Thursday, August 15, 2013
ယောက်ဖများ နဲ့ တစ်ထောင့်တစ်ည
သူငယ်ချင်းတို့ရေ
နှမလင်နေ မောင်ဖင်ကျိန်း ဆိုသလို ဒီပို့စ်လေးကို ဖင်ကျိန်းကျိန်းနဲ့ပဲ ရေးလိုက်ရပြီဗျာ။
အဖြစ်က ဒီလိုပါ။
မနေ့က အထူးမန်ဘာများ ဖြစ်ကြတဲ့ ကိုထွန်းထွန်း၊ ကိုနေ၊ ကိုထွန်းထွန်းဝင်းတို့
ဦးဆောင်တဲ့လူပျို မန်ဘာလေးတွေ၊ အထူးမန်ဘာလေးတွေ ကျနော့အိမ်ကို လာကြပြီးတော့....
“ကိုသန်းဇော် .. ဆုဂျေ၊ တုတု၊ ဖူးဖူး တို့က ခင်ဗျားညီမတွေဆို ...”
“အေးလကွာ..ဟုတ်တယ်လေ ဘာဖြစ်လို့လဲ”
“အော် အဲအဲ ကျနော်တို့အဖွဲ့က အခု သူတို့ကို ဟို ဟို စိတ်ဝင်စားနေလို့ဗျ”
“ဟ . ဟိတ်ကောင်တွေ နှမကို စိတ်ဝင်စားတဲ့စကား အစ်ကိုကို လာပြောရသလားကွ
ဘာလဲ မင်းတို့က ငါ့ကို သဘောကောင်းတယ်၊ အေးတယ်ဆိုပြီး ပမာမခန့်လာလုပ်တာလား”
“ဟာ.... အဲလို မဟုတ်ရပါဘူးဗျာ၊ အစ်ကို့ကို ကျနော်တို့ လေးလည်းလေးစားပါတယ်၊
ခုလည်း ကြောက်ကြောက်နဲ့ ပြောရတာပါဗျာ၊ ဘာလို့ ပြောရတာလည်းဆိုတော့ အစ်ကိုက
ငပေါကြီး မို့လား”
“ဘာကွ..”
“ ဟုတ်ပါဘူးဗျာ မှားလို့ပါ။ အစ်ကိုက သူတို့နဲ့ ငယ်ဖေါ်ကြီးဖက်တွေမို့လား လို့
ပြောတာပါ အစ်ကိုရာ စကားမှားသွားလို့ပါ၊ စိတ်မဆိုးပါနဲ့နော်..”
“အေး တော်တော် မင်းတို့ လိုရင်းပြောတော့...”
“ဟုတ်ကဲ့ .၊ ဟို..... အစ်ကိုက သင်္ချာတွေ၊ ညဏ်စမ်းတွေ စိတ်ဝင်စားတယ်မို့လား၊
ကျွန်တော်တို့လည်း စိတ်ဝင်စားတယ်ဗျ။ ခါတိုင်း အစ်ကိုမေးတာတွေချည်း ကျနော်တို့က
ဖြေဖြေနေရတာ ဒီတစ်ခါတော့ ငါတို့ ကိုသန်းဇော်ကြီးကို မေးခွန်းပြန်မေးရအောင်ဆိုပြီး
လာကြတာပါဗျာ။ ခင်ဗျားညီမတွေကို တောင်းမလို့ လာတာမဟုတ်ပါဘူး။”
“အေးပါ အဲလို ဆိုရင်တော့ ပြောပါ... ”
“ဒီလိုဗျာ အခု ဆုဂျေ၊ တုတု၊ နဲ့ ဖူးဖူး ကို စိတ်ဝင်စားနေကြသူတွေ တိုတိုပြောရရင်
ချစ်နေကြသူတွေပေါ့ဗျာ၊ အဲဒီမန်ဘာလူပျိုတွေက အုပ်စုတွေ ကွဲနေတယ်ဗျ”
အင်း အတော်များသား... ကျနော် သူတို့ကို မျက်လုံးဝှေ့ကြည့်လိုက်တော့
အမယ်... ဟိုလူကြီးတွေ တောင်ပါသေး..။ ကိုယ့်အသက်ကိုယ်မှ အားမနာ ကျနော့ညီမ
နုနု ထွတ်ထွတ်ကလေးတွေကိုများ.ဟွန်း။ ကျနော့ကို အားနာလို့လား ရှက်လို့လားမသိ
နောက်ပိုင်းမှာ ခေါင်းကလေးတွေငုံ့ ကုပ်ချောင်းချောင်းလုပ်နေလေရဲ့...
သူတို့က ဆက်ပြောတယ်..
ဆုဂျေကို ချစ်တဲ့ မန်ဘာ ( ၃၂ ) ယောက်ရှိတယ်ဗျာ၊
ဖူးဖူးကို ချစ်နေတဲ့ မန်ဘာ ( ၂၅ ) ယောက်ရှိတယ်ဗျာ၊
တုတု ကို ချစ်နေတဲ့ မန်ဘာ ( ၁၈ ) ယောက်ရှိတယ်ဗျာ၊
ဆုဂျေ နဲ့ ဖူးဖူး နှစ်ယောက်လုံးကို ချစ်တဲ့ မန်ဘာ ( ၁၆ ) ယောက်ရှိတယ်ဗျာ၊ သူတို့က
တုတုကို ကလေး ဆိုပြီး ငယ်လို့ မချစ်ကြဘူးတဲ့။
တုတု နဲ့ ဆုဂျေ နှစ်ယောက်လုံးကို ချစ်တဲ့ မန်ဘာ ( ၇ ) ယောက်ရှိတယ်ဗျာ၊ သူတို့က
ဖူးဖူးက မြန်မာပြည်ကမဟုတ်ဘူး သြစတီမှာဆိုတော့ ဝေးတော့ တွေ့ဖို့မလွယ်ဘူးဆိုပြီး
မချစ်ကြဘူးတဲ့။
တုတု နဲ့ ဖူးဖူး နှစ်ယောက်လုံးကို ချစ်နေတဲ့ မန်ဘာ ( ၈ ) ယောက်ရှိတယ်ဗျာ၊ သူတို့က
ဆုဂျေက ဆရာမလည်းဖြစ်၊ အက်မင်လည်းဖြစ်၊ စွာလည်းစွာတော့ မချစ်ရဲဘူးတဲ့ဗျာ။
ဆုဂျေ၊ တုတု၊ ဖူးဖူး အဲဒီ သုံးယောက်ထဲက ဘယ်သူ့ရရ ရတဲ့သူ လိုချင်နေတဲ့ မန်ဘာ
(၃) ယောက်ရှိတယ်ဗျာ။ ( အင်း ... ဒီအဖွဲ့ကတော့ ဟိုကုတ်ချောင်းချောင်း အဖွဲ့က လူကြီးတွေ
နေမှာပဲ )။ အဲဒါ ကျနော်တို့ အခုမေးချင်တာက စုစုပေါင်း ကျွန်တော်တို့ မန်ဘာအဖွဲ့မှာ လူ
ဘယ်နှစ်ယောက်ရှိလည်း ဆိုတာ တွက်ပေးစေချင်တာပါပဲဗျာ။
ဘယ်လိုလည်း ခါတိုင်းတော့ ကိုသန်းဇော်က မေးမေးနေတာ၊ ဒီတစ်ခါတော့ ကျွန်တော်
တို့ မေးတာလေးလည်း ပြန်ဖြေပါဦးဗျာ။ အပြန်အလှန်ပေါ့။ ”
“ အေးအေး ငါစဉ်းစားထားလိုက်ဦးမယ် ချက်ချင်းတော့ အဖြေမပေးနိုင်သေးဘူး”
“စဉ်းစားရင်လည်း သီတင်းမကျွတ်ခင် မြန်မြန်စဉ်းစားဗျာ၊ သီတင်းကျွတ်လို့
ကိုသန်းဇော် ညီမတွေထဲက တစ်ယောက်ယောက် အိမ်ထောင်ကျသွားရင် မန်ဘာတွေစာရင်းက
အပြောင်းအလဲဖြစ်ကုန်လို့ ပုစ္ဆာတွက်ရတော့မှာမဟုတ်ဘူးဗျ ..ဟဲ...ဟဲ ”
“ဟာ ... ငါ့ညီမတွေ အဲလောက်တော့ မမြန်လောက်သေးဘူးနဲ့ တူပါတယ်ကွာ..”
ကဲ သူငယ်ချင်းတို့ရေ....
-ဆု ၃၂ ယောက်
-ဖူး ၂၅ ယောက်
-တု ၁၈ ယောက်
- ဆု၊ ဖူး ၁၆ ယောက်
- တု၊ ဆု ၇ ယောက်
- တု၊ ဖူး ၈ ယောက်
- ဆု၊ တု၊ ဖူး ၃ ယောက်
မန်ဘာအားလုံး ဘယ်လောက်ရှိလဲ?
ဝိုင်းပြီး စဉ်းစားပေးကြပါဦးဗျာ...........။
ပြီးရင် အပြည့်အစုံဖတ်ရန် ဆိုတာကို နှိပ်လိုက်နော် အဖြေသိချင်ရင်
သူငယ်ချင်းတို့ရေ
ယောက်ဖများအတွက် အဖြေကတော့-
ဆုဂျေ ၃၂
ဖူးဖူး ၂၅
တုတု ၁၈
စုစုပေါင်း = ၃၂ + ၂၅ + ၁၈
= ၇၅ ယောက်ပေါ့နော်...
ဒါပေမယ့် အဲဒီအထဲမှာ ပြန်ထပ်နေတဲ့ သူတွေပါနေတော့ တူတာတွေကို ပြန်နှုတ်ရမယ်။
ဒါ့ကြောင့်.
(၁) ဆုဂျေကို စိတ်ဝင်စားနေသူ ထဲမှ ၁၆ ယောက်သည် ဖူးဖူးကိုလည်း စိတ်ဝင်စားနေတယ်
ဒါ့ကြောင့် ဘုံဖြစ်နေတဲ့ ၁၆ ကို နှုတ်ရပါမယ်။
(၂) တုတုကို စိတ်ဝင်စားနေသူ ထဲမှ ၇ ယောက်သည် ဆုဂျေကိုလည်း စိတ်ဝင်စားနေတယ်
ဒါ့ကြောင့် ဘုံဖြစ်နေတဲ့ ၇ ယောက်ကို နှုတ်၇ပါမယ်။
(၃) တုတု ကို စိတ်ဝင်စားနေတဲ့ ၈ ယောက်ဟာ ဖူးဖူးကို စိတ်ဝင်စားတဲ့အထဲ ပြန်ပါနေတယ်
ဒ့ါကြောင့် ဘုံဖြစ်နေတဲ့ ၈ ယောက်ကို နှုတ်ပစ်ရပါမယ်။
ဒီတော့..
၇၅ - ၁၆ - ၇ -၈ = ၄၄ ယောက်။
အဲဒီမှာ သုံးယောက်လုံး ကိုစိတ်ဝင်စားတဲ့သူ ၃ ယောက်ကို ပြန် ပေါင်းထည့်ရမယ်။
ဘာလို့လဲဆိုတော့ ပထမ တစ်ခါ တူတာတွေ နှုတ်ခဲ့တုန်းက သူတို့က ပါသွားလို့ အခု
ပြန်ပေါင်းပေးရတာပါ။
ဒါဆို တကယ့်အဖြေမှန်က ၄၄ + ၃ = ၄၇ ယောက်ပါပဲ။
ခေါင်းရှုပ်သွားလား set theory နဲ့ဆိုရင် ပိုရှင်းသွားပါလိမ့်မယ်
အောက်မှာ ကြည့်လိုက်ပါ။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment