Thursday, September 19, 2013
အံ့ဖွယ်အလီလီ မြတ်လယ်တီ
အံ့ဖွယ်အလီလီ မြတ်လယ်တီ
သက္ကရာဇ် ၁၂၄၁ ခုနှစ် ဖြစ်ပါသည်။
မဟာလယ်တီ ဆရာတော်ဘုရားကြီးသည် မန္တလေးမြို့ စံကျောင်းဆရာတော်ထံ ပညာသင်ကြား
နေဆဲ အချိန်တွင် စံကျောင်းဆရာတော်ကြီး၏ အန္တေ၀ါသိက တပည့်ကြီးများ ဖြစ်ကြသော လုံပဏ်
လင်းပဏ် ဤနှစ်တန် ဘယ်ပဏ်သာ၍ တတ်သနည်း ဟု ပညာရှိများ နှုတ်၌ အထပ်ထပ် ရွတ်ဆို
ခံရသော စလင်း ဦးပဏ္ဍိစ္စနှင့် အလုံဦးပဏ္ဍိစ္စ နှစ်ပါးတို့အတွက် ဖြစ်ပေါ်လာသော အမေးပုစ္ဆာ
၂၀ ကို ဆရာတော်ကြီးသည် ပါဠိ၊ အဌကထာ၊ ဋီကာ ဂန္ထန္တရတို့၌ လာသော အထောက်အထား
အားကိုးယုတ္တိတို့ဖြင့် ရဟန်းဝါ ၁၄ ၀ါ အရတွင် ဖြေကြားရေးသားတော်မူသည်။ ထိုပုစ္ဆာအဖြေ
ကျမ်းသည် ပါရမီနှင့်စပ်သော အချက်အလက်အထောက်အထား အကိုးယုတ္တိတို့ဖြင့် (ထင်ရှားသော
သေချာစွာ ပြရာဖြစ်သောကြောင့် ပါရမီ ဒီပနီကျမ်းဟု ထင်ရှားခဲ့သည်။)
လယ်တီဆရာတော်ကြီး၏ ဒီပနီကျမ်းတို့တွင် ပါရမီဒီပနီကျမ်းသည် ပထမဆုံး ကျမ်းဖြစ်သော
ကြောင့် “ဒီပနီအစ ပါရမီက” ဟု ပြောစမှတ် ဖြစ်ပါသည်။ ဤကား အံ့ဖွယ်တစ်ရပ် ဖြစ်ပါသည်။
သက္ကရာဇ် ၁၂၄၇ ခုနှစ်တွင် သီပေါဘုရင်ကို ကုလားဖြူတို့ ဖမ်းယူသွားပြီး မြန်မာနိုင်ငံကို
ကုလားအုပ်ချုပ်လိမ့်မည်ဟု ကြားသိရသောအခါ လယ်တီဆရာတော်ကြီးသည်ကုန်းသတ္တ၀ါတွေ
သေကြေပျက်စီးမည်ကို ကြိုတင် သိတော်မူသည်။
အထူးသဖြင့် အသက်သခင် ကျေးဇူးရှင်ဖြစ်သည့် ကျွဲ၊ နွားများ၏ အသားကို သတ်ခြင်း၊ စားခြင်း
တို့မှ ရှောင်ကြဉ်ရန် နွားမေတ္တာစာ အနေဖြင့် ဟောပြောရေးသား ဆုံးမတော်မူခဲ့သည်။
မြန်မာနိုင်ငံ အထက်ပိုင်း၊ အောက်ပိုင်းရှိ မြို့ရွာအသီးသီးသို့ လှည့်လည်၍ ဟောကြားတော်မူခဲ့ရာ
အောင်မြင်မှုအများဆုံး ရရှိတော်မူသည်။
နွားမေတ္တာ တရားပွဲအသီးသီး၌ မန္တလေးမြို့ မြောက်ပြင် သရဲဈေးအနီး တရားပွဲတွင် နွား၊ ကျွဲ
များ၏ ကျေးဇူးကြီးမားကြောင်း၊ အသားက အစ မစားသင့်ကြောင်း ဟောကြားတော်မူစဉ် ပရိတ်သတ်ထဲမှ
လှည်းသမားတစ်ယောက်သည် ဆန့်ကျင်ဘက် ပြန်လှန်ပြောဆိုရာ အနီးရှိ နွားတစ်ကောင်မှ ထိုလူ၏
ရင်ဘတ်ဆီသို့ ပြင်းထန်စွာ ဝှေ့ခတ်လိုက်သည်ကို လူအများ အံ့သြစွာ တွေ့မြင်လိုက်ကြရသည်။
၁၂၆၀ ပြည့်နှစ်၊ ၀ါလကင်းလွတ်၍ တန်ဆောင်မုန်းလ အရောက်တွင် မွန်ပြည်နယ် ကျိုက်ထိုမြို့
နယ်ရှိ (၀က်သစ်ချပင်များ ပေါက်ရောက်ရာ တောင်ပေါ်ရှိ တောကျောင်း) ဟု အဓိပ္ပါယ်ရသော သေက္ချ
(သစ်ချ) တောာင်တောရကျောင်းသို့ တောပျော်ရဟန်းတစ်ပါး ဖြစ်သော ဦးတိလောက ပင့်လျှောက်ချက်
အရ လယ်တီဆရာတော်ဘုရားကြီး ကြွရောက်တော်မူလာသည်။ ဦးတိလောကသည် လယ်တီဆရာတော်
ဘုရားကြီး၏ ထင်ရှားသော တပည့်ကြီးတစ်ပါးဖြစ်ပြီး ဆရာတော်ကြီး နှစ်သက်တော်မူသော ပဏ္ဍိတ ဝေဒ
နိယ ဒီပနီကျမ်းကြီးကို ရေးသားခဲ့သူ ဖြစ်သည်။
သေက္ချ တောရကျောင်း၌ တပည့်များနှင့်အတူ သီတင်းသုံးစဉ် ကမ္မဌာန်းတရားစီးဖြန်း အားထုတ်
နေသော တစ်ညတွင် ဆရာတော်အား အလုပ်အကျွေး ပြုစုသူ ကပ္ပိယ မောင်စမုံသည် ဆရာတော်အား
ဖျော်ရည်တစ်ခွက်ကပ်ရန်အလာ အံ့သြဖွယ်ရာ ဖြစ်ရပ်ဆန်းကို တွေ့မြင်လိုက်ရသည်။
ကမ္မဌာန်းတရား စီးဖြန်းအားထုတ်နေသော ဆရာတော်ကြီးသည် မြေပြင်မှ နှစ်တောင်ခန့် အကွာ
အထက်တွင် တင်ပလ္လင်ခွေလျှက် မျက်လွှာချကာ သီတင်းသုံးနေသည်ကို တွေ့မြင်ရခြင်း ဖြစ်သည်။
ကပ္ပိယ မောင်စမုံသည် ဖျော်ရည်ခွက်ကို ကိုင်ကာ ရှေ့မတိုးဝံ့ပဲ နောက်ကိုဆုတ်ကာ ဦးတိလောက
အစရှိသော တပည့်များအား လျောက်ထားလေသည်။ သီတင်းသုံးဖေါ် တပည့်များမှာ ဦးနန္ဒမာလာ၊
ဦးဝိသုဒ္ဓ၊ ဦးသောဘဏ၊ ဦးသုန္ဒရ၊ ဦးစန္ဒရ၊ ဦးတိလောကတို့ ဖြစ်သည်။
ဤအံ့ဖွယ်ထူးဆန်း အဖြစ်အပျက်ကို တပည့်အားလုံးတို့သည် မနီးမဝေး တစေ့တစောင်း
ချောင်းမြောင်း ကြည့်ရှုကြသည်။