ကလေးငယ် သုံးဆယ့်ငါးသန်းအတွက်
ရှာကီရာဟာ
သူမရဲ့ လုံးဝန်းတဲ့ တင်ပါးအိအိတွေကို
ဝှေ့ရမ်း လှုပ်ခါပစ်လိုက်တယ်။
အင်ဂျလီနာဂျိုလီ လှစ်ဟ ပြလိုက်တဲ့
ည၀တ်အင်္ကျီထဲက ပန်းနုရောင်ပေါင်တံတွေဟာ
အဟာရချို့တဲ့နေတဲ့ အာဖရိက ဒုက္ခသယ်တွေဆီ
တဖွဲဖွဲဝင်လာမယ့် ရံပုံငွေတွေပဲ။
ကဲ....ဘာထူးလို့လဲ
ကျွန်မမောင်လေး နောက်နှစ်ကျောင်းဆက်ထားနိုင်ဖို့
သိုးစော်နံနေတဲ့
အဲဒီ အဆီတစ်ထပ် အသားတစ်ထပ် ခန္ဓာကိုယ်ကြီးတွေကို
ကျွန်မ အခုနှိပ်ပေးနေရတယ်။
ကျွန်မအမေ မြန်မြန်နေပြန်ကောင်းလာအောင်လို့
ကျွန်မ စကတ်တွေ တဖြည်းဖြည်း တိုတို လာရတယ်။
တစ်လတစ်လ အလျင်မီအောင် အိမ်စရိတ်ထောက်ဖို့အရေး
ရှင့်ကို အကြင်နာတွေ ပေးပေးနေရတယ်။
ကောင်းရောင်း ကောင်းဝယ်.....
ဟုတ်တယ်ဟုတ်.....
ကျွန်မတို့ အထည်တွေ မချုပ်ကြတော့ဘူး
စက်ရုံတွေ ပိတ်သွားကြပြီ။
ကျွန်မတို့ ပန်းရံလည်း မလုပ်နိုင်ကြဘူးလေ
ခွန်အားနဲ့ အတတ်ပညာတွေ ဈေးပေါနေတဲ့ ခောတ်ကြီးထဲမှာ
ဈေးကောင်းရတာပဲ ရောင်းစားလိုက်ကြတော့တယ်။
ကျွန်မ နာမည်လား......
အမေပေးခဲ့တာတောင် မေ့တေ့တေ့ရယ်
ကျွန်မ နာမည် ကြယ်စင်...
ကျွန်မ နာမည် နံနက်ခင်း....
ကျွန်မ နာမည် တာရာ...
ကျွန်မ နာမည် အလင်္ကာ...
ဟုတ်တယ်လေ ကျွန်မတို့ မတည်မြဲကြဘူး။
ကျွန်မတို့ဟာ လျှပ်စီးကြောင်းနဲ့
ပတ်ကြားအက်နေတဲ့ မိုးတိမ်တွေပဲ
ကွက်ကြားမိုးတွေ ဖွံ့ဖြိုးတိုးတက်လာချိန်မှာ
ဘွားကနဲ ပေါက်ရောက်လာတဲ့
မိုးဦးမှိုပွင့်တွေပဲ။
စီးဆင်းနေတဲ့ ငွေကြေး စာရင်းဇယားတွေဘေးမှာ
ကွေးညွှတ်နေတဲ့ မြစ်ကျိုးအင်းတွေပဲ။
လျှော်ဖွတ်ပြီး မီးပူတိုက်ထားတဲ့
ဘေထုတ်ထည်ကို ကြည့်သလို ရှင်ကျွန်မကို မကြည့်ပါနဲ့။
ရှင့်စကားနဲ့ ကျွန်မကို အဖျားခတ်လိုက်ပုံက
ကျွန်မတို့ကပဲ
သူများအိမ်ထောင်ရေးတွေအပေါ်
လမ်းကြိတ်စက် တက်မောင်းနေသလိုလို
ကျွန်မတို့ကပဲ
သူများမိသားစုတွေကို
ကူးဆို့ဆိပ်မှာ မှိုအိတ်ဖွင့်နေသလိုလို
ကျွန်မတို့ကပဲ
ရှင်တို့ရဲ့ တိတ်ဆိတ်နေတဲ့
ယျဉ်ကျေးမှု စာမျက်နှာတွေကို ပလုပ်တုတ် ခေါက်နေသလိုလို။
အချစ်တဲ့.....
ရှင် လေချဉ်တက်လိုက်သလား
ဘီယာစော်နံလိုက်တာ
ဟုတ်ပါတယ် ဟုတ်ပါတယ်...
ကျွန်မတို့အလုပ်က
သဒ္ဒါစည်းမျဉ်းစည်းကမ်းနဲ့ မကိုက်ညီပါဘူး
ကျွန်မတို့ ဘ၀တွေကလည်း
ဝါကျတည်ဆောက်ပုံ မမှန်ကန်ပါဘူး။
ဒါပေမယ့်.....ဒါဟာ
အမှောင်နဲ့ ချိန်တွယ်ရတဲ့ ၀န်ဆောင်မှုပါရှင်
“အဗ္ဗပါလီ” အစ “မော်နီကာဗယ်လူချီ” အဆုံး
ကျွန်မတို့အားလုံးဟာ
ရှင်တို့ယောက်ကျားတွေရဲ့
လျှို့ဝှက်တဲ့ စက်ရုံမှာ အချိန်ပိုဆင်းရတဲ့
ခွေးသွားစိတ်တွေပါပဲ။
တကယ်တော့....
ကမ္ဘာကြီး ပူနွေးလာရတာလည်း
ကျွန်မတို့နဲ့ မဆိုင်ပါဘူး
အိုစမာဘင်လာဒင် သေဆုံးသွားတာလည်း
ကျွန်မတို့နဲ့ တခြားစီ
ဒေါ်လာဈေး ကမောက်ကမ ဖြစ်အောင်
ကျွန်မတို့ တစ်ခါမှ မလုပ်ခဲ့ဖူးဘူး
ကျွန်မတို့ကို ရေးကြီးခွင်ကျယ်
ကဗျာစပ်မနေပါနဲ့ ရှင်ရယ်။
ဘောစိနော်....
ဘော်ကယ်ကြေးလေး တစ်ပဲခြောက်ပြားနဲ့
ရှင် ကျွန်မကို ဒီအတိုင်း ပြစ်မထားခဲ့နဲ့ဦး
အိုခေ... ဒီ ငယ်ကျွမ်းဆွေတစ်ပုဒ် ဆိုပြီးသွားရင်
တစ်ဆက်ရှင်စာ အချိန်စေ့ပြီ
နောက်တစ်ခါလည်း ကျွန်မတို့ဆီကို
ဒီလို ဆင်တွေတစ်အုပ်ကြီးနဲ့
လာရောက် အားပေးနိုင်ပါစေ
သင့်ခယူ....ဘိုင့်ဘိုင်....ဆီးယူ.....
ဖလိုင်းကစ်။ ။
မောင်ရှင်စော
(ရတီမဂဇ္ဇင်း 2012)
No comments:
Post a Comment