Sunday, August 11, 2013
အထူးဘလော့ဂါ ကိုချစ်မိုးဆွေကို ရှာပေးကြပါ
ဖူးစာရှင် ဆိုဒ်မှ မန်ဘာ ညီအကို မောင်နှမများခင်ဗျား
ကျွန်တော်တို့ ဖူးစာရှင်ဆိုဒ်မှ ပင်တိုင် အထူးဘလော့ဂါ ကိုချစ်မိုးဆွေတစ်ယောက်
ထူးဆန်းစွာ ပျောက်ဆုံးနေပါတယ်ခင်ဗျာ။ ကိုချစ်မိုးဆွေဟာ စာအရေးအသား အင်မတန် ကောင်းပြီး
တစ်ရက်ကို နေ့စဉ် ဘလော့ပို့စ် ၂ ခု ပုံမှန်ရေးတင်နေကျ ရေးအားကောင်း၊ တွေးအားကောင်းသော
အထူးဘလော့ဂါ တစ်ယောက်ဖြစ်ပါတယ်။ သို့သော် ပြီးခဲ့သော 25.1.12 ည 11:05 အချိန်တွင်
သူ၏ “အရက်သမား ချစ်မိုးဆွေ” ဘလော့ကို နောက်ဆုံးရေးအတင်ပြီးမှ ဖူးစာရှင်ဆိုဒ်မှာ လုံးဝ
မတွေ့ရတော့ဘဲ ပျောက်ချင်းမလှ ပျောက်ဆုံးနေပါတယ်။ ခု 27.10.12 ည 11: 30 အချိန်ထိ
လုံးဝ ရှာဖွေတွေ့ရှိခြင်းမရှိသေးပါ။ သီတင်းကျွတ်ရန်လည်း ၃ ရက်သာလိုတော့သည့်အတွက်
အလွန် အရေးကြီးသော အချိန်ရောက်နေပါသည်။
ဖူးစာရှင်ဆိုဒ်ထဲရှိ အပျိုလေး၊ အပျိုကြီး အိမ်များရှိ ချောင်ကြိုချောင်ကြားမကျန် ကျနော်
လိုက်လံရှာဖွေပါသော်လည်း လုံးဝ ရှာဖွေ၍ မတွေ့တော့ပါ ။
ကျနော်တို့၏ ထင်မြင်ယူဆချက်မှာ ကိုရွှေဘ (အမျိုးသားရေးရာ ဥက္ကဌ) ၏အိမ်ထောင်ရှင်
အမြန်ရရှိရေး အကျိုးဆောင် အသင်းကြီး ပေါ်ပေါက်ပြီးမှ ဤပြဿနာ ဖြစ်ရခြင်းတွေ့ရပါသည်။
ဒါ့ကြောင့် ခိုးယူပေါင်းသင်းဆက်ဆံရေး တာဝန်ခံ မမာမာ ၏ လက်ချက်လော၊ သို့မဟုတ် လက်ရှိ
အဆက်ဖြစ်နေသော မမကြယ်စင်ဖြူပင် ဖြစ်မည်လော၊ သို့တည်းမဟုတ် အသင်းတည်ထောင်သူ
မဟေမာန်ကို ကပင် လက်ဝါးကြီးအုပ်သိမ်းပိုက်ထားသည်လော စသည်ဖြင့်မသိရပါ။
အကြံပေးအရာရှိ ကျနော့အနေနဲ့လည်း ဤကိုချစ်မိုးဆွေ ပျောက်ဆုံးနေသည့်ကိစ္စနှင့်
ပတ်သက်၍ တာဝန်ရှိသည်ဟု ယူဆသည်နှင့် အညီ သံသယရှိသော ပုဂ္ဂိုလ် သုံးဦးဖြစ်သော
မမာမာ၊ မကြယ်စင်ဖြူ၊ မဟေမာန်တို့ကို ဆက်သွယ်မေးမြန်းကြည့်ခဲ့ရာမှာ.......
