျဉ်းဖြန့်လျှက်၊
ချီးအံ့တန်ခိုး၊ ဆောင်းကာမိုးသည်။ ။ ရှေးရိုးသမ္ဘာတော်ကြောင့်ကို။
သတ္တမ သတ္တာဟ စံနေပုံ
၇။ ခါသတ္တမ၊ သတ္တာဟတွင်၊ ဗောဓိပင်မှ၊ တောင်ပြင်လက်ျာ၊ မြေမျက်နှာဝယ်၊ ရာဇာယတန၊
မည်ရခေါ်တွင်၊ လင်းလွန်းပင်၌၊ သဗ္ဗညုဖျား၊ ပျော်စံစားသည်။ ။ ကြီးမားဉာဏ်တော် ဖွင့်လို့ကို။
ထိုခုနှစ်ပါး၊ အရပ်များကို၊ ရှေ့သွားသဒ္ဒါ၊ ကြည်ညိုစွာလျှင်၊ ၀န္ဒနာမာန၊ ဂါရ၀ဖြင့်၊ ဦးချညွတ်ကျိုး၊
ကျွန်ရှိခိုးသည်။ ။ကောင်းကျိုးခပ်သိမ်း ပြည့်စေသော်ဝ်။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment