ရာဇ၀တ်သားကို ဘယ်လိုသတ်မှာလဲ
သူငယ်ချင်းတို့ရေ
တစ်ခါတုန်းက တိုင်းပြည်တစ်ပြည်မှာ ရှင်ဘုရင်ကြီးတစ်ပါးဟာသူ့နိုင်ငံအတွင်းကို ခိုးဝင်
လာသူမှန်သမျှကို သေဒဏ်ပေးလေ့ရှိတယ်။ သေဒဏ်ပေးခါနီးမှာ အာဏာပါးကွက်သားက
ရာဇ၀တ်သားကို မေးခွန်းတစ်ခု အမြဲမေးတယ်တဲ့။ အဲဒီမေးခွန်းရဲ့
"အဖြေမှန်ရင် ခေါင်းဖြတ်သတ်"
"အဖြေမှားရင် ကြိုးစင်တင်သတ်" လို့ အမိန့် ပေးထားသတဲ့။
ဒီလိုနဲ့ တစ်နေ့တော့ တိုင်းပြည်ကို ခိုးဝင်လာတဲ့ ရာဇ၀တ်သားတစ်ယောက်ကို
ဖမ်းမိလာတယ်ဆိုရင်ပဲ ထုံးစံအတိုင်း သေဒဏ်ပေးရမှာပေါ့။ သေဒဏ်ပေးခါနီးမှာ အာဏာ
ပါးကွက်သားက ထုံးစံအတိုင်းပဲ မေးခွန်းတစ်ခုမေးတာပေါ့။ ပါးကွက်သား မေးတာက
"မောင်မင်းကို ငါဘယ်နည်းနဲ့ သတ်မလဲ ဖြေပေတော့" လို့ မေးလိုက်ပါတယ်။
အဲဒီအခါ ရာဇ၀တ်သားက "ကျွန်တော့ကို ကြိုးစင်တင် သတ်မှာပါ" လို့ဖြေလိုက်တဲ့
အခါ အာဏာပါးကွက်သား အကျပ်ရိုက်တော့တာပေါ့။
ရာဇ၀တ်သားရဲ့ အဖြေအတိုင်း ကြိုးစင်တင် သတ်လိုက်ရင် သူ့ရဲ့ အဖြေက မှန်နေတဲ့
အတွက် ဥပဒေအရ သူ့ကို ခေါင်းဖြတ်သတ်ရမှာပါ။ ခေါင်းဖြတ်သက်ရင်လည်း သူ့အဖြေမှားတဲ့
အတွက် ဥပဒေအရ ကြိုးစင်တင်သတ်ရမှာပါ။
ကဲ ရာဇ၀တ်သားကို ဘယ်လိုနည်းနဲ့ သတ်မှာလဲ?
ကျူရှင်ဆရာကြီး ကျူရှင်လခ ရပါ့မလား
တစ်ခါက ကျောင်းပြီးကာစ ရှေ့နေပေါက်စလေးတစ်ယောက်ဟာ ၀ါရင့် ရှေ့နေကြီး
တစ်ယောက် ဖွင့်ထားတဲ့ ရှေ့နေသင်တန်းတစ်ခုမှာ ကျူရှင်တက်ချင်နေတယ်။ ဒါပေမယ့်
ခက်တာက သူက ဆင်းရဲနွမ်းပါးသူဆိုတော့ သူ့မှာ ကျူရှင်လခ ပေးစရာမရှိဖြစ်နေတယ်။
ဒါနဲ့ ကျူရှင်လခကိစ္စကို ဆရာကြီးနဲ့ သွားတိုင်ပင်တော့ ဆရာကြီးက "ကိစ္စမရှိပါဘူး ကျူရှင်လခကို
မင်းပထမဦးဆုံး လိုက်တဲ့အမှုမှာ နိုင်ခဲ့ရင် ငါ့ကို ပေးပေါ့။ အဲဒီအမှုမှာ မင်းရှုံးခဲ့ရင်တော့ ငါ့ကို
ပေးစရာ မလိုတော့ဘူး" လို့ပြောတော့ တပည့်လည်း အဲဒီအချက်ကို သဘောတူပြီး ရှေ့နေ
သင်တန်းကို တက်ခဲ့တော့တယ်။ ဒီလိုနဲ့ သင်တန်း ကာလပြီးဆုံးတဲ့ အခါမှာ ကြာကြာမစောင့်လိုတဲ့
ကျူရှင်ဆရာကြီးက "ကျူရှင်လခ ရလိုမှု"နဲ့ သူ့တပည့်ကို ချက်ချင်းပဲ တရားစွဲလိုက်ပါတော့တယ်။
အဲဒီအမှုဟာ တပည့်အတွက်တော့ ပထမဦးဆုံး အမှုပါပဲ။
ဆရာကြီးတွေးထားတာက-
(၁) ဒီအမှုမှာ ငါနိုင်ခဲ့ရင် ရုံးတော်က ချမှတ်တဲ့ အမိန့်ကြောင့် ငါဟာ ကျူရှင်လခရမှာပဲ
(၂) ဒီအမှုမှာ ငါရှုံးခဲ့ရင်လည်း ဆရာတပည့်နှစ်ယောက်ထားခဲ့တဲ့ ဂတိအရ (တပည့် ဖြစ်သူ
နိုင်သွားတဲ့အတွက်) ငါဟာ ကျူရှင်လခ ရမှာပဲ။
ဘယ်နည်းနဲ့မဆို ငါဟာ ရှုံးရှုံးနိုင်နိုင် ကျူရှင်လခ ရမှာပဲလို့ တွေးထားသတဲ့။
တပည့်ဖြစ်သူတွေးထားတာကလည်း-
(၁) ဒီအမှုမှာ ငါနိုင်ခဲ့ရင် ရုံးတော်က ချမှတ်တဲ့ အမိန့်ကြောင့် ငါဟာ ကျူရှင်လခ ပေးစရာ
မလိုတော့ဘူး။
(၂) ဒီအမှုမှာ ငါရှုံးခဲ့ရင်လည်း ဆရာတပည့်နှစ်ယောက် ထားခဲ့တဲ့ ဂတိအရ (တပည့် ဖြစ်သူ
ရှုံးသွားတဲ့အတွက်) ငါဟာ ကျူရှင်လခ ပေးစရာမလိုတော့ဘူး။
ဘယ်နည်းနဲ့မဆို ရှုံးရှုံးနိုင်နိုင် ငါဟာ ကျူရှင်လခကို ပေးစရာ မလိုတော့ဘူးလို့
တွေးပြန်ပါသတဲ့။
ကဲ သူငယ်ချင်းတို့ရေ ရာဇ၀တ်သားကို ဘယ်လိုသတ်မလဲ။
ကျူရှင်ဆရာကြီးရော ကျူရှင်လခ ရပါ့မလား။ စဉ်းစားထားကြဦးနော်........
အဖြေကြည့်ရန်အတွက် အပြည့်အစုံဖတ်ရန် မှာနှိပ်လိုက်ပါ။
သူငယ်ချင်းတို့ရေ...
ကျွန်တော်မေးခဲ့တဲ့ မေးခွန်းလေးတွေအတွက် တော်တော် ခေါင်းစားသွားကြတယ်ထင်ပ။
တကယ်တော့ အဲဒီ မေးခွန်းပဟေဠိတွေအတွက် အဖြေ မရှိပါဘူး။ အဖြေမရှိတဲ့ မေးခွန်းကို မင်းက
အရေမရ အဖတ်မရ ဘာလို့လာမေးတာလဲကွလို့ မေတ္တာပို့ရင်လည်း ခံယူဖို့ အသင့်ပါခင်ဗျား ....
တကယ်တော့ ဒီပဟေဠိလေးတွေက အရေမရ အဖတ်မရတော့ မဟုတ်ပါဘူး။ ဒီလိုပဟေဠိမျိုးကို
ယုတ္တိဗေဒ ယုံတမ်း (paradox) လို့ခေါ်ပါတယ်။ ယုံတမ်း (paradox) ဆိုတာ ရှင်းအောင် ပြောရရင်
ဟုတ်ဟုတ် မဟုတ်ဟုတ် ယုံကြရတာမျိုးပါ။ သာမန်ကြည့်ရင် မှန်တယ်ထင်ရပေမယ့် စင်စစ်မှားနေတာမျိုး၊
မှားတယ်ထင်ရပေမယ့် တကယ်တော့ မှန်နေတာမျိုး၊ အပြစ်အနာအဆာ မရှိဘူးထင်ရပေမယ့်
အသေအချာ စဉ်းစားရင် အမြီးအမောက်မတည့်တာမျိုး အဲဒီ (၃)ချက်ထဲက တစ်ချက်ချက်နဲ့ ငြိတဲ့
ဖေါ်ပြချက်၊ ပြောဆိုချက် မှန်သမျှကို ယုံတမ်းလို့ ခေါ်ဆိုနိုင်ပါတယ်။
နေရာတကာမှာ ပေါ်ပေါက်လေ့ရှိကြတဲ့ ယုံတမ်းတွေထဲက သင်္ချာ set theoryနဲ့ယုတ္တိဗေဒမှာ
ပေါ်ပေါက်တဲ့ ယုံတမ်းတွေဟာ နီးနီးကပ်ကပ် ဆက်စပ်နေတာကို တွေ့ကြရတယ်။ ယုံတမ်းတွေ
ပေါ်ပေါက်မှုကြောင့် သင်္ချာနဲ့ ယုတ္တိဗေဒကို ပစ်ပယ်ဖို့ကလည်း မဖြစ်နိုင်ပြန်ဘူး။ မပစ်ပယ်နိုင်တဲ့အပြင်
ယုတ္တိဗေဒ အုတ်မြစ်ပေါ်မှာ သင်္ချာအဆောက်အအုံကို တည်ဆောက်ဖို့တောင် ကြိုးစားနေကြလို့
၂၀ ရာစုအတွင်း သင်္ချာရဲ့ အောင်မြင်မှုကို အထွဋ်အထိပ်သို့ ပို့ဆောင်ပေးနိုင်ခဲ့ပါတယ်။ ဒါ့ကြောင့်
၂၀ ရာစုကို သင်္ချာယုတ္တိဗေဒခောတ် လို့တောင် ခေါ်ဆိုခဲ့ကြပါတယ်။
သမိုင်းမှာ အစောဆုံးတွေ့ရတဲ့ ယုတ္တိဗေဒ ယုံတမ်းကတော့ ခရိတန်လူမျိုး နိမိတ်ဖတ်ဆရာ
အက်ပိမိနိဒိ (700 BC) ရဲ့"ခရိတန်အားလုံးဟာ လိမ်ညာပြောသူများ ဖြစ်ကြတယ်" ဆိုတဲ့ စကားပါပဲ။
သူ့စကား မှန်တယ်ဆိုရင် သူကိုယ်တိုင်က ခရိတန် လူမျိုးတစ်ယောက်ဖြစ်တဲ့အတွက် သူ့စကားကို
အမှန်မယူထိုက်ဘူး။ ဆန့်ကျင်ဘက်ယူလိုက်ရင် "ခရိတန်တွေ အားလုံး မှန်တဲ့ စကားကို ပြောကြတယ်"
ဆိုတဲ့ အဆိုတစ်ရပ် ဖြစ်လာပါတယ်။ ဒါ့ကြောင့် အက်ပိမိနိဒိရဲ့ မူလအဆိုဟာ အမြီးအမောက် မတည့်တဲ့
ယုတ္တိဗေဒ ယုံတမ်း ဖြစ်နေပါတော့တယ်။
နောက်ထပ် ထင်ရှားတဲ့ ယုံတမ်းတစ်ခုကတော့ ဂရိအမျိုးသား ဆိုဖီဆရာကြီး ပရိုတာဂိုရ
(500-411 BC) ရဲ့ (ကျွန်တော် တင်ပြခဲ့တဲ့) "ကျူရှင်ဆရာကြီး ကျူရှင်လခ ရပါ့မလား" ဆိုတဲ့ ယုံတမ်း
ဖြစ်ပါတယ်။
၁၉၁၉ ခုနှစ်မှာ ဗြိတိသျှ တွေးခေါ်နဲ့ သင်္ချာပညာရှင်ကြီး ဘာထရန်ရပ်ဆယ်ရဲ့ " ရပ်ဆယ် ယုံတမ်း "
လို့ သင်္ချာနယ်မှာ နာမည်ကြီးခဲ့တဲ့ သူ့ရဲ့ ယုံတမ်းတွေထဲက " ဆံသ သမားရဲ့ အကျဉ်းအကျပ် " ကို
ဖေါ်ပြခဲ့ပါတယ်။ မြို့က ဧည့်သည် တစ်ယောက်က ရွာနေ ဆံသ သမားတစ်ဦးကို " ဒီရွာမှာ အခြား
ဆံသဆိုင် ရှိသေးသလား " လို့မေးတော့ "ဆိုင်ပြိုင် လုံးဝမရှိပါ။ ရွာသားတွေထဲက မိမိဘာသာ
ဆံပင်ညှပ်တတ်သူများကို ကျွန်တော် ဆံပင်ညှပ်မပေးပါ။ မိမိဘာသာဆံပင်မညှပ်တတ်သူများကိုသာ
ကျွန်တော် ဆံပင်ညှပ်ပေးပါတယ် " လို့ ပြန်ဖြေပါတယ်။ အဲဒီမှာ ဆံသ သမားကိုယ်တိုင် မိမိဆံပင်ကို
ပြန်ညှပ်တတ်သလားလို့ ဆက်စဉ်းစားရင် ဆံသ သမားရဲ့ စကားဟာ အပြစ်အနာအဆာ ပေါ်လာတာမို့
ယုတ္တိဗေဒ ယုံတမ်း ဖြစ်နေပါတော့တယ်။
မြန်မာ ရှေးဟောင်းပုံပြင်တွေထဲက "မယုံသူ ကျွန်ခံစတမ်း" ဆိုတဲ့ ပုံပြင်ဟာ ဒီလို ယုံတမ်း ပုံပြင်
အမျိုးစားပါပဲ။ ယုတ္တိမရှိပေမယ့် ယုံကြရတာပဲလေ။ လူတွေ နေ့စဉ် ပြောဆိုနေကြတဲ့ အထဲမှာလည်း
ယုံတမ်းတွေ ပါနေတတ်ပေမယ့် သတိမမူမိကြတော့ ယုံတမ်းတွေကို ယုံတမ်းမှန်း မသိဘဲ လက်ခံသုံးစွဲ
နေကြတာ အများအပြားပါပဲ။ ဥပမာပြောရရင်-
" ကျွန်တော်တို့ မြန်မာလူမျိုးတွေဟာ အမြဲပဲ လိမ်ညာပြောကြတယ် "
" အရာရာတိုင်းဟာ မမှန်နိုင်ဘူး "
" လူတိုင်းမသိတာကို ငါသိတယ် "
" လူတိုင်းမလုပ်တတ်တာ ငါလုပ်နိုင်တယ် "
" ကျွန်တော်ဟာ အမြဲမေ့တတ်သူပါ " စတာတွေပေါ့။
သတိမူမိသူ နည်းပါလိမ့်မယ်။ စနစ်တကျ စီစစ်ကြည့်ရင် ယုံတမ်းတွေဆိုတာ သိနိုင်ပါတယ်။ ရှင်တော်
ဗုဒ္ဓ ဟောခဲ့တဲ့" အနိစ္စ- အမြဲမရှိ " ဆိုတဲ့ စကားကိုတောင်မှ " အနိစ္စ အမြဲရှိ " လို့ ပြောင်လှောင်ပြောဆို
နေကြတာ တကယ်တော့ယုတ္တိဗေဒ ယုံတမ်းတွေပါပဲ။ ဒီနေရာမှ ကျွန်တော် စဉ်းစားကြည့်မိတာလေး
ကတော့ -
online ပေါ်မှာ အမြဲတွေ့နေရတဲ့
" နင့်ကို သိပ်ခင်တာပဲ "
" နင့်ကို အရမ်းချစ်တာပဲ "
" နင့်ကို သိပ်သတိရတာပဲ "
" နင်တစ်ယောက်ပဲ ငါ့ရင်ထဲရှိတာ "
" နင့်ကို အချိန်တိုင်း လွမ်းနေတာ "
" နင့်ကို ဘယ်လိုမှ မေ့လို့မရဘူး " ဆိုတဲ့ စကားတွေကရော
ဟုတ်ဟုတ် မဟုတ်ဟုတ် ယုံရတဲ့ ယုံတမ်း (paradox) တွေများ ဖြစ်နေမလား ..........
ကျွန်တော့အတွက်နဲ့ ခေါင်းရှုပ်သွားကြတဲ့ သူငယ်ချင်းများကို အများကြီး တောင်းပန်လိုက်ပါရဲ
No comments:
Post a Comment