ဒီနေ့တင်ပြမှာလေးကတော့ သူငယ်ချင်းများရဲ့ ဖုန်းနံပါတ်၊ အိမ်နံပါတ်၊ မှတ်ပုံတင်အမှတ်၊
ကားနံပါတ် စတာတွေကို အလွယ်မှတ်တဲ့ နည်းကလေးပါပဲ။
ဒီလို အလွယ်မှတ်တဲ့နည်းကို နီမောနစ် (Mnemonics) လို့ခေါ်ပါတယ်။ အရှေ့ကမ္ဘာခြမ်းမှာ
မှတ်ဉာဏ်နဲ့ဆိုင်တဲ့ နတ်သမီး “သူရဿတီ” ရှိသလို အနောက် ကမ္ဘာခြမ်းမှာလည်း မှတ်ဉာဏ်နဲ့
ဆိုင်တဲ့ရှေးဟောင်း ဂရိနတ်သမီး “နီမော့ဆိုင်းနိ” ရှိပါတယ်။ အဲဒီနတ်သမီးအမည်က ဆင်းသက်လာလို့
အလွယ်မှတ်နည်းကို နီမောနစ် လို့ခေါ်ကြပါတယ်
ဂရိနတ်သမီးက ဆင်းသက်လာတယ် ဆိုပေမယ့် ရှေးဟောင်း ဂရိ စာပေများမှာတော့
မှတ်ဉာဏ်ကောင်းအောင် လေ့ကျင့်နည်းကျမ်းများ မတွေ့ခဲ့ရပါဘူး။ 1634 ခုနှစ်က ပဲရစ်မြို့သား
“ဟာရီဂွန်း” ရေးခဲ့တဲ့ ကိန်းများကိုအလွယ်မှတ်နည်း ကျမ်းကိုပဲအစောဆုံးတွေ့ခဲ့ရတယ်။
အဲဒီနောက် အက္ခရာဗျည်း အမျိုးမျိုးကို ကိန်းတန်ဖိုးသတ်မှတ်ပြီး မှတ်တဲ့အလွယ်မှတ်နည်းဟာ
နိုင်ငံတကာမှာ ရေပန်းစားလာခဲ့ပါတယ်။ ဂျာမဏီက သင်္ချာ၊ ဒဿန၊ ဥပဒေ၊နိုင်ငံရေး၊ သင်္ချာယုတ္တိ
စတဲ့ ဂုဏ်ပုဒ်များစွာပိုင်ဆိုင်တဲ့ စွယ်စုံပညာရှင်ကြီး “လိုက်ဗနစ်” (1646-1716) ကအလွယ်မှတ်တည်း
တစ်ရပ်ကို တီထွင်ပေးခဲ့ပါတယ်။ အင်္ဂလန်မှာတော့1730 ခုနှစ်က“ဂရေး” ဆိုတဲ့ပညာရှင်ကြီးက
မှတ်ဉာဏ်ကောင်းအောင် လေ့ကျင့်နည်းကျမ်းတစ်စောင် ရေးခဲ့တယ်။ အဲဒီကျမ်းကိုသင်္ချာနဲ့ ဓါတ်ပုံ
ပညာရှင် “ဒေါ့ဆန်” က ထောက်ခံရေးသားခဲ့ပြီး စက်ဝန်းနဲ့ အချင်းအချိုး (ပိုင်) တန်ဖိုးကို
71 နေရာအထိ အလွယ်မှတ်နည်းသော့ချက်ကို ရေးသားတင်ပြခဲ့ပါတယ်။ ဒါ့အပြင် 100 အောက်ရှိတဲ့
သုဒ္ဓကိန်း (prime number) အားလုံးရဲ့လော့ဂရစ်သမ် မှတ်နည်းသော့ချက်ကိုလည်း ရေးခဲ့ပါတယ်။
သူဟာ တစ်ချိန်ကလော့ဂရစ်သမ် မှတ်နည်းကျမ်း ထွက်ပေါ်လာအောင် ကြိုးစားအားထုတ်ဖူးသူ
ဖြစ်ပါတယ်။
အခြား မှတ်ဉာဏ်ကောင်းအောင် လေ့ကျင့်နည်းတွေကို ဖေါ်ထုတ်ခဲ့တဲ့ ထင်ရှားကျော်ကြား
သူများကတော့ အင်္ဂလန်က ရူပနဲ့ နက္ခတ် ပညာရှင်“ဆာဂျိန်းဂျင်း” (1877-1946)၊ သင်္ချာပညာရှင်
“ဂျီ-အိပ် ဟာဒီ”(1877-1947)၊ သင်္ချာနဲ့ ဒဿန ပညာရှင် “ဘာထရန့်ရပ်ဆယ်” (1872-1970)၊
အိန္ဒိယသင်္ချာပညာရှင် “ရာမနုဂျန်”(1887-1920)၊ အမေရိကန်က မီလာစသူတို့ဟာ သင်္ချာနဲ့ သိပ္ပံနယ်မှာ
ကျော်ကြားခဲ့ကြပါတယ်။
မြန်မာမှာလည်း ရှင်မဟာရဋ္ဌသာရက “သု၊ စိ၊ ပု၊ ဘာ၊ ၀ိ၊ လိ၊ သိ၊ ဓါ” နဲ့ စာသင်သားများ လိုက်နာဖို့
အလွယ်မှတ်နည်းများ ပေးခဲ့ပါတယ်။ ဆေးပညာနဲ့ ပတ်သက်ရင်လည်း သွားနာသော်“ငပိလက်လေးသစ်”
သိပ်၊မင်းကွန်းခေါင်းလောင်းကြီးနဲ့ ပတ်သက်လို့“အ၀ အောင်ကျော်၊ အစောက် အောင်လှ”၊ မန္တလေး
မြို့တည်နှစ်ကို “အုတ်ကျစ်ကျော်အေး” မန္တလေး၊ အရက်သမားများအတွက် “ ထုံကျင်၊ ဘောက်ဆတ်၊ ဖေါ၊
ယောင်၊ ပိန်၊ ရှော” စသည်ဖြင့်မှတ်သားပုံ အမျိုးမျိုး ရှိကြပါတယ်။
ကဲ ကျွန်တော်တို့ရဲ့ နည်းလေး စလိုက်ရအောင်။
ကျွန်တော်ကတော့ ဒီနေရာမှာ မြန်မာဗေဒင်နေ့ကိုယ်စားပြု အက္ခရာများကို မသုံးပါဘူး။
အဲဒီနည်းက ၈၊ ၉၊ ၀ တို့အတွက်ကျတော့ အဋ္ဌ၊ န၀၊ သုည စသည်ဖြင့် ရှုတ်ထွေးတတ်လို့ပါ။
ဒီတော့ ဂဏန်းတွေကို အက္ခရာများနဲ့ ပြောင်းလည်းပြီး ဒီလိုပဲ မှတ်လိုက်ကြရအောင်-
၁ တ (တစ်)
၂ န (နှစ်)
၃ သ (သုံး)
၎ လ (လေး)
၅ င (ငါး)
၆ ချ၊ ခြ (ခြောက်)
၇ ခ (ခွန်)
၈ ရ (ရှစ်)
၉ က (ကိုး)
ဝ ည၊ ဆ (သုည၊ ဆယ်) အဲဒီလို မှတ်ပါမယ်။
ပြီးရင် ကိုယ်မှတ်ချင်တဲ့ ဂဏန်းတွေကို အက္ခရာတွေနဲ့ ပြောင်းလည်းပြီး အဓိပါယ်ရှိတဲ့
စာကြောင်းလေး လုပ်ပြီးမှတ်သားထားပါ။ အဲဒီလို စာကြောင်းလုပ်မှတ်သားရာမှာ ဟာသ၊ သွေးပျက်ဖွယ်
မြင်ကွင်း၊ ကမောက်ကမ အဖြစ်အပျက်၊ကြောက်လန့်ဖွယ် စတဲ့ အဓိပ္ပါယ်များ ထွက်ရင်ပိုကောင်းပါတယ်။
