Saturday, August 10, 2013

ကျေးလက်င်္သချိုင်းက ညနေတေး

အသည်းခိုက်ဖွယ် နိမိတ်ပုံတွေကလည်း တင်းကြမ်းပါပဲ။

မလှမ်းမကမ်းက

ဝတ်တက် ခေါင်းလောင်းသံ (၇) ချက်

အနောက်ကျောင်းဘက်ဆီက ထင်ရဲ့။


အိပ်ချင်စရာ လေးတွဲ့

အဝေးစေတီရဲ့ ဆည်းလည်းသံ တချွင်ချွင်

ကိုရင်စံခရဲ့ နွားရိုင်းသွင်းသံ

ကျေးငှက်တို့ရဲ့ အိပ်တန်းတက် နှုတ်ဆက်သံ

သစ်ရွက်ခြောက်ကြွေပေါ် လျှပ်တိုက် ငါ့ခြေသံ

မြေ၀ပ် အိပ်ယာထဲက သူတို့ကို မနှိုးနိုင်တော့ပြီ။


အ၀င်ဝက လှမ်းမျှော်ကြည့်မိ

ဟိုမှာ တစ်ယောက်

အလျှံညီးတောက်လောင်

အုတ်ဆက်ပေါ် ထုပ်ဘောင်ပြုတ်ကျ

ဘ၀ချုပ်ခဲ့ရတဲ့ ကိုတောက်ထွန်း

ခုတော့.... တဲမီးတင်မက ဘ၀မီးပါ ငြိမ်းခဲ့ပေါ့။

 
လမ်းကြိုလမ်းကြား ဈေးတလျားမှာ

ပြေးလွှားအော်ဟစ်

ဝစ်လစ်စလစ်နဲ့ တွေ့ကရာ ကောက်စား

အရူးပါး အေးမူ

ဆေးမကူပဲ ရောဂါ ပျောက်ခဲ့ပြီ။

 
ထွန်တုံးဖြုတ်သူဖြုတ် ချွေးသုတ်သူ သုတ်နဲ့

ဘရဲ့ လက်မောင်းတုတ်တုတ်မှာ

ကလေးတွေ ဟီးလေးခို

ကြိုဆိုကြ ဘရဲ့ မနက်

(ဒေါ်ကြီးပိုရယ်....)

ခုများ... ထမင်း ဘယ်သူ ချက်ပါ့မယ်။

 
တမာ၊ ညောင်တန်းအောက်က

ကိုယ့်အခန်းနဲ့ ကိုယ် အိပ်နေကြတာ

ရိုင်းပြ တို့ဘိုးဘွားတွေပါ

သူတို့ရဲ့ ဂူထိပ်မှာ ဆုတံဆိပ်တွေ မရှိခဲ့ပါဘူး

နွားကျောင်းသားတွေ ချိတ်ခဲ့

ကျွပ်ကျွပ်အိပ် တွန့်ကြေ လေမှာ အောင်လံနှယ်

မြေ၀ယ် ပြတ်ဝတ် အလေးပြုကြ မြက်ပင်တို့သာ။

 
မလှောင်ကြပါနဲ့ ဓနရှင်တို့

သင်တို့ရဲ့ ဂုဏ်ဘ၀ကို ဖြတ်ကျော်ခဲ့ရင်

ဒီလို ဒီမှာ အဆုံးသတ်ကြရမကွဲ့။

 
ခမ်းနား ဈာပန၊ လှပပြာအိုး

သာသာထိုးထိုး ဖွဲ့ဆို ဂုဏ်ဒြပ်

မတ်ရပ် ရုပ်ထုတို့ကရော

သင်တို့ရဲ့ ခန္ဓာအိမ်မှာ ၀ိဥာဏ်ပြန်ဝင်စေနိုင်မတဲ့လား

မေ့ခြင်းရဲ့ သားကောင် သေသူတွေ။

 
သြော်...

လယ်တီထေရ် စကား ကြားယောင်မိတယ်။

''တစ်နေကွယ် သေနယ်သို့ တစ်ခါကူး

မေ့မျောကာနေ သေဘူးထင်လိုက်ပါနဲ့

နေကွယ်တာ အကြိမ်များလျှင်

သေနယ်ရွာ တစ်ကြိမ်သွားရမယ်ကွယ် တားမရဘူး''

                                                              လေးစားစွာဖြင့်

                                                                ကိုသန်းဇော်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...