ဒီတစ်ခါ ဥာဏ်စမ်းလေးကတော့ အရင်နေ့ကထက် နဲနဲ ပိုခက်မယ်နော်။ စဉ်းစားကြည့်ကြပါဦး။
အိမ်တစ်အိမ်မှာ ကလေး (၉) ယောက်ဟာ မွေးနေ့ပွဲလေး ကျင်းပနေပါတယ်။ သူတို့ရဲ့
အမည်တွေကတော့ ......
အင်္ဂါ (စဆဇဈည) သမီး များဖြစ်ကြတဲ့ -
စမ်းစမ်းအေး၊ ဆုရည်မွန် ၊ ဇင်မာဝေ
ဗုဒ္ဓဟူး (ယရလ၀) သမီးများဖြစ်ကြတဲ့ -
လဲ့လဲ့ဝင်း၊ ယဉ်ယဉ်အေး၊ ၀ါဝါ
တနင်္လာ (ကခဂဃင) သား၊သမီးများဖြစ်ကြတဲ့ -
ကေသီ၊ ခိုင်ခိုင်ဝင်း၊ ကျော်ကျော် တို့ဖြစ်ကြပါတယ်။
ကဲ ပုစ္ဆာလေး စတော့မယ်နော်........
ပေးထားချက်........
(၁) ကလေး ၉ ယောက်မှာ ၃ ယောက်က (၆) နှစ်စီ၊ နောက် ၃ ယောက်က (၇) နှစ်စီ၊
နောက် ၃ ယောက်က (ဂ) နှစ်စီ အသီးသီး ရှိကြပါတယ်။
(၂) စမ်းစမ်းအေးက သူမဟာ ဆုရည်မွန်ထက် “ငယ်သည်” ဟု ပြောပါတယ်။
(၃) ၀ါဝါ ဟာ လဲ့လဲ့ဝင်းထက် “အသက်ကြီး” ပါတယ်။
(၄) ကေသီ ဟာ ခိုင်ခိုင်ဝင်း ထက် “ငယ်” ပါတယ်။
(၅) ယဉ်ယဉ်အေး ဟာ ဇင်မာဝေ ထက် “ငယ်” ပါတယ်။
(၆) လဲ့လဲ့ဝင်း က သူမဟာ စမ်းစမ်းအေးနဲ့ “အသက်အတူတူ” ပဲလို့ ပြောပါတယ်။
(၇) ကေသီ နဲ့ လဲ့လဲ့ဝင်း တို့ဟာ “အသက်မတူ” ကြပါဘူး။
(၈) ကျော်ကျော်ကတော့ မွေးနေ့ရှင်ဖြစ်ပါတယ်။
(၉) အသက် (၆) နှစ်စီရှိတဲ့ ကလေးများဟာ မွေးနံ ခြင်း မတူကြပါ။ အသက် (၇) နှစ်စီရှိကြတဲ့
ကလေးများလည်း မွေးနံခြင်း မတူကြပါ။ အဲဒီလိုပဲ အသက် (၈) နှစ်စီ ရှိကြတဲ့ ကလေးများ
ဟာလည်း မွေးနံခြင်းမတူကြပါဘူး။ (အဓိပ္ပါယ်က အသက်တူတဲ့သူအချင်းချင်း နေ့နံချင်း
မတူကြဘူးပေါ့)
ကဲ ဒီလိုဆိုရင် အထက်က အချက် (၉) ချက်ကို အခြေခံစဉ်းစားပြီး “ကလေးတစ်ယောက်ခြင်းစီရဲ့
အသက်” တွေကိုရှာပေးရမှာပါ.......။
သူငယ်ချင်းတို့ ရှာပြီးရင် အောက်က အပြည့်အစုံဖတ်ရန် ဆိုတာလေး နှိပ်ပြီး အဖြေတိုက်ကြည့်
လိုက်ကြပါနော်။
အရင်ဆုံး အင်္ဂါသမီးများ ဖြစ်ကြတဲ့ ဆုရည်မွန်၊ စမ်းစမ်းအေး၊ ဇင်မာဝေတို့ သုံးယောက်ကို
စဉ်းစားကြည့်ပါမယ်။
ပေးထားချက် (၉) အရ သူတို့ သုံးဦးဟာ တို့ဟာ အသက်ချင်း မတူကြပါ။ ပေးထားချက် (၂)
အရ စမ်းစမ်းအေးသည် ဆုရည်မွန်ထက် “ငယ်သည်” ။ ဒါ့ကြောင့် စမ်းစမ်းအေးဟာ ၆ နှစ် သို့မဟုတ်
၇ နှစ်ဖြစ်ရပါမယ်။
အဲဒီတော့ စမ်းစမ်းအေးရဲ့ အသက်ကို ၇ နှစ်လို့ ယူဆကြည့်မယ်လေ။ ဒါဆို ဇင်မာဝေရဲ့ အသက်
၆ နှစ် (အငယ်ဆုံး အုပ်စုထဲမှာ) ဖြစ်မှာပေါ့။ ဒါပေမယ့် ပေးထားချက် (၅) အရ ဇင်မာဝေဟာ ယဉ်ယဉ်အေး
ထက် ကြီးတယ်လို့ ဆိုထားတော့ ဒီအချက်ဟာ မကိုက်ညီတဲ့အတွက် စမ်းစမ်းအေးရဲ့ အသက် ၇ နှစ်လို့
ယူဆချက်ဟာ မဖြစ်နိုင်တော့ပါဘူး။
ဒီလိုဆိုရင် စမ်းစမ်းအေးရဲ့ အသက်ကို ၆ နှစ်လို့ ပြောင်းလည်းပြီး ယူဆကြည့်ကြဦးစို့။ ဒါဆို
ပေးထားချက် (၆) အရ လဲ့လဲ့ဝင်းရဲ့ အသက်ဟာ ၆ နှစ်ပေါ့။
ဗုဒ္ဓဟူးနံအက္ခရာနဲ့ စတဲ့ မိန်းကလေး သုံးယောက် အသက်မှာ မတူရပါ။ (နေ့နံတူရင် အသက်မတူ)
လို့ ပြောထားတယ်လေ။ ပေးထားချက် (၅) အရ ယဉ်ယဉ်အေးဟာ ဇင်မာဝေထက် အသက်ငယ်ရမယ်။
ဒါ့ကြောင့် ယဉ်ယဉ်အေးဟာ ၆ နှစ် သို့မဟုတ် ၇ နှစ်ဖြစ်ရမယ်။ ယဉ်ယဉ်အေးဟာ ၆ နှစ် မဖြစ်နိုင်ပါ။
ဘာလို့လည်းဆိုတော့ သူနဲ့ နေ့နံတူတဲ့ လဲ့လဲ့ဝင်းက ၆ နှစ် ဖြစ်နေလို့ သူ(ယဉ်ယဉ်အေး)က ၇ နှစ်ပဲ
ဖြစ်ရတော့မှာပေါ့။
အခုဆိုရင် စမ်းစမ်းအေး (၆ နှစ်)၊ လဲ့လဲ့ဝင်း (၆ နှစ်)၊ ယဉ်ယဉ်အေး (၇ နှစ်) ဆိုပြီး
သုံးယောက် သိရပြီနော်။ ပေးထားချက် (၅) အရ ယဉ်ယဉ်အေး (၇ နှစ်) ဖြစ်လျှင် ယဉ်ယဉ်အေးထက်
ကြီးတဲ့ ဇင်မာဝေဟာ (၈ နှစ်)ပေါ့။ ဒါဆိုရင် ဇင်မာဝေ (၈ နှစ်)၊ စမ်းစမ်းအေး (၆ နှစ်) ဆိုရင် သူတို
နှစ်ယောက်နဲ့ နေ့နံတူတဲ့ ဆုရည်မွန်ဟာ အလိုလို (၇ နှစ်) ဖြစ်သွားပြီပေါ့။ အဲဒီလိုပဲ လဲ့လဲ့ဝင်း (၆ နှစ်)၊
ယဉ်ယဉ်အေး (၇ နှစ်) ဖြစ်ရင် ၀ါဝါ ဟာလည်း အလိုလို (၈ နှစ်) ဆိုတာ ရပြီပေါ့။
ခုဆိုရင် ဇင်မာဝေ (၈ နှစ်)၊ ဆုရည်မွန် (၇ နှစ်)၊ နဲ့ ၀ါဝါ (၈ နှစ်) ဆိုတာ ထပ်သိရပြီနော်။
နောက်သုံးယောက်ကို ဆက်စဉ်းစားကြည့်ကြဦးစို့။ ပေးထားချက် (၄) အရ ကေသီဟာ ခိုင်ခိုင်ဝင်းထက်
ငယ်တယ်လို့ ဆိုတဲ့အတွက် ကေသီဟာ ၆ နှစ် သို့မဟုတ် ၇ နှစ်ဖြစ်ရပါမယ်။ ဒါပေမယ့် ပေးထားချက်
(၇) ကိုကြည့်ရင် ကေသီနဲ့ လဲ့လဲ့ဝင်း အသက်မတူပါလို့ ဆိုထားတဲ့အတွက် ကေသီဟာ ၆ နှစ်မဟုတ်ပဲ
၇ နှစ် ဖြစ်မှာပေါ့။ ဒီတော့ ကေသီထက် အသက်ကြီးတယ်ဆိုတဲ့ ခိုင်ခိုင်ဝင်းက (၈ နှစ်) ဆိုတာ သိရပြီပေါ့။
ဒါဆိုရင် ကေသီ၊ ခိုင်ခိုင်ဝင်း တို့နဲ့ နေ့နံတူနေတဲ့ ကျော်ကျော်က ၆ နှစ်ပေါ့။
အဖြေအားလုံးကို စီကြည့်လိုက်ရင်............
၆ နှစ် ၇ နှစ် ၈ နှစ်
စမ်းစမ်းအေး ဆုရည်မွန် ဇင်မာဝေ
လဲ့လဲ့ဝင်း ယဉ်ယဉ်အေး ၀ါဝါ
ကျော်ကျော် ကေသီ ခိုင်ခိုင်ဝင်း
ဆိုတာ ရပြီပေါ့။
No comments:
Post a Comment