“မမာမာရေ ကိုချစ်မိုးဆွေ ပျောက်နေတာ တစ်ယောက်ယောက်က များ ခိုးယူပေါင်းသင်း
ထားတာလားသိချင်လို့ပါ။ မမာမာများ ခိုးထားသလားဗျာ ကျနော်စိတ်ပူလို့ပါ ကျနော့ကို
အမှန်အတိုင်းပြောပါဗျာ”
မမာမာ။ ။ ကျမ ခိုးထားတာ မဟုတ်ပါဘူး၊ ဒီကိစ္စကို ကျွန်မ လုံးဝ မသိရပါဘူးရှင်။
ဒါဆို သေချာပြီ မမကြယ်စင်ဖြူပဲ ဖြစ်မှာပဲ။။။
“မမကြယ်စင်ဖြူရေ ကိုချစ်မိုးဆွေကိုများ မမကြယ်စင်ဖြူ ခိုးထားတာလားဗျာ ကျွန်တော်
ရှာလို့ မတွေ့လို့ပါ။”
မမကြယ်စင်ဖြူ။ ။ ကိုချစ်မိုးဆွေကို မဟေမာန် ခိုးထားတာ အသေအချာပဲ ကိုသန်းဇော်။
အင် ဘယ်လိုဖြစ်တာလည်း ဒါဆို သေချာအောင် မဟေမာန်ကို ၀န်ခံခိုင်းရမယ်။
“မဟေမာန် ကိုချစ်မိုးဆွေကို မဟေမာန် ခိုးထားတယ် ပြောတယ်၊ အဲဒါ ဟုတ်ပါသလား
အမှန်အတိုင်း ၀န်ခံပါလားခင်ဗျာ”
မဟေမာန်။ ။ ဟုတ်ပါတယ်ရှင် ။ ကိုချစ်မိုးဆွေကို ကျမ ခိုးထားတာပါ။
ဒါတွေကတော့ သူတို့ဆီကို ကျနော် ဆက်သွယ်မေးမြန်းထားတာတွေပါ
မမာမာက။ ။ သူမခိုးဘူး ပြောတယ်။
မကြယ်စင်က။ ။ မဟေမာန် ခိုးထားတယ် ပြောတယ်
မဟေမာန်က။ ။ သူခိုးတာ ဟုတ်တယ်ဆိုတာ ၀န်ခံထားပါတယ်။
ဒါပေမယ့် သူတို့ ဘယ်လိုပဲ ပြောနေနေ ကျနော်မယုံပါဘူး။
ကျွန်တော်သိထားတာကတော့ .........
၁။ သူတို့ ၃ ယောက်ထဲမှ အနည်းဆုံး တစ်ယောက်ဟာ “ လိမ်ညာ” ပြောနေပါတယ်။
၂။ သူတို့ ၃ ယောက်ထဲမှ အနည်းဆုံး တစ်ယောက်ဟာ “ အမှန်” ပြောနေပါတယ်။
၃။ သူတို့ ၃ ယောက်လုံး အားလုံးဟာ “လိမ်ညာပြောနေခြင်း မဟုတ်ပါ”
၎။ သူတို့ ၃ ယောက်လုံး အားလုံးဟာ “ အမှန်တိုင်း ပြောနေခြင်းလည်း မဟုတ်ပါ”
ကဲဒါဆို သူတို့ ၃ ယောက်ထဲက ကိုချစ်မိုးဆွေကို အမှန်တကယ် ခိုးထားတာ ဘယ်သူပါလဲ။
သူငယ်ချင်းတို့ ၀ိုင်းစဉ်းစားကြပါဦးဗျာ။
ကဲ စဉ်းစားပြီးရင် ကိုချစ်မိုးဆွေကို ခိုးထားတဲ့ တရားခံအစစ်ကို သိချင်ရင် အောက်က
အပြည့်အစုံဖတ်ရန် ဆိုတာလေးကို နှိပ်ပြီး ကြည့်လိုက်ပါနော်
သူငယ်ချင်းတို့ရေ...
ကိုချစ်မိုးဆွေကို ခိုးထားတဲ့သူ စဉ်းစားကြည့်ရအောင်ဗျာ.......