ဘာလို့လည်းဆိုတော့လူဆိုတာ ကြောက်စရာ၊ သွေးပျက်စရာ၊နဲ့ပေါကြောင်ကြောင် ဟာသမျိုးတွေဆိုရင်
မနေ့တနေ့ကလိုပဲအထူးမှတ်မိတတ်တဲ့ သဘောရှိလို့ပါ။
ဥပမာ မှတ်ကြည့်ရအောင်-
325369163 သူနဲ့ငါသိပ်ချစ်ကြတဲ့ချစ်သူ
483756140 လာရင်သူခိုးငါချစ်တဲ့လူဆိုး
189583945 တရုပ်ကြီးငရုပ်သီး(စပ်)ကလေးငို
381740005 သူရဲတစ်ကောင်လာညညဆိုငို
35691 သူငယ်ချင်းကားတိုက်
21961 နင်တို့ကိုချစ်တယ်
စသည်ဖြင့်ပေါ့ အဓိပ္ပါယ်ရှိတဲ့ ၀ါကျလေးတွေဖွဲ့ပြီး မှတ်ရပါတယ်။ ပြီးရင် မျက်စိကိုမှိတ်
အာရုံစုစည်းပြီး မှတ်ရမဲ့ သူငယ်ချင်းရဲ့မျက်နှာကို မြင်ယောင်လိုက်ပါ။ ပြီးရင် သူရဲ့ဖုန်းနံပါတ် ၀ါကျလေးကို
ပါးစပ်က (၁၀) ခေါက်လောက်ရွတ်ဆိုပြီး မှတ်သားရမယ်။ အဲဒီအချိန်မှာ သူ့ဝါကျထဲက အဓိပ္ပါယ်နဲ့
သူလုပ်နေတယ်လို့ မြင်ယောင်လိုက်ပါ။
ဥပမာ- ကိုထွန်းဆိုသူရဲ့ ဖုန်းနံပါတ်ကို “သူရဲတစ်ကောင်လာ ညညဆိုငို” လို့ မှတ်ထားတယ်ဆိုရင်
ကိုထွန်းရဲ့မျက်နှာနဲ့ သူရဲကြီးတစ်ကောင် ညညမှာ လာလာငိုနေတယ်လို့ မြင်ယောင်လိုက်ရပါမယ်။
အဲဒါမှလည်း ဖုန်းနံပါတ်နဲ့ လူနဲ့မလွဲဘဲ မှတ်နိုင်ပါမယ်။ ၀ါကျဖွဲ့ရာမှာလည်း တခါတလေ အဓိပ္ပါယ်ရှိအောင်
မှတ်လို့ကောင်းအောင် အပို အက္ခရာစကားလုံးများလည်း ထည့်သွင်း မှတ်နိုင်ပါတယ်။
ဥပမာ-
“တရုပ်ကြီး ငရုပ်သီး(စပ်) ကလေးငို” လို့မှတ်ရာမှာ ကွင်းထဲက (စပ်) ဆိုတဲ့စကားလုံးဟာ
အဓိပ္ပါယ်ရှိအောင်လို့ အစားထိုးမှတ်လိုက်တာပါ။ စ (စလုံး) အတွက် သတ်မှတ်ချက်တန်ဖိုး မရှိလို့
ဒီအလုံးဟာ မှတ်ကောင်းအောင် အပို ထည့်မှတ်ထားတယ်ဆိုတာလည်း သိထားရပါမယ်။
ဒီနည်းလေးနဲ့ မှတ်သားထားရင် ဖုန်းနံပါတ်ပေါင်း ရာချီ ပြီး အလွယ်တကူနဲ့ စွဲမြဲစွာမှတ်နိုင်ပါတယ်။
ဂရုတစိုက်နဲ့ အသေအချာမှတ်သားထားရင် ဖုန်းနံပါတ်တွေဟာ တစ်ခုနဲ့တစ်ခုရောထွေးမှုမရှိဘဲ
မှတ်သားထားနိုင်တာကိုလည်း ထူးဆန်းစွာ တွေ့ရမှာပါ။
No comments:
Post a Comment