မောင်လှ နဲ့ မောင်ဘဟာ မိုင် (၄၀) ကွာသော အရပ်မှ တစ်ချိန်တည်း ပြိုင်တူ မျက်နှာချင်းဆိုင်
စက်ဘီး စီးလာကြပါတယ်။ သူတို့နှစ်ယောက်လုံးရဲ့ စက်ဘီးစီးလာတဲ့ ပျမ်းမျှအလျှင်က တစ်နာရီ (၁၀) မိုင်
နှုန်း ဖြစ်ကြပါတယ်။ မောင်ဘရဲ့ ခေါင်းပေါ်မှာ ယင်ကောင်တစ်ကောင်သည် နားလျှက်ရှိနေရာက မောင်
စက်ဘီး စနင်းလျှင် နင်းချင်း ယင်ကောင်သည် မောင်ဘစက်ဘီးနင်းရာလမ်းကြောင်းအတိုင်း မောင်လှရှိရာ
ဆီကို တည့်တည့် ပျံသွားပါတယ်။ လမ်းမှာ တစ်ဖက်က စီးလာတဲ့ မောင်လှနဲ့တွေ့တဲ့အခါ မောင်လှ
ဦးခေါင်းကို ထိပြီး မောင်ဘဆီ တည့်တည့် ပျံလှည့်လာပါတယ်။ လမ်းမှာ မောင်ဘနဲ့ ပြန်တွေ့၊ မောင်ဘ
ခေါင်းကို ထိပြီး တစ်ဖန် မောင်လှဆီ ပြန်ပါတယ်။ ဒီလိုနဲ့ ယင်ကောင်ဟာ မောင်ဘနဲ့ မောင်လှ ခရီး
အလယ်မှာ မဆုံမချင်း ခေါက်တုန့်ခေါက်ပြန် ပျံရင်း ဦးခေါင်းတွေကို ထိထိနေပါတယ်။ နောက်ဆုံး
မောင်ဘနဲ့ မောင်လှ မျက်နှာချင်းဆိုင် ဆုံတွေ့တဲ့အခါမှ ယင်ကောင်ဟာ ပျံသန်းခြင်းကို ရပ်လိုက်ပါ
တော့တယ်။ ယင်ကောင်၏ ပျမ်းမျှ ပျံသန်းနှုန်းကတော့ တစ်နာရီ (၁၅) မိုင်နှုန်းဖြစ်ပါတယ်။
ဒါဆိုရင် မောင်ဘနဲ့ မောင်လှ စက်ဘီး စနင်းတဲ့ အချိန်ကနေ သူတို့နှစ်ယောက် တွေ့ဆုံချိန်
အထိ ယင်ကောင်ဟာ ပျမ်းမျှမိုင်ပေါင်း ဘယ်လောက် ပျံသန်း ခဲ့သလဲဆိုတာ တွက်ပေးရမှာပါ။
သူငယ်ချင်းတို့ တွက်ပြီးရင် အဖြေမှန် မမှန်ကို အောက်က အပြည့်အစုံဖတ်ရန် ဆိုတာလေးကို
နှိပ်ကြည့်လိုက်ကြပါနော်
ဒီလို ပုစ္ဆာမျိုးကို စဉ်းစားဖြေရှင်းရာမှာ အစ က နေ စဉ်းစားလို့ မရပါဘူး၊ အဆုံး က စဉ်းစားရင်လည်း
မရပါဘူး။ ဘယ်လိုတုန်းဆိုတော့ ပုစ္ဆာတစ်ခုလုံးကို ခြုံငုံပြီး စဉ်းစားမှသာ ရမှာပါ။ ဆိုလိုတာက မောင်ဘက
ဘယ်နှစ်မိုင် ရောက်နေချိန်မှာ မောင်လှက ဘယ်နှစ်မိုင်ရောက်နေပြီ အဲဒီအချိန်မှာ ယင်ကောင်က ဘယ်နှစ်
မိုင် ပျံသန်းပြီးပြီ စသည်ဖြင့် တစ်ဆင့်ချင်း လိုက်ပြီး စဉ်းစားနေရင် အရမ်းရှုပ်ထွေးပြီး အဖြေမှန်ရဖို့လည်း
ခက်ခဲလွန်းလှပါတယ်။ ရလာရင်လည်း အဲဒီအဖြေဟာ တိကျမှု မရှိနိုင်ပါဘူး။
သူငယ်ချင်းတို့ စဉ်းစားခဲ့တဲ့အထဲမှာ အချိန်ဆိုတာကို ထည့်မစဉ်းစားခဲ့မိကြလို့ပါ။ အဲဒီ “အချိန်”
ဆိုတာကို ထည့်စဉ်းစားမိခဲ့ကြရင် အဖြေကို လွယ်လွယ်လေးနဲ့ စိတ်တွက်နဲ့တောင် တွက်လို့ ရခဲ့ကြမှာပါ။
ကြည့်လေ......
ခရီး အကွာအဝေးက မိုင် (၄၀)
သူတို့ စက်ဘီး နင်းတာက တစ်နာရီ (၁၀) မိုင်နှုန်းဆိုတော့ သူတို့နှစ်ယောက် ခရီးအလယ်မှာ
(မိုင် ၂၀ အကွာအဝေးမှာ) ဆုံမှာမို့လား။ ဒီတော့ သူတို့ ဆုံတွေ့မဲ့အချိန်ဟာ ၂ နာရီ ကြာမှာပေါ့။ အဲဒီလိုပဲ
ယင်ကောင်ကလည်း သူတို့ စ နင်းနင်းချင်း စပျံပြီး သူတို့ ဆုံတွေ့ချိန်မှာ ရပ်မှာဆိုတော့ ယင်ကောင်
ပျံသန်းခဲ့တဲ့ အချိန်ဟာလည်း ၂ နာရီပဲ ကြာမှာပေါ့။
ဒါဆို အဖြေက ရှင်းနေပြီလေ ယင်ကောင် ပျံသန်းနှုန်းက တစ်နာရီ (၁၅) မိုင်နှုန်းဆိုတော့
သွားနှုန်း x ကြာချိန် = ခရီးအကွာအဝေး ( S = Vt မို့လား) ဒီတော့ ၁၅ x ၂ = ၃၀ မိုင်ပေါ့။
ဒါဟာ ယင်ကောင်လေး ပျံသန်းခဲ့တဲ့ ခရီးအကွာအဝေးပါပဲ။
No comments:
Post a Comment