ယူဆချက်-၁။ ။ မမာမာ ခိုးထားတယ်လို့ ယူဆကြည့်မယ်ဆိုရင် -
(က)မမမာမာကသူဘာမှ မသိဘူးလို့ပြောထားတဲ့အတွက် လိမ်ပြောနေပါတယ်။
(ခ)အဲလိုပဲမကြယ်စင်ကလည်း မဟေမာန်မခိုးဘဲ ခိုးတယ်လို့ လိမ်ပြောနေပါတယ်
(ဂ)မဟေမာန်ကလည်း မခိုးပါပဲ ၀န်ခံနေတဲ့အတွက် လိမ်ပြောနေပါတယ်။
ပေးထားချက် ( ၃ ) မှာ“သူတို့ ၃ ယောက်လုံး အားလုံးဟာ လိမ်ညာပြောနေခြင်းမဟုတ်ပါ” လို့
ဆိုထားတဲ့အတွက်ဒီအချက်ဟာ မဖြစ်နိုင်တော့ပါဘူး။ ဒါ့ကြောင့် မမာမာ ခိုးတာ မဟုတ်ပါဘူး။
ယူဆချက်- ၂။ ။ မဟေမာန် ခိုးထားတယ်လို့ ယူဆကြည့်ရင် -
(က)မမာမာက သူဘာမှ မသိဘူးလို့ ပြောထားတဲ့အတွက် အမှန်ကို ပြောနေပါတယ်။
(ခ)မဟေမာန် ခိုးထားတယ်လို့ မမကြယ်စင်ဖြူကလည်း အမှန်အတိုင်း ပြောနေပါတယ်။
(ဂ)မဟေမာန်ကလည်း ခိုးထားကြောင်း ၀န်ခံထားလို့ အမှန်အတိုင်း ပြောနေပြန်ပါတယ်။
ဒါပေမယ့် ပေးထားးချက် ( ၄ ) မှာ “သူတို့ ၃ ယောက်လုံး အားလုံးဟာအမှန်အတိုင်း ပြောနေခြင်း
မဟုတ်ပါ” လို့ ဆိုထားတဲ့အတွက် ဒီအချက်ဟာလည်း မဖြစ်နိုင်တော့တဲ့အတွက် မဟေမာန် ခိုးထား
တာလည်း မဟုတ်တော့ပါဘူး။ ဒါဆိုရင်........
နောက်ဆုံး ...............
ယူဆချက်- ၃။ ။ မမကြယ်စင်ဖြူ ခိုးထားတယ်လို့ ယူဆယုံပဲ ကျန်ပါတော့တယ်။
(က)မမာမာက သူဘာမှ မသိဘူးလို့ အမှန်အတိုင်းပြောနေပါတယ်။
(ခ)မကြယ်စင်ကတော့ သူခိုးထားပါလျက်နဲ့ မဟေမာန်ခိုးတယ်လို့ လိမ်ပြောနေပါတယ်။
(ဂ) မဟေမာန်ကလည်း သူမခိုးဘဲနဲ့ ၀န်ခံပြီး လိမ်ပြောနေပါတယ်။
ဒါဆိုရင် ပေးထားချက် (၁) နဲ့ (၂) မှာ ပြောသလို “အနည်းဆုံးတစ်ယောက်ဟာ လိမ်ညာပြော
နေတယ်၊အနည်းဆုံး တစ်ယောက်ဟာ အမှန်ကို ပြောနေတယ်” ဆိုတဲ့ အချက်တွေနဲ့အပြင် ပေးထားချက်
(၃) နဲ့ (၄) ဖြစ်တဲ့ “အားလုံးဟာအမှန်ချည်း မပြောဘူး၊ အားလုံးဟာ လိမ်ညာချည်း မပြောဘူး” ဆိုတဲ့
အချက် ၄ ချက်လုံးနဲ့ကိုက်ညီတဲ့အဖြေ ဖြစ်သွားလို့ .........
ကိုချစ်မိုးဆွေကို မမကြယ်စင်ဖြူ ခိုးထားတယ် ဆိုတဲ့ အချက်သာလျှင် အဖြေ ဖြစ်ပါတော့တယ်
ခင်ဗျာ.....
ထုံးစံအတိုင်းပေါ့.........
အားပေးခဲ့ ခေါင်းစားခဲ့ကြတဲ့ သူငယ်ချင်းများကို ကျေးဇူးတင်ပါတယ်။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment