ဒီနေ့ တင်ပြမှာလေးကတော့ အခြေခံပညာ အဆင့် ကျောင်းသား/သူ များအတွက် အထောက်အကူပြု
အမြှောက်၊ အစား အမြန် ချိန်ကိုက်နည်းလေးပါပဲ။ ဒီနည်းလေးဟာ ကိန်းဂဏန်း ကြီးကြီးမားမား တွေနဲ့
မြှောက်၊ စားထားတဲ့ ပုစ္ဆာတွေကို အချိန်တိုတို၊ လွယ်လွယ်ကူုကူနဲ့ ကိုယ့်အဖြေမှန် မမှန်ကိုချိန်ကိုက်ကြည့်
တဲ့ နည်းကလေးပါ။ စာမေးပွဲခန်းထဲမှာ အသုံးတည့်တဲ့ နည်းကလေးပါ။
ပထမဆုံး လေ့လာရမှာကတော့ "တစ်လုံးတည်း ဂဏန်း" ဆိုတာကို အရင်လေ့လာရပါမယ်။
တစ်လုံးတည်းဂဏန်း ဆိုတာ ကိန်းတစ်ခုကို တစ်လုံးတည်းရသည်အထိ ဆက်ဆက်ပေါင်းလို့ ရလာတဲ့
ဂဏန်းကို ခေါ်တာပါ။ ပုစ္ဆာတွေကို ချိန်ကိုက်ရာမှာ ဒီ တစ်လုံးတည်း ဂဏန်းကို အသုံးချပြီး ဖြေရှင်းရတာမို့
ဒီတစ်လုံးတည်း ဂဏန်းဟာ အရေးကြီးပါတယ်။
ကဲ စလိုက်ရအောင်
ဥပမာ- 987405 ရဲ့ တစ်လုံးတည်း ဂဏန်းကို ရှာမယ်ဆိုရင်
987405 ကို အားလုံးပေါင်းလိုက်ပါ။ 33 ရပါတယ်။ အဲဒီ 3 နဲ့ 3 ကိုပြန်ပေါင်းရင် 6 ရပါတယ်။
အဲဒီ 6 ဟာ 987405 ရဲ့ တစ်လုံးတည်းဂဏန်းပါပဲ။
ဒီထက် မြန်အောင် ရှာချင်ရင် နောက်ကနေ (၂) လုံးစပေါင်း၊၊ ပေါင်းလို့ရလာတဲ့ ပေါင်းလဒ်နဲ့
ရှေ့အလုံးနဲ့ ဆက်ပေါင်း။ အဲဒီမှာ ပေါင်းလဒ်ဟာ နှစ်လုံးဖြစ်သွားရင် တစ်လုံးတည်းဖြစ်သွားအောင်
ပြန်ပေါင်းပါ။ အဲလိုနဲ့ ဆက်ဆက်ပေါင်းသွားရင်လည်း ရပါတယ်။
ဥပမာ ကြည့်ပါ-
987405 ကို နောက်ကနေ (၂)လုံး စပေါင်းမယ်။
5 + 0 = 5 ၊ အဲဒီ ပေါင်းလဒ် 5 ကို ရှေ့က 4 နဲ့ဆက်ပေါင်းရင် 4 + 5 = 9 ရပါတယ်။
အဲဒီ ပေါင်းလဒ် 9 ကို ရှေ့က 7 နဲ့ ဆက်ပေါင်းပါမယ်။ 9 + 7 = 16 ပါ။ ဒီနေရာမှာ ပေါင်းလဒ်ဟာ
နှစ်လုံးဖြစ်သွားတဲ့အတွက် 1 နဲ့ 6 ကို ပြန်ပေါင်းရပါမယ် ဒါဆို 1 + 6 = 7 ပေါ့။
အဲဒီ ပေါင်းလဒ် 7 ကို ရှေ့က 8 နဲ့ ဆက်ပေါင်းပါ 7 + 8 = 15 ရမယ်။
ဒီမှာလည်းပေါင်းလဒ်က နှစ်လုံးဖြစ်သွားတဲ့အတွက် 1 နဲ့ 5 ကို ပြန်ပေါင်းရင် 6 ရပါမယ်။
အဲဒီ ပေါင်းလဒ် 6 ကိုရှေ့က 9 နဲ့ ဆက်ပေါင်းရင် 6 + 9 = 15 ပါ။ 1 နဲ့ 5 ကို ပြန်ပေါင်းရင်
6 လို့ရပါတယ်။ဒီ ပေါင်းလဒ် 6 ဟာ စောစောက အားလုံးပေါင်းပြီး ရှာတဲ့အဖြေ 6 နဲ့ အတူတူပါပဲမို့လား။
ဒီထက်မြန်တဲ့နည်း ရှိသေးတယ်-
အဲဒါကတော့ အဲဒီလို ဂဏန်းတွေကို ပေါင်းလာရင်းနဲ့ ပေါင်းလဒ်ဟာ 9 ဖြစ်သွားတဲ့အချိန်မှာ
(ဘယ်အချိန်မှာဖြစ်ဖြစ်) အဲဒီ ပေါင်းလဒ်တွေကို ချန်ထားခဲ့ပြီး ရောက်တဲ့နေရာကနေ ပြန်စပြီး
ပေါင်းနိုင်ပါတယ်။ ပြီးတော့ ပေါင်းရမယ့် ကိန်းစဉ်တန်းထဲမှာ 9 ဂဏန်း ပါနေရင်လည်း အဲဒီ 9 ဂဏန်းကို
မပေါင်းဘဲ ကျော်သွားလို့ရပါတယ်။ ဆိုလိုတာက ကြည့်ပါ-
987405 ကို နောက်ကနေ စပေါင်းမယ်။
5 + 0 = 5 အဲဒီ ပေါင်းလဒ် 5 ကို ရှေ့က 4 နဲ့ပေါင်းရင် 5 + 4 = 9
ဒီနေရာမှာ ပေါင်းလဒ်ဟာ 9 ဖြစ်သွားတဲ့အတွက် 4 ၊ 0 ၊ 5 သုံးလုံးပေါင်းလဒ်ကို ယူစရာ မလိုတော့ပါဘူး
ရှေ့ဆက်အစကနေ ပြန်ပေါင်းရုံပါပဲ။ ရှေ့ဆက်ပေါင်းရင် 7 + 8 = 15 ရပါမယ်1 နဲ့ 5 ကို ပြန်ပေါင်းရင် 6
အဲဒီ ပေါင်းလဒ် 6 ကို ရှေ့က 9 နဲ့ ဆက်ပေါင်းရင် 6 + 9 = 15 ရမယ်။ 1 နဲ့ 5 ကို ပြန်ပေါင်းရင်
6 ပဲ ပြန်ရမယ်။ အခု နောက်ဆုံးပေါင်းခဲ့တဲ့ 6 + 9 = 15 အဆင့်မှာ 9 ဂဏန်းကို မပေါင်းဘဲ
ချန်ထားခဲ့ရင်လည်း အဖြေဟာ 6 ပဲ ရမှာပါပဲ။ အတူတူပဲနော်။
ခေါင်းရှုပ်သွားပြီလား အစကနေ တစ်ခေါက်လောက် ဖြေးဖြေးပြန်စဉ်းစားပြီး ဖတ်ကြည့်ပါ မခက်ပါဘူး
စာနဲ့ရှင်းပြနေရလို့ ရှည်ပြီး ရှုပ်တယ် ထင်နေရတာပါ။ သေသေချာချာဂရုစိုက်လိုက်ရင်လွယ်လွယ်လေးပါ။
ကဲ ဒီလိုဆို သူငယ်ချင်းတို့ "တစ်လုံးတည်း ဂဏန်း" ကို ပိုင်ပိုင်နိုင်နိုင် ရှာနိုင်ပြီလို့ ယူဆလိုက်တော့
မယ်နော်
ဒါဆိုရင် ပုစ္ဆာတွက်ကြည့်ရအောင်-
987405 ကို 39 နဲ့ မြှောက်ပါမယ်
987405 တည်ကိန်း
x 39 မြှောက်ကိန်း
-----------
38508795 မြှောက်လဒ်
ဒီနေရာမှာ တည်ကိန်း၊ မြှောက်ကိန်း၊ မြှောက်လဒ်တို့ရဲ့ တစ်လုံးတည်းဂဏန်းတွေကို
ရှာထားရပါမယ်။
တည်ကိန်း 987405 ရဲ့တစ်လုံးတည်းဂဏန်း = 6 (ရှာပြီး)
မြှောက်ကိန်း 39 ရဲ့ တစ်လုံးတည်း ဂဏန်း = 3 + 9 = 12 ပြန်ပေါင်းရင် 3
မြှောက်လဒ် 38508795 ရဲ့ တစ်လုံးတည်းဂဏန်း = 45 ပြန်ပေါင်းရင် 9 ရပါတယ်
ပုစ္ဆာအရ ညီမျှခြင်းရေးရင်
တည်ကိန်း x မြှောက်ကိန်း = မြှောက်လဒ် ဒီလိုမဟုတ်ဘူးလား
အဲဒီ ညီမျှခြင်းမှာ စောစောက ရှာထားတဲ့ တစ်လုံးတည်း ဂဏန်းတွေကို အစားထိုးလိုက်ရင်
တည်ကိန်း x မြှောက်ကိန်း = မြှောက်လဒ်
တစ်လုံးတည်းဂဏန်း တစ်လုံးတည်းဂဏန်း တစ်လုံးတည်းဂဏန်း
6 x 3 = 9
18 = 9
1 နဲ့ 8 ပြန်ပေါင်း 9 = 9
ရလာတဲ့ ပုံစံဟာ အဲဒီလို ညီမျှခြင်းဘယ်ဘက်နဲ့ ညာဘက် တန်ဖိုးခြင်း တူသွားရင် သင်တွက်ခဲ့တဲ့
ပုစ္ဆာဟာ အဖြေမှန်ပါတယ်။ ဘယ်ဘက်နဲ့ ညာဘက် တန်ဖိုးခြင်း မတူရင်တော့ တစ်နေရာရာမှာ လွဲနေပြီ
ဆိုတာ သိနိုင်ပါတယ်။
ကဲ ဒီနေ့တော့ ဒီလောက်ပါပဲ။ အစားချိန်ကိုက်နည်းကိုလည်း ဆက်လက်တင်ပြပေးပါဦးမယ်။
သိပ်ရှည်လွန်းပြီး ခေါင်းရှုပ်သွားမှာစိုးလို့ပါ။ အခုတော့ ဒီနည်းလေးကိုပဲ ပြန်ကြည့်ပြီး နောက်ထပ်
ပုစ္ဆာအသစ်ကလေးတွေ ကိုယ့်ဟာကိုယ် ဖန်တီးပြီး လေ့ကျင့်တွက်ထားလိုက်ပါဦးနော်။
No comments:
Post a Comment