လေထန်တိုင်းသာ ပွင့်ကြွေပါမူ
ဘယ်မှာ ပန်းများ ကျန်မည်နည်း။
ဘယ်မှာ မြေကြီး ကျန်မည်နည်း။
ကျရှုံးတိုင်းသာ ငိုရပါမူ
ဘယ်မှာ မျက်ရည် ကျန်မည်နည်း။
အမှောင်တစ်ဝက် လင်းတစ်ဝက်သည်
တစ်ရက်တစ်ခါ ကြုံမြဲသာတည့်။
ဘ၀သည်ကား တိုက်ပွဲများပင်
လှုပ်ရှားရသော လူ့ရွာတောဝယ်
လင်းသော၊ မှောင်သော၊ အောင်သော၊ ရှုံးသော
မုန်းသော၊ ချစ်သော၊ သစ်သော၊ ဟောင်းသော
ကောင်းသော၊ ဆိုးသော၊ ညှိုးသော၊ လန်းသော
ကြမ်းသော၊ နုသော၊ ပူသော၊ အေးသော
စောကြောစိတ်ဖြာ မနေသာပေ။
လဲရာက ထ၊ ကျရာက တက်
ပျက်ရာက ဆောက်၊ ရှေ့သို့လျှောက်၍
ရောက်ရာဘ၀ အားမာန်ပြရင်း
ရုန်းကန်ရမည် တကား။ ။
ကဗျာဆရာ ဦးအေးငွေ
(၁၉၇၀ ခုနှစ် ဧပြီလထုတ် ငွေတာရီ မဂ္ဂဇင်း)
မူရင်း www.facebook.com/youngbuddhistassociation.mm
မှ ကူးယူဖေါ်ပြပါသည်။
No comments:
Post a Comment