Tuesday, August 13, 2013

မှားမှန်ရောထွေး ကျန်းမာရေး

 
                    ကျွန်တော်တို့ရဲ့ ခန္ဓာအိမ်ကြီးမှာ အရိုးတွေက အမာခံတိုင်တွေ၊တန်းတွေ၊အဆုတ်က

 လေ၀င်လေထွက်စနစ်၊ ဦးနှောက်က ဖြူးစ်ဘောက်၊ အူသိမ်အူမတွေက မိလ္လာပိုက်လိုင်း၊ ပါးစပ်က

ချက်ပြုတ်တဲ့နေရာ၊ နှလုံးကတော့ ရေတိုင်ကီ၊ ဆံပင်တွေ အမွှေးအမျှင်တွေက မြက်ခင်း (တစ်ချို့ကတော့

တောထူတာပေါ့)၊ အဆီတွေကတော့ အိမ်ရှင်မက သွားပစ်ချေလို့ ပူညံပူညံလုပ်နေတဲ့ အမှိုက်ထုပ်တွေ

ဆိုပါတော့။ ခင်ဗျားက မီးလုံးလေး ကျွမ်းတာ လောက်နဲ့တော့ မီးပြင်သမား မခေါ်သလို နောက်ဖေး

ပိုက်လေး နဲနဲပိတ်ရင်လည်း ကိုယ့်ဟာကိုယ် ကြည့်လုပ်လိုက်တာပဲ မဟုတ်လား။ အဲ တကယ် ပျက်ပြီ

ဆိုရင်တော့ ဦးနှောက်ခြောက်ပြီ၊ မခက်ပါဘူးဗျာ။ ဒါကိုဖတ်ကြည့် ခင်ဗျား ခန္ဓာအိမ်ကြီးအကြောင်း

ခင်ဗျားသိရင် တော်တန်ရုံ ပြဿနာ မရှိပါဘူး။
   
၁။ ဦးနှောက်သန်စွမ်းဖို့ ၀ိတ် မရမည်။
 

           မှန်ပါတယ်။ စိတ်ရှုပ်မသွားပါနဲ့ ဟန်ချက်ညီအောင် ထိန်းနိုင်တယ်ဆိုတာ ဦးနှောက်သန်စွမ်းမှု

လက္ခဏာတစ်ခုပါပဲ။ ဘာဝိတ်မှ မပါဘဲ ခန္ဓာကိုယ် ဟန်ချက်ညီအောင် ဒီအတိုင်း အလွတ်လေ့ကျင့်

လို့လည်း ရပါတယ်။ စမ်းကြည့်ပါ ခြေထောက်တစ်ဖက်တည်းရပ်၊ မျက်စိမှိတ်လိုက်။ မလဲဘဲ

ကြာကြာရပ်နိုင်လေ ကောင်းလေပါပဲ။ အသက် ၄၅ နှစ် အထက်လူတစ်ယောက်အနေနဲ့ စက္ကန့်

၂၀ လောက်ကြာအောင်ရပ်နိုင်ရင် very good လို့ ပြောရမယ်။ ဒမ်ဘယ်လို့ ခေါ်တဲ့ လက်တစ်ဖက်နဲ့

မ လို့ရတဲ့ ၀ိတ်တုံးမျိုးနဲ့ မ ပြီးကျင့်ရင် ပိုကောင်းတာပေါ့။ လက်တစ်ဖက်နဲ့တစ်ဖက် အလေးချိန်

မတူတာ နှစ်ခုကို မ ရင် ဟန်ချက်ညီဖို့ ဦးနှောက်က အလုပ်လုပ်ပြီး ထိန်းညှိရတယ်။ အလယ်က

အချောင်းကြီးနဲ့ ဟိုဖက်ဒီဖက် ၀ိတ်ပြားတွေထည့် မ တဲ့ ၀ိတ်မ နည်းနဲ့တော့မတူဘူး။ အဲဒါက

ဟန်ချက်ညီအောင် ထိန်းတဲ့ ကိစ္စမဟုတ်တော့ ဦးနှောက်မသန်ဘဲ လက်မောင်းကြီးပဲ တုတ်လာလိမ့်မယ်။
   

၂။ ဦးနှောက်ကောင်းဖို့ ကော်ဖီသောက်ပါ။
  

     မှန်ပါတယ်။ သုတေသနပြုချက်တွေအရတစ်နေ့ကို ကော်ဖီလီတာဝက်(ရေသန့်ဘူးတစ်ဝက်) လောက်

 သောက်ရင် ပါကင်ဆန်ဆိုတဲ့ ခြေတုန်လက်တုန် ရောဂါ၊ အယ်လဇိုင်းမားဆိုတဲ့ အသက်ကြီးလို့

သတိမေ့တတ်တဲ့ရောဂါတွေ မဖြစ်အောင် တားဆီးနိုင်ပါသတဲ့။ ဘာ့ကြောင့် ဘယ်လိုဆိုတာ ဘယ်သူမျှ

အသေချာမပြောနိုင်ပေမယ့် ကော်ဖီ၊ လက်ဖက်ရည်နဲ့ တစ်ချို့အချိုရည်တွေမှာပါတဲ့ ကဖိန်းဓာတ်က

 ဒီအကျိုးအာနိသင် ပေးတာလို့  ဆိုကြတယ်။ သတိပေးချင်တာက ကဖိန်းဓာတ် အများကြီးဆိုရင်တော့

ကျန်းမာရေး ထိခိုက်ပါလိမ့်မယ်။


၃။ သက်သက်သာသာ လှဲနေမှ ခါးနာတာ မြန်မြန်ပျောက်မယ်။
 
      မှားပါတယ်။ ခါးက တော်တော်နာနေတော့ လမ်းလျှောက်ရတာခက်၊ ထိုင်မရ၊ ထမရ၊ ဘာမှမလုပ်ချင်

မကိုင်ချင်၊ အိပ်ရာပေါ်ပဲ လှဲနေချင်တော့တယ်။ တီဗွီရှေ့ အိပ်ယာလေးခင်း ခေါင်းအုံးလေး အုံးပြီး

မလှုပ်မယှက်နေ၊ မိန်းမက ဘယ်တော့ရေခဲအိပ်ကလေး ကပ်ပေးမလဲ၊ အကိုက်အခဲပျောက်ဆေးလေး

တိုက်ပါဦး၊ ဂျာနယ်လေး လှမ်းလိုက်စမ်းပါဦးနဲ့ နာတာကတော်တော် ဇိမ်ယူချင်တာက များနေသလားပဲ။

အနားက ပြုစုနေတဲ့ ဇနီးမယားဆိုတာ သူနာပြု ဆရာမ မဟုတ်ဘူးလေ။ ဘာဖြစ်လို့လဲ ချစ်သူဆိုတာမျိုးက

တကယ်လုပ်သင့်တာကို စိတ်ထဲက သိနေဦးတော့ တကယ်လက်တွေ့မှာ မလုပ်သင့်တာပဲ လုပ်တတ်ကြ

တယ်။ ကြည့်လေ အိပ်ယာထဲမှာ အဲဒီလိုလေး လှဲနေခိုင်းတယ်။ ဒီမှာဗျ နှစ်ရက်သုံးရက် ဆက်တိုက်

အိပ်ယာထဲလှဲနေရင် နောက်ကျော ကြွက်သားတွေ သန်စွမ်းပြီး လှုပ်လှုပ်ရှားရှားလေး ဖြစ်နေဖို့လိုတယ်

လေ။ အဲဒီလို ဖြစ်အောင်လုပ်နည်းကတော့ working ဆိုတဲ့ ဟိုလှုပ်လှုပ် ဒီလှုပ်လှုပ် အလုပ်လုပ်ဖို့၊

ဒါဆိုရင် walking ဆိုတဲ့ လမ်းလျှောက်ခြင်းကို လုပ်ပါ။


၎။ Heart Attack ဖြစ်လျှင် သိသည်။

                 သေချာပေါက် သိမည် မဆိုနိုင်။ ဖြစ်ဘူးသူ တစ်ဝက်နီးပါးက  သိသိသာသာ မခံစားရ၊ အမှုမဲ့

အမှတ်မဲ့ပါပဲလို့ ဖြေကြပါတယ်။ ယျေဘုယျ လက္ခဏာတွေကတော့-

    - ရင်ထဲမှာ နေမထိ ထိုင်မသာဖြစ်တယ်။ (ဖိထားသလို၊ ကြွတက်လာသလို၊ ဆွဲညှစ်ထားသလိုမျိုးကြီး)
 
   - ကိုယ်အထက်ပိုင်း နေလို့မကောင်းတာ။ (လက်မောင်း၊ နောက်ကျော၊ လည်ပင်း၊ မေးရိုး၊ ပခုံးတွေမှာ)

   - အသက်ရှူတာ တိုတိုပြတ်ပြတ်ဖြစ်နေမယ်။   
 
   - ချွေးစေးပျံပြီး အေးစက်စက်နဲ့။

   - ၀မ်းဗိုက်ထဲမှာ မအီမလယ်နဲ့ အန်ချင်နေမယ်။

   - အိပ်ရေးပျက်လို့လည်းမဟုတ်ဘဲ ရုတ်တရက်ကြီး အရုပ်ကြိုးပြတ်သလို နွမ်းရိသွားမယ်။   
 
     ဘယ်လိုဖြစ်မယ်ဆိုတာ အတတ်မပြောနိုင်ပါဘူး။ ဥပမာ - အင်တာဗျူးမင်းသားကြီး လယ်ရီကင်းဆိုရင်

ညာဘက်လက်မောင်းမှာ စူးစူးရှရှ အောင့်တယ်တဲ့။ နှလုံးရှိရာ ဘယ်ဘက်ခြမ်းနဲ့ ဘာမှ မဆိုင်သလို

ပါပဲ။ နှလုံးရဲ့ နာဗ်ကြောတွေက နာကျင်မှုကို တိုက်ရိုက်ခံစားနိုင်မှု မရှိဘူးတဲ့။    တစ်ခုခု မှားပြီဆိုတာနဲ့

အဲဒီ နှလုံးအာရုံကြောတွေက တည်တည်ငြိမ်ငြိမ် မရှိတော့ဘဲ ကိုယ်တွင်းလျှပ်စစ်ဓာတ်တွေက ခါးရိုး

နာဗ်ကြောကတဆင့် တစ်ခြားနာဗ်ကြောတွေကို ရှော့ခ် ဖြစ်ကုန်စေတယ်။ အဲဒီအခါမှာ လက်မောင်း၊

 ရင်ဘတ်ထဲ၊ ဒါမှမဟုတ် မေးရိုးမှာတောင် ပြင်းပြင်းထန်ထန် ခံစားစေနိုင်တယ်။ အဲဒီလို သိသိသာသာကြီး

 မခံရဘဲလည်း ဖြစ်နိုင်ပါသတဲ့။


၅။ အသက်ကြီးလာလို့ မသန်စွမ်းတာ ဓမ္မတာပါ။

        မှားသည်။ ယောက်ျားတွေမှာ ကိုယ့်ပစ္စည်းလေး ကျန်းမာရေးကို ဂရုစိုက်တယ်ဆိုတာအသက်

ရှည်ရှည် နေနိုင်ရေးသာမက ဘ၀ကြီး စိုပြည်ရွှင်လန်းဖို့ပဲ ဖြစ်ပါတယ်။ အရေးကြီးတာက ကိုယ့်သွေးကြော

ပိုက်လိုင်းတွေ အိုမင်းလာတာကို လျော့အောင်နေတတ်ဖို့ပါပဲ။ ဘယ်လိုလုပ်ရမလဲဆိုရင် ကျန်းမာ

သန်စွမ်းစေမယ့် အစာကိုစား၊ လေ့ကျင့်ခန်းလုပ်၊ သွေးဖိအားနဲ့ ကိုလက်စထရော အခြေအနေကို မပြတ်

သတိထားဖို့ပါပဲ။ ပိုက်လိုင်းရှင်းရှင်းမှာ ကောင်းကောင်း စီးဆင်းနိုင်တယ်ဆိုရင် ခင်ဗျားခန္ဓာကိုယ်ထဲက

ဘယ်နေရာမဆို သွေးတွေရောက်မယ်၊ တောင့်တင်းမယ်ပေါ့ဗျာ။


၆။ အထိုင်အထ လှုပ်ရှားရာမှာ ခြေဆစ်လက်ဆစ်တွေက ချိုးချိုးချွတ်ချွတ်မြည်ရင် ဂေါက်ရောဂါ

     ဖြစ်နိုင်တယ်။  

               မှားပါတယ်။ ထမင်းအိုးထဲမှာ ပလုံစီပွက်နေတာမျိုးလို အသံထွက်နေတော့ ဘုရားမသွားနိုင်၊

 ကျောင်းမသွားနိုင် ဖြစ်ရသတဲ့။ ဘေးနားက  ကြားရတဲ့သူအတွက် မသက်မသာဖြစ်ပေမယ့် ခင်ဗျား

ကိုယ်တိုင်က နာကျင်တာ မခံစားရရင် ဘာမျှ ပြဿနာမရှိပါဘူး။ အသံမြည်တာကတော့ လှုပ်ရှား

လိုက်လို့ အဆစ်တွေ ကွဲကွာသွားရင် ကိုယ်တွင်းဓာတ်ငွေ့တွေက ဖိအားများများနဲ့ နေရာဝင်ယူကြ

လို့ပါ။ တကယ်လို့ အသံမြည်လည်းမြည်၊ ခြေဆစ်လက်ဆစ်တွေ၊ ဒူးဆစ်တွေဆီက နာတယ်ဆိုရင်တော့

ဆရာဝန်ဆီ သွားပြရမှာပေါ့။


၇။ ယောက်ျားတွေက မိန်းမတွေထက် ပိုသောက်နိုင်တယ်။
 
          မှန်ပါတယ်။ ဒါပေမယ့် ခင်ဗျားထင်သလို ယောက်ျား မာနနဲ့တော့ မဆိုင်ပါဘူး။ ယောက်ျားတွေမှာ

အင်ဇိုင်းတစ်မျိုးရှိပြီး  သောက်လိုက်တဲ့အယ်လ်ကိုဟောကို သွေးကြောထဲမရောက်ခင် ချေဖျက်ပစ်လိုက်နိုင်တယ်။

 မိန်းမတွေရဲ့ အစာလမ်းကြောင်းနံရံမှာ အဲဒီ အင်ဇိုင်းမျိုးက ယောက်ျားတွေလောက် မပါဝင်ဘူး။

ဒါ့အပြင် မိန်းမတွေရဲ့ ကိုယ်ခန္ဓာမှာပါဝင်တဲ့  ရေအချိုးအဆက ယောက်ျားတွေထက် နည်းတယ်။အဲဒီတော့

အရက်နဲ့သွေး အချိုးအဆမှာ အရက်က ပိုများလာရင် ပိုမူးလွယ်တာပေါ့၊ သိပ်မသောက်နိုင်ဘူးပေါ့။


၈။ အိမ်သာတက်ပြီး အိုးထဲမှာ သွေးစတွေ တွေ့တာက ကင်ဆာဖြစ်နေတဲ့ အဓိပ္ပါယ်ပဲ။

         မဖြစ်နိုင်ပါ။ နီနီရဲရဲ သွေးအစအန နည်းနည်းလေးတွေ့တာနဲ့ လန့်ဖျပ်သွားဖို့မလိုပါဘူး။ ဒါက

လိပ်ခေါင်းဖြစ်တဲ့လက္ခဏာလည်း ဖြစ်နိုင်ပါတယ်။ သွေးကလေး တစ်စက်နှစ်စက်ကလည်း အိုးတစ်ခုလုံး

ချင်းချင်းနီအောင် အရောင်ဆိုးနိုင်ပါတယ်။ စိတ်ချရအောင် ဆရာဝန်နဲ့ ပြလိုက်ပါ။
   

၉။ နေရာကွက်ပြီး ၀ိတ်လျှော့လို့ရတယ်။

      မှားပါသည်။ ဗိုက်ကြီးပူနေသလား။ ပေါင်မှာ အဆီပိုတွေနဲ့ တုတ်တုတ်ကြီး ဖြစ်နေသလား။ ဗိုက်ကို

ကျပ်ကျပ်စည်း၊ ဗိုက်ပိန်သွားမယ်။  နေ့တိုင်း ထိုင်ထလုပ်၊ ပေါင်ကလေးတွေ သွယ်လျသွားမယ်။

ဟုတ်ပါ့မလား ကိုယ့်လူရေ ခန္ဓာကိုယ်ဆိုတာ ဒီလိုလုပ်လို့ရတဲ့ အမျိုးမဟုတ်ဘူး။  ၀ိတ်ကျသွားတယ်

ဆိုတဲ့  လူတွေကို တွေ့တယ်မဟုတ်လား။ ဘယ်နေရာက အသိသာဆုံးလဲ။ မျက်နှာပေါ့။ အားကစား

ခန်းမတွေမှာ ကစားနေကြတဲ့ သူတွေဟာ မျက်နှာချောင်ကျနေတာကြည့်ရင် အဆီပိုတွေ လောင်ကျွမ်း

နေတယ်လို့ သိနိုင်ပါတယ်။ အားကစားလုပ်ရင် ကြွက်သားတွေ ကျစ်လစ် သန်မာလာသလို

သွယ်လျပြီး အဆီပိုတွေမရှိလို့ ငယ်ရွယ်နုပျိုနေပါလိမ့်မယ်။ ဒါ့ကြောင့် ဘယ်နေရာက အဆီပိုတွေ

ချချင် ချချင် အေရိုးဗစ် လေ့ကျင့်ခန်းလုပ်၊ တွန်းထိုးမတင် အားစိုက်ရတဲ့ လေ့ကျင့်ခန်းတွေလုပ်၊

အဆီတိုးစေတဲ့အစာတွေ မစားနဲ့၊ ဒါဆိုရင် မေးအောက်က အိတွဲတွဲကြီးလည်းပျောက်၊ ဗိုက်ကလေးလည်း

 ချပ်ချပ်ရပ်ရပ်ဖြစ်လာမယ်။


၁၀။ ၀မ်းလျှောနေရင် ရှိသမျှ ကုန်သွားအောင် စောင့်ပါ။

       မှားသည်။ အိမ်သာမှာ စခန်းချပြီး တဝေါဝေါ တဗျစ်ဗျစ် ကုန်စင်သွားအောင်လုပ်တာ အကောင်းဆုံး

ဆိုတာ မဟုတ်ပါဘူး။ ကြက်သား ဆန်ပြုတ်လေး သောက်ပါ၊ ဆားလေးခတ်သောက်။ ခန္ဓာကိုယ်အတွင်း

ဆုံးရှုံးသွားတဲ့ အချိုဓာတ်၊ ကစီဓာတ်၊ ဆားဓာတ်တွေကို ပြန်ဖြည့်ပေးဖို့ လိုပါတယ်။ ဓာတ်ဆားရည်လည်း

 သောက်ရပါမယ်။ ဒါမှ ၀မ်းသွားပြီး နောက်ဆက်တွဲဖြစ်မယ့် ရေဓာတ်ခမ်းခြောက်တယ်ဆိုတာကိုကာကွယ်

နိုင်ပါ လိမ့်မယ်။


၁၁။ ဟော်မုန်းဓာတ်တွေက စိတ်ခံစားမှုတွေကို ဖန်တီးနေတယ်။

                  မှားဖို့ များပါသည်။ ကိုယ်ဝန်ဆောင်တွေက သဘောတူမှာမဟုတ်ပါဘူး။ တကယ်လည်း

သဘောမတူလောက်စရာ ရှိပါတယ်။ စိတ်ခံစားမှုတွေက ဦးနှောက်တွင်းမှာ ဇီဝဓါတုဖြစ်စဉ်တွေကို

 ဖြစ်စေပြီး ဟော်မုန်းတွေကို ဖန်တီးပေးပါတယ်။ ဥပမာ- ကြောက်တယ် ဆိုပါတော့၊ ကြောက်စိတ်

ပေါ်လာတာနဲ့ ဦးနှောက်တစ်နေရာမှာ ဇီဝဓာတုဖြစ်စဉ်ပေါ်ပြီး တစ်ကိုယ်လုံးကို ခုခံဖို့၊ ကာကွယ်ဖို့၊

ထွက်ပြေးဖို့ လှုံ့ဆော်လိုက်တာဖြစ်ပါသတဲ့။ သာယာကြည်နူးတယ်ဆိုတာလည်း ဒီလိုပါပဲ။ မျိုးမတူတဲ့

ဇီဝဓာတုပစ္စည်းတွေက ငြိမ်သက်ယစ်မူးအောင် ဖန်တီးလိုက်တာပါ။ စိတ်ထဲမှာ မွန်းကြပ်ပြီဆိုတာနဲ့

မွန်းကြပ်တဲ့ ဖိစီးမှုဟော်မုန်းတွေက ဟစ်ပိုကမ်းပတ်စ် လို့ခေါ်တဲ့ သိမှတ်တတ်မှုနဲ့ မှတ်ဥာဏ်ပိုင်းကို

ထိခိုက်ပျက်စီးစေပါတယ်။


၁၂။ လိုတဲ့ဗီတာမင်ကို ဆေးသောက်ပြီးယူ၊ အစားအစာနဲ့ လုပ်မနေနဲ့။

      တစ်ခါတရံ မှန်ပါတယ်။ ဥပမာ - ကယ်လ်ဆီယမ်ဓာတ် လိုအပ်နေရင် ဗီတာမင်-ဒီ ပါဝင်သော ဆေးကို

သောက်ရပါမယ်။ ဒီလိုပြောလို့ ဗီတာမင်ဓာတ်တွေပါဝင်တဲ့ ဟင်းသီးဟင်းရွက်၊ အသီးအနှံတွေကို

ပစ်ပယ်ပြီး ဆေးလုံးတွေချည်းသောက်မယ်လို့ စိတ်မကူးပါနဲ့။ လိမ္မော်သီးကို

ညှစ်ပြီးသောက်တာက ဗီတာမင်-စီ ဆေးလုံး မျိုတာထက် ပိုပြည့်ဝပါတယ်။ အစားအစာဆိုတာက

ဇီဝဓာတုဓာတ်တွေ ဖြည့်ပေးတာတင် မကပါဘူး

ခန္ဓာကိုယ်အတွက် လိုအပ်တဲ့အားအင်ကိုလည်း ဖြစ်စေတယ်လို့ သဘောပေါက်ရပါမယ်။ ကင်ဆာရောဂါ

ကာကွယ်ဖို့၊ နှလုံးရောဂါ မဖြစ်အောင်လို့

ဆိုတာမျိုးဟာ ဆေးချည်း သောက်နေရုံနဲ့ မရပါဘူး။ စားသောက်နေတာနဲ့လည်း ဆိုင်ပါတယ်။

သဘာဝတရားကြီးက လူတွေစားလို့ ကောင်းမယ့်

အစာတွေ အများကြီး ဖန်တီးပေးထားပါတယ်။ ဆေးဝါး သုတေသနပြုသူတွေ လုပ်ဖို့ကောင်းတာကတော့

ဘယ်အစာက ဆေးလဲဆိုတာ ဖေါ်ထုတ်ပေးရေးပါပဲ။



No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...