Thursday, October 3, 2013
အိပ်စက်တဲ့အခါ အိပ်မက်တွေ ဘာ့ကြောင့် မက်ရသလဲ
1952 ခုနှစ်ထိ စိတ်ကူးယဉ်အိပ်မက်မျိုးရှိနေတဲ့ ဦးနှောက်တွင်းရဲ့ သဘာဝကို သိရှိနားလည်
သဘောပေါက်တဲ့သူ မရှိခဲ့ပါ။ သိပ္ပံပညာရှင်အများစုအနေနဲ့ လူတွေအိပ်ပျော်နေတဲ့ ကာလအတွင်းမှာ
ဦးနှောက်အနေနဲ့ လှုပ်ရှားသွက်လက်မှု ကင်းကင်းနဲ့ ငြိမ်ငြိမ်သက်သက်ရှိနေလိမ့်မယ်လို့ တွေးထင်
ထားခဲ့ကြပါတယ်။ချီကာဂိုက ဘွဲ့ရထားတဲ့ ကျောင်းသားတစ်ဦးဖြစ်တဲ့ Eugene Aserinskyက
သူ့ရဲ့ ၈ နှစ်သားအရွယ် အိပ်ပျော်နေတဲ့ သားရဲ့ ဦးနှောက်ကို electroencephalograph (EEG) တစ်ခုကို
အသုံးချပြီး နားထောင်ကြည့်ခဲ့တယ်။( EEG ဆိုတာ အလုပ် လုပ်နေတဲ့ ဦးနှောက်က ထုတ်လာတဲ့
လျှစ်စစ်စီးကြောင်းသေးသေးလေးတွေကို ဖမ်းယူနိုင်တယ်။ လှိုင်းအတက်အကျ ပုံသဏ္ဍာန်မျိုးနဲ့
လျှပ်စစ်ဓာတ်ရဲ့ သဘာဝကို စက္ကူတစ်ချပ်ပေါ်မှာ ခြေရာကောက် ပြသပေးတဲ့ကိရိယာ တစ်မျိုးဖြစ်တယ်။ )
ဒီစမ်းသပ်ချက်နဲ့ပတ်သက်ပြီး မြင်တွေ့ခွင့်ရလိုက်တဲ့အခါ အတော်လေးတအံ့တသြ ဖြစ်ကြရတယ်။
ကလေးအိပ်ပျော်နေတဲ့အခိုက် နာရီပိုင်းအလိုက်EEG ကရေးဆွဲပြသပေးတဲ့ မင်တံက ရုတ်တရက်ဆိုသလို
တစောင်းကြီးအောက်ကို ပြေးဆင်းသွားပြီး ချက်ချင်း တစောင်းကြီး ပြန်တက်သွားတဲ့ zigzag
ပုံစံမျိုးကို မြင်တွေ့ရတယ်။ အဲဒီလိုဖြစ်နေတဲ့ တချိန်တည်းမှာပဲအဲဒီကလေးရဲ့ မျက်စိက မှတ်ထားတဲ့
မျက်ခွံအနေအထားက ဆတ်ကနဲရှေ့နောက် ခါလှုပ်လိုက်သလို ဖြစ်သွားတယ်။ Aserinsky က သူ့ရဲ့
စမ်းသပ်မှုကို အပြီးသတ်ပြီး ခေတ္တရပ်နားလိုက်ကာ ကလေးကို နှိုးလိုက်တယ်။ကလေးက နိုးလာတာနဲ့
သူ့ရဲ့ အမေကို သူအိပ်မက်တွေမက်ကြောင်းပြောပြတယ်။
Aserinsky အနေနဲ့ ဆတ်ကနဲ မျက်သားလှုပ်ပြီး အိပ်တဲ့ rapid eye movement (REM) ကို
ရှာဖွေတွေ့ရှိလိုက်တဲ့ သဘောဖြစ်တယ်။ အဲဒီလိုအိပ်ပျော်တဲ့ပုံစံမျိုးနဲ့ အိပ်နေတဲ့ ကာလအချိန်ပိုင်းလေး
