Thursday, August 15, 2013

အမြတ်ခွန်ဝန်ထောက်နှင့် ကဗျာအကြောင်း ဆွေးနွေးခြင်း


        သူငယ်ချင်းတို့ရေ

မီးက ခဏခဏပျက်၊ လိုင်းကမကောင်း၊ အလုပ်က 

မအားနဲ့ဆိုတော့ ရေးစရာက

ခေါင်းထဲမှာ ဘာမှ မတွေးနိုင်ဘူးဗျာ။ မရေးဘဲလည်း မနေနိုင်။ ဒီတော့

ကိုယ့်ဟာရေးစရာမရှိလည်း သူများဟာရေးရတာပ ဆိုပြီး.....

ရုရှား ကဗျာဆရာ ဗလာဒီမာရ် ရောဗစ်ခ်ျ မာယာကော့ဖ်စကီးယ် 

(1893-1930) ရဲ့

ကဗျာလေးတစ်ပုဒ်ကို ရှာဖွေ မျှဝေလိုက်ရပါတယ်ဗျာ။

ဒီကဗျာကို ဘာသာပြန်သူကတော့ ဆရာ မောင်သာနိုးပါ။

xxxxxxxxxxxxxxxxxxxxx

အမြတ်ခွန်ဝန်ထောက်မင်းနှင့် ကဗျာအကြောင်းဆွေးနွေးခြင်း



လူကြီးမင်း အမြတ်ခွန်ဝန်ထောက်မင်း

နှောင့်ယှက်ရတဲ့အတွက် ခွင့်လွှတ်ပါ။



ကျေးဇူးတင်ပါတယ်

ဒုက္ခမရှာပါနဲ့

    ကျုပ်နေပါ့မယ် မတ်တတ်ပဲ ...

ကျုပ် ခင်ဗျားဆီလာရတဲ့

ကိစ္စက

သိမ်မွေ့တဲ့သဘောရှိသဗျာ။



အလုပ်သမား အဖွဲ့အစည်းမှာ

ကဗျာဆရာရဲ့

နေရာ အကြောင်းပါပဲ။



စပါးကျီတို့ ကုန်ပစ္စည်းတို့

ပိုင်ရှင်များနဲ့ တတန်းတစား

ကျုပ်မလဲ အခွန်ပေးနေရ

ဒဏ်ဆောင်နေရသဗျား။



ခင်ဗျားတို့က ကျုပ်ဆီက

တောင်းထားကြတယ်

နှစ်ဝက်တွက် ငါးကျပ်တဲ့။



မပေးဆောင်ဖြစ်တဲ့အတွက်က

နှစ်ဆယ့်ငါးကျပ်တဲ့။



ကျုပ်လုပ်ငန်းကလည်း

တခြားတခြား လုပ်ငန်းများနဲ့

အတူတူပါပဲ။



ကြည့်လေဗျာ

ဘယ်လောက် ကျုပ်ဆုံးရှုံးထားရသလဲလို့

ကျုပ်ထုတ်လုပ်မှုမှာ

ဘယ်ကလောက်

အကုန်အကျ များထားရသလဲ။



ကုန်ကြမ်းမှာလည်း

ဘယ်လောက်သုံးထားရသလဲလို့။



ခင်ဗျား သိပြီးဖြစ်မှာပါပဲ

“ကာရန်” ဆိုတဲ့ အချင်းအရာလေ။



ဆိုပါစို့ဗျာ တစ်ပါဒမှာ

အဆုံးသတ်ထားတဲ့ စကားလုံးက

“ထိန်းသိမ်း”

အဲဒီတင် တခြားပါဒမှာ

အက္ခရာကို ထပ်တွန့်ပြီး ကျုပ်တို့ခမြာ

ဟောသလိုမျိုး

ရေးချလိုက်ရတော့တယ်

“စိန်ပလိန်တိန်ဂွိမ်း”

ခင်ဗျားတို့စကားနဲ့ ပြောရင်တော့

ကာရန်ဆိုတာ

ငွေလွှဲစာချုပ်ပေါ့။



တစ်ပါဒခြားမှာ အစွမ်းပေါ်ရမယ်

ဒါ စည်းကမ်းပေါ့။



ရှာရပြီ

နောက်ဆက် ၀ိဘက် အကြွေကလေးကိုပဲ

နာမ်ဝိဘတ်သွယ်

ကြိယာဝိဘတ်သွယ်

       ငွေသေတ္တာပျက်ကြီးထဲ။      ။



ဒီစကားလုံးကို ပါဒထဲ

စမ်းထည့်သွင်းကြည့်

ကိုယ်တော်ချောက အံမ၀င်

တအားထည့်တော့ ကွဲရော။



လူကြီးမင်း အမြတ်ခွန်ဝန်ထောက်မင်း

အလေးအနက် ပြောပါရဲ့

ကဗျာဆရာအဖို့

စကားလုံးတွေဟာ ပြားစေ့နဲ့ချီပြီး ကုန်ကျသနော်။



ကျုပ်တို့စကားနဲ့ ပြောရရင်တော့

ကာရန်ဆိုတာ

စည်ပိုင်းပဲ။



ဒိုင်းနမိုင်းစည်ပိုင်း၊ ပါဒက

စနက်တံပေါ့။



ပါဒကို တငွေ့ငွေ့လောင်သွား

ပါဒ ပေါက်ကွဲသွား။



မြို့တော်ကြီး မိုးယံ

     ကဗျာတစ်ပုဒ်ကြောင့် လွင့်ပျံသွားရော။      ။



ဘယ်မှာများ ဘယ်လို

အခွန်နှုန်းနဲ့များ တွေ့ရလိမ့်မလဲ

ချိန်လိုက်တာနဲ့

တစ်ခါတည်း လဲသေစေနိုင်စွမ်းတဲ့ ကာရန်များ။



မပြောတတ်ဖူး

မတွေ့ကြုံဖူးသေးတဲ့

ကာရန် ငါးခုလောက်

ဗင်နီဇွဲလားမှာများ

ကျန်သေးလေမလား။



ဒါနဲ့ ကျုပ်ကို

အအေးရပ်ရော အပူရပ်ကပါ

ဆွဲခေါ်နေပြီလေ။



ပြေးရပေါ့ ကျုပ်ခမြာ

စရံတွေ ချေးငွေတွေ ထွေးလားရစ်ပတ်လို့။



လူကြီးမင်းရဲ့ ကြည့်စမ်းဗျာ

ခရီးစရိတ် အကုန်အကျတွေ။



ကဗျာဆိုတာ အားလုံးပါပဲ

    မသိတဲ့အရပ်ဆီ ခရီးသွားခြင်းပေကိုး။      ။



ကဗျာဆိုတာ ရေဒီယံ တူးဖေါ်တာလည်း ဟုတ်ကဲ့။



တစ်ဂရမ်လေး တူးဖေါ်ရဖို့အရေး

တစ်နှစ် အလုပ် လုပ်ရပါကြောင်း။



စကားလေး တစ်လုံးအတွက်

သုံးလိုက်ရတာကလည်း

စကားလုံး သတ္ထုအရိုင်း

       တန်ချိန် အထောင်အသောင်း။      ။



ဒါပေမယ့် ဘယ်ကလောက်

ပြာကျသွားစေနိုင်လဲ

ဒီစကားလုံးတွေရဲ့ မီးလျှံဟာ

စကားလုံး ပစ္စည်းကြမ်းတို့ရဲ့

တငွေ့ငွေ့လောင်မှုနဲ့

ယှဉ်လိုက်တဲ့အခါများ။



ဒီစကားလုံးတွေက

နှစ်အထောင်အသောင်းမှာ

နှလုံးသား အသိန်းအသန်းကို

       လှုပ်ကြွလာအောင် ဆောင်ကျဉ်းတာလား။        ။



ဟုတ်တာပေါ့

ကဗျာဆရာဆိုတာလည်း အမျိုးမျိုးရှိသပ။



ကဗျာဆရာ ခပ်များများဟာ

အကိုင်အတွယ် ရော့တိရဲတဲ့

မျက်လှည့်ဆရာလို

စာကြောင်းတွေကို

ပါးစပ်ထဲက ဆွဲထုတ်ကြ

ကိုယ့်ပါးစပ်ကရော

        သူများပါးစပ်ရောပါပဲ။      ။



ဘာပြောရမလဲ

အလင်္ကာ သင်းသတ်ခံတွေအကြောင်းတော့။



သူတစ်ပါး စာကြောင်းလေး

ကူးထည့်ပြီး အူမြူး

ဒါ ရိုးနေတဲ့

ခိုးဝှက်မှု၊ အလွဲသုံးစားမှုပဲပေါ့

ဟောဒီ ကနေ့ခေတ်

ကဗျာတွေ တမ်းချင်းတွေဟာ

လက်ခုပ်သြဘာသံတွေထဲမှာ

ဟစ်အော် ငိုရှိုက်ရင်းနဲ့ပဲ

ဆင်းသွားပါလိမ့်မယ်။



ရာဇ၀င်ထဲကို

ကျုပ်တို့လက်ရာ

နှစ်ခု သုံးခုလောက်ရဲ့

           အပေါ်ယံ ကုန်ကျစရိတ်အဖြစ်နဲ့ပဲ။       ။



ဆိုရိုးရှိတဲ့အတိုင်း ဆားကလည်း

ပိဿာတစ်ဆယ်

စားရတယ်

စီးကရက်အလိပ်တစ်ရာ ဖွာရသဗျား။



ဒါမှ

လူသားအ၀ီစိတွင်း အနက်အရှိုင်းထဲကနေ

အဖိုးတန် စကားလုံးကို

        တူးဖေါ်နိုင်တာကလား။       ။



ဒီတော့ ချက်ချင်းပဲ အမြတ်ခွန်

       လျော့နည်းသွားသင့်ပြီပ။      ။



ဖြုတ်ပစ်ဗျာ အခွန်ကျသင့်ငွေထဲက

သုညလှည်းဘီးများ။



စီးကရက်တစ်ရာအတွက်က

တစ်ရူဘယ်လ်ပြားကိုးဆယ်ဗျ။



ဆားဖိုးက

           တစ်ရူဘယ်လ်ပြားခြောက်ဆယ်လား။         ။



ခင်ဗျားတို့ ပုံစံထဲမှာ

မေးခွန်းတွေက တစ်ပုံကြီး။



“ခရီးထွက်ဖူးပါသလော၊

ခရီးမထွက်ဖူးဘူးလော” တဲ့။



နို့ တကယ်လို့ ကျုပ်

ပဲကာဆော့ ဆယ်စီး

ကုန်ခဲ့တဲ့ ၁၅ နှစ်အတွင်း

            အမောဆို့စေခဲ့ပြီဆိုရင်ကော။           ။



ပြီး ရှိသေး

(ကျုပ်နေရာ ၀င်ကြည့်ဗျာ)

ဟောဒီ ထောင့်နားမှာက

အစေခံတို့

ကိုယ်ပိုင်ပစ္စည်းတို့ ရှိသလောတဲ့။



နို့ တကယ်လို့ ကျုပ်

ပြည်သူလူထုခေါင်းဆောင်၊

တစ်ချိန်တည်းမှာပဲ

ပြည်သူလူထု အစေခံဆိုရင်ကော။



လူတန်းစားဟာ

ကျုပ်တို့ စကားလုံးတွေကနေ

စကားပြောတယ်။



ကျုပ်တို့ ပစ္စည်းမဲ့တွေဟာ

ကလောင်ကို မောင်းနှင်သူတွေပဲ။



စိတ်ဝိညာဉ်

ယန္တရားကို နှစ်တွေနဲ့အမျှ

ပွန်းပဲ့ယိုယွင်းစေတယ်။



ပြောကုန်ကြပြီ

“အဟောင်းစင်ဟေ့၊

သူ ရေးအားခန်းနေပြီ

          တော်လောက်ပါပြီ” တဲ့။       ။



ချစ်နိုင်စွမ်းလျော့လို့သာ လာတယ်

ရေးနိုင်စွမ်း လျော့လို့သာ လာတယ်

ကျုပ်နဖူးကို

အချိန်က တအားဖျက်ချေနေပေါ့။



ရောက်လာနေပြီ

တန်ဖိုးကျဆင်းမှုများထဲမှာ ကြောက်စရာအကောင်းဆုံး

နှလုံးသားနဲ့ ၀ိညာဉ်တို့ရဲ့

         တန်ဖိုးကျဆင်းမှုရယ်ပေါ့။        ။



ဟောဒီ နေ၀န်းဟာ

သူတောင်းစားမယ့် အကျိုးအပဲမဲ့တဲ့

အနာဂတ်အပေါ်

ဝဖြိုးဖြိုး ၀က်တစ်ကောင်လို

တွန်းတက်လာတဲ့အခါ

ကျုပ်ရောင်းရင်း

ဆယ်ယောက်လောက်နဲ့

အတူတူ၊

ဝင်းခြံအောက်မှာ

ကျုပ် သေလို့

ပုပ်ဆွေးနေရော့မှာပေါ့။



ကျုပ်ရဲ့ သေလွန်ပြီးနောက်

ငွေစာရင်းကို ချုပ်လိုက်ပေတော့။



ကျုပ်ကြေညာတယ်

ကျုပ်သိတယ်

မလိမ်ပါဘူး

ကနေ့ခေတ်

စီးပွားရေးသမားတွေ

လူနပ်ချမ်းသာတွေကြား

ကျုပ်သာပဲ တစ်ယောက်ထဲ

မလူးလွန့်သာ အကြွေးပဲ နစ်နေသူတစ်ဦး။



ကျုပ်တို့အကြွေးက

လူနုံလူသိမ် နှင်းမြူကြား

ပွက်ပွက်ဆူ မုန်တိုင်းကြား

ကြွေးလည်ပင်းနှင့် ခရာလို

ဟစ်ကြွေးကြဖို့ပဲ။



ကဗျာဆရာဆိုတာ

အမြဲတမ်း

စကြ၀ဠာကို ကြွေးတင်နေသူ

အတိုးနဲ့ ဒဏ်ငွေကို

ဆင်းရဲဒုက္ခနဲ့

ပေးဆပ်နေရသူပါပဲ။



ကျုပ် ကြွေးတင်နေတယ်

ဘရော့ဒ်ဝေး မီးရောင်တို့ဆီမှာ၊

အသင်

ဘာ့ဂီဒါဒီ ကောင်းကင်တို့ဆီမှာ၊

တပ်နီတော်ဆီမှာ၊

ဂျပန်ပြည်ရဲ့ ချယ်ရီပန်းတို့ဆီမှာ၊

သူတို့အကြောင်း

မရေးဖြစ်သေးတဲ့

အားလုံးဆီမှာပါပဲ။



နို့ ဘာကြောင့်

ယေဘုယျသဘော

ဒါလောက် မွှန်းနေရတာတုန်း။



ကာရန်နဲ့ချိန်ပြီး

ရစ်သမ်နဲ့ ဒေါသူပုန်ထစေဖို့လား။



ကဗျာဆရာရဲ့ စကားလုံးဟာ

ခင်ဗျားတို့ရဲ့ ရှင်သန်ထမြောက်ခြင်း၊

ခင်ဗျားတို့ရဲ့ သေခြင်းမဲ့ဘဝ

         လူကြီးမင်း ဗျူရိုကရက်ကြီးများ။        ။



ရာစုနှစ်တွေကြာပြီးနောက်

စက္ကူဘောင်ထဲကနေ

စာတစ်ကြောင်းကို ထုတ်ယူ

အချိန်ကို ပြန်လှည့်ပေး။



ထွက်လာပါလိမ့်

ဟောဒီနေ့ဟာ

အမြတ်ခွန်ဝန်ထောက်တွေနဲ့

အံ့ဖွယ် အရောင်အ၀ါနဲ့

           မင်းနံ့က သင်းသင်းကလေး။          ။



ကနေ့ခေတ်မှာ

စွဲမြဲယုံကြည် နေထိုင်သူကြီးရေ့

သေခြင်းမဲ့ဘ၀သွား လက်မှတ်

အင်ကာဘဲအက်မှာ

ယူထားချေခင်ဗျ။



ပြီး ကဗျာရဲ့

ထိရောက်မှုကို တွက်ချက်ပြီး

ချထားပါလေ

နှစ်သုံးရာတွင်း

         ကျုပ်ရမယ့် လုပ်ခ။          ။



ဒါပေမယ့် ကဗျာဆရာရဲ့ ခွန်အားဟာ

ဒါတင် မဟုတ်သေးပါ။




ကိုယ့်ကို သတိရပြီး

အနာဂတ်မှာ ကျို့ထိုးမှာကြောင့်ထင်

မဟုတ်သေး။



မဟုတ်ဖူး

ကနေ့ခေတ်မှာကိုပဲ

ကဗျာဆရာရဲ့ ကာရန်ဟာ

ယုယမှုလည်း ဟုတ်၊

ကြွေးကြော်သံလည်းဟုတ်၊

လှံစွပ်လည်း ဟုတ်၊

ကျာပွတ်လည်း ဟုတ်ရဲ့။



လူကြီးမင်း အမြတ်ခွန် ၀န်ထောက်မင်း၊

ကျုပ် ငါးကျပ်ပေးမယ်ဗျာ၊

ဂဏန်းထဲက

သုညတွေ

အကုန်ဖျက်ပစ်လိုက်ပါတော့။



ကျုပ်

အခွင့်အရေးအရ

တောင်းဆိုလိုက်တယ်၊ တစ်နေရာပေးပါ

အဆင်းရဲဆုံး

အလုပ်သမား

          လယ်သမားတို့ ကြားမှာပေါ့။         ။



ပြီး တကယ်လို့

ခင်ဗျားတို့ အထင်မှာ

ဒီ ကဗျာအလုပ်အားလုံးဟာ

ဒါ သူတပါး စကားလုံးတွေနဲ့
 
အလုပ်ဖြစ်နေတာပဲဆိုရင်

ရော့ဗျာ

ရဲဘော်တို့

ကျုပ်ရဲ့ ကလောင်တံ။



ကိုယ်တိုင်ပဲ

ရေးကြည့်

          နိုင်ကြပါကြောင်း။       ။





မောင်သာနိုး

(ဘာသာပြန်သူ)



မိုးဝေ မဂ္ဂဇင်း ၊  ဇွန်၊  1971






No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...