Thursday, September 3, 2015

ခါနွေဆန်းတဲ့ လွမ်းရက်ရှည်











အညာနွေဦးကို လွမ်းဆွတ်သူများအတွက် နွေကိုတူး(ပခုက္ကူ) ရေးဖွဲ့ထားတဲ့ `ခါနွေဆန်းတဲ့ လွမ်းရက်ရှည်´ဆိုတဲ့ (နွယ်သာကီသံပြတ်)ကဗျာလေးကို တင်ပြလိုက်ပါတယ်။
===============================


အညာနွေဦးကို လွမ်းဆွတ်သူများအတွက် နွေကိုတူး(ပခုက္ကူ) ရေးဖွဲ့ထားတဲ့ `ခါနွေဆန်းတဲ့ လွမ်းရက်ရှည်´ဆိုတဲ့ (နွယ်သာကီသံပြတ်)ကဗျာလေးကို တင်ပြလိုက်ပါတယ်။
===============================

ခါနွေဆန်းတဲ့ လွမ်းရက်ရှည်
~~~~~~~~~~~~~

ညင်းလေ သင်းဝေ ခင်းသပြေထဲက
 နှင်းငွေပုလဲ `ဖြန်းပက်လေ´ ။



မပျော်သာ ဖေါ်ကွာ မျှော်ကာနှောင်းလို့
ရော်ဝါဟောင်းတို့ `နွမ်းရွက်ကြွေ´ ။

ရွှေဘဝင် ဖြေမရွှင် မြေပြင်လျောင်းတော့
နွေဝင် တပေါင်း ရဲ့ `လွမ်းရက်ရှည်´ ။

ငွေနှင်းတံခါး လေညင်းကြား
ရွှေသတင်းစကားလေး အမှာခြွေမည်
`နွေမင်းသားလေး´ လာချေပြီ လေ့ ။

ကြိုဆိုနှုတ်ဆက် ရွက်ကျမြေ
ကပိုကရို ရုတ်တရက် လက်ပြလေကြ ။

 တပေါင်းရက်စေ လျောင်းသက်ကြွေ
ဟောင်းရွက်ခြွေမယ့် လေရူးလာ
အကောင်းခက်ဝေတဲ့ နွေဦးပါလေ့ ။

ချောင်းကမ်းဘက်က ငှက်တို့ပျံ
ထနောင်းတန်းထက်မှ ဆက်ရက်မို့ညံ ထင့်။

သိန်း-သန်း-ကုဋေ ကိန်းခန်းမရေ
စိမ်းလန်းဝေတဲ့ ပုရစ်ဖူးပါ
ငြိမ်းချမ်းစေမယ့် နှစ်ဦးအခါဟေ့ ။

တမာတွေက ပန်းခက်ဝေ
အညာမြေမှ အလွမ်းရက်ပေထင့် ။

လေသုတ်အနှော သပြေအုပ်တော
ရွှေဘုတ်ရောလို့ ဟစ်ကြွေးပြီ
နွေဥသြတို့ ချစ်တေးသီပေါ့ ။

နှဲအသွင်မျိုးဟန် တစီစီ
လှည်းဝန်ရိုးသံ တအီအီဗျာ့ ။

ဟိုး တောင်ကမူ ရိုးမြောင်အငူ
ချိုးနှစ်ကောင်ကူလို့ ချွဲရှာလျှင်
ဖိုးတောင်သူတို့ တဲပမာထင် သလေ့ ။

ယက္ကန်းစင်က လက်ခတ်သံ
ကွက်ဆန်းယဉ်လှ ဆက်မပြတ်မှန် သရှင့် ။

ရွက်ကျန်ရင့်ရင့် ပျက်စံလွင့်တော့
ခက်တံဆင့်လို့ ကျဲကျဲစီ
လက်ပံပွင့်တို့ ရဲရဲနီ သဗျာ့ ။

ပဲနှမ်းပြောင်းအမောက် မကုန်သုံးစေ
လှည်းလမ်းကြောင်းတလျှောက် ဖုန်လုံးတွေတော့ ။

တစ်ရွာတစ်မြေလှမ်း စာခွေကမ်း
အညာမြေလွမ်းတဲ့ အဆွေးဇာတ်ရှည်
ခါနွေဆန်းတဲ့ မွေးရပ်မြေ ရှင့် ။

နောက်တစ်ခါလာဖို့ ဖိတ်ကြားဖွယ်
မရောက်တာကြာလို့ စိတ်အားငယ် သလေ့။

တပေါင်းအခါ … …
အကြောင်းမပါ လေသလာ့
ပြောင်းတစ်ရွာ အနေဝေးသူမို့
ပူဆွေးကာ ကြိမ်ဖန်မျှ ပေပါ့
အချိန်မတန် အိမ်မပြန်ရ တာကြောင့်
ကာလ ဘယ်လိုကြာလည်း
ရွှေရင်မှာ အခါခါလွမ်းပါရဲ့
မခွဲခွာ တမာတန်းတွေနဲ့
အမြဲသာ အညာလမ်းကို
တမ်းတတယ်လေး ။ ။

နွေကိုတူး(ပခုက္ကူ)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...