တွေမှာ များသောအားဖြင့်အိပ်မက်ဆိုတာ ပေါ်ပေါက်လာပါလားလို့ ယူဆလိုက်တယ်။(မိမိတို့အိမ်က
ကြောင်လေးတွေ၊ ခွေးလေးတွေ အိပ်နေတဲ့အခါ သူတို့မျက်လုံးကို သတိထားကြည့်မယ်ဆိုရင် မျက်လုံး
မှိတ်နေလျှက်နဲ့ ဆတ်ကနဲလှုပ်လှုပ်နေတာကို တွေ့ကြရမှာဖြစ်တယ်။ မကြာခဏဆိုသလို သူတို့ရဲ့
ခြေဖ၀ါးလေးတွေကလည်း အကြောဆွဲသလို ဖြစ်ဖြစ်သွားတာကိုလည်း မြင်တွေ့နိုင်တယ်။ နောက်
တစ်ခုက ခွေးငယ်လေးဆိုပါက တိုးတိုးလေး ဟောင်လိုက်သလိုလိုဟိန်းဟောက်လိုက်သလိုလို
အသံလေးတွေလည်း တစ်ခါတစ်ခါ ထွက်လာတာမျိုးမြင်တွေ့ရတတ်ပါလိမ့်မယ်။ )
REM sleep ဆိုတဲ့ အိပ်နည်းမျိုးနဲ့ အိပ်နေတဲ့ ကာလအတွင်းမှာအိပ်ပျော်နေတဲ့ ဦးနှောက်က
ထွက်နေတဲ့ လျှပ်စစ်လှိုင်းလေးတွေက တဖြည်းဖြည်းနဲ့ပုံမှန်အနေအထားမျိုးနဲ့ ရှိနေပါတယ်။ ဒါပေမယ့်
အိပ်မက် မက်ပြီဆိုရင်တော့ဆတ်ကနဲ လှုပ်ရှားမှုမျိုး ရှိလာတတ်ကြောင်း မှတ်တမ်းတင်နိုင်ခဲ့ကြတယ်။
ဘယ်လိုပဲဖြစ်ဖြစ် အိပ်မက်ဆိုတာ တကယ့်လက်တွေ့ဘ၀နဲ့ ကွာခြားနေတတ်တာကိုတော့
လူတိုင်းသိထားကြပြီး ဖြစ်ပါလိမ့်မယ်။ ထမင်းလုံး တစ္ဆေခြောက်တဲ့အခါမျိုးဆိုရင် တစ္ဆေ သရဲတွေလိုလို၊
ပြိတ္တာတွေလိုလို၊ မတော်လျော်ရဲ့ရုပ်ဆင်းအင်္ဂါမျိုးနဲ့ သတ္တ၀ါမျိုးတွေကိုပါ မြင်မက်တဲ့အထဲမှာ
ပါလာတတ်ကြတယ်။အိပ်မက်ကောင်းတွေ မက်ပါတယ်ဆိုရင်တောင် အဖြစ်အပျက်တွေက ဆန်းဆန်း
ပြားပြား ဖြစ်နေတတ်သလို တစ်ခါတစ်လေ ဗလုံးဗထွေး ရှုပ်ရှုပ်ယှက်ယှက်နဲ့အဖြစ်အပျက်မျိုးတွေတောင်
ပါလာတတ်မှာဖြစ်တယ်။ အိပ်မက်ထဲမှာ ဖြစ်ပျက်နေတဲ့သဘာဝတွေက တောက်တောက်ပြောင်ပြောင်
ကြမ်းခင်းတွေပေါ်မှာ နင်းလျောက်နေကြရသလို ထူးဆန်းတဲ့ အဖြစ်အပျက်မျိုးတွေ ကြုံတွေ့ရမယ်။
မြေပြင်ပေါ်မှာအဖိုးတန်ရတနာတွေ ပြန့်ကျဲနေတာမျိုးလည်း တွေ့နိုင်တယ်။ အဲဒါတွေကို လိုက်
ကောက်လိုက်တဲ့အခါ တန်ဖိုးမရှိတဲ့ ကျောက်စရစ်ခဲလေးတွေ ဖြစ်သွားတာမျိုးလည်း မက်ချင်
မက်နေတတ်တယ်။အိပ်မက်ဆိုတာ ပျော်ရွှင်ဖွယ်ရာ ဟာသတစ်ခုလိုလို၊ ကြောက်မက်ဖွယ်ရာ
အတွေ့အကြုံတစ်ခုလိုလို ခံစားနေကြရစမြဲဖြစ်တယ်။ အိပ်မက်က နိုးထလာတဲ့အခါအိပ်မက်ထဲမှာ
မြင်တွေ့ခဲ့ရသမျှကို ရုတ်ခြည်း ပျောက်ကွယ်သွားခြင်းမရှိဘဲသိသလိုလို မသိသလိုလို ခံစားနေကြရတယ်။
ပင်ဆယ်ဗေးနီးယား တက္ကသိုလ်မှာလက်တွေ့စမ်းသပ် လုပ်ကိုင်နေတဲ့ စိတ္တဗေဒပညာရှင် Martin
Seligman ကဘာ့ကြောင့် အိပ်မက် မက်တယ်။ အိပ်မက်ကို ဘယ်လိုအခါမျိုးမှာ မက်နိုင်တယ်
ဆိုတာကို သီအိုရီတစ်ခု ထုတ်ခဲ့တယ်။သူ့ရဲ့သီအိုရီအရ အိပ်မက် မက်နေတဲ့အချိန်ကာလအတွင်းမှ
အိပ်မက်ထဲမြင်တွေ့ရသမျှ ရုပ်ပုံတွေက လျှပ်စစ်ဓာတ်ရဲ့ ဖေါက်ပြန်မှုတစ်ခုလည်း ဖြစ်တယ်လို့
မှတ်ယူနိုင်တယ်။ ဖေါက်ပြန်မှုတစ်ခု ဖြစ်ပေါ်တိုင်း ပုံရိပ်တစ်ခု ပေါ်လာတာဖြစ်တယ်။ သမာရိုးကျ
အားဖြင့် အိပ်မက်တစ်ခုရဲ့ ကာလအပိုင်းအခြားက (၁၀) မိနစ် ကနေ(၃၀) မိနစ်အထိ ကြာနိုင်တယ်
လို့ဆိုတယ်။ သစ်ပင် အကြီးကြီး တစ်ပင်ကိုတွေ့မြင်လိုက်ပြီး ဟောင်းနွမ်းအိုမင်းနေတဲ့ အိမ်ကြီးကို
မြင်မက်လာမယ်။ တနည်းအားဖြင့် မဖြစ်နိုင်တဲ့အရာတွေကို ပုံဖေါ်ပေးနေတာမျိုးဖြစ်တယ်။ ဒီလိုမက်နေတဲ့
အချိန်မှာ ဘေးက အသံတစ်ခုခု ပြုလာမယ်ဆိုရင် အိပ်မက်က ပျောက်သွားပြီးလန့်နိုးလာမှာပဲ ဖြစ်တယ်။
နှစ်ပေါင်းများစွာလောက်က စပြီး ဒီနေ့အထိ သိပ္ပံပညာရှင်တွေက အိပ်နေတဲ့အခါ မြင်မက်တတ်တဲ့
အိပ်မက်တွေနဲ့ ပတ်သက်လို့ အခြေအမြစ် ဖေါ်ထုတ်နိုင်ဖို့ စမ်းသပ်မှုအမျိုးမျိုးနဲ့ ကြိုးစား ဆောင်ရွက်
လာခဲ့ကြပါတယ်။ အိပ်မက်ဆိုတာလူတွေသာမက တိရစ္ဆာန်တွေမှာလည်း အိပ်မက်ဆိုတာကို မက်တတ်ပုံ
ကိုလည်းနားလည်လာကြတယ်။နောက်ဆုံးအနေနဲ့ Seligman ပြောနိုင်တာကတော့ အိပ်မက် မက်တယ်
ဆိုတာ ထူးဆန်းအံ့သြဖွယ်ကောင်းတဲ့ ပုံရိပ်တွေ၊ စိတ်ကူး စိတ်သန်းတွေနဲ့ခံစားမှုတွေကို လေ့လာနေတာပဲ
ဖစ်တယ်လို့ပဲ ပြောခဲ့ပါတယ်။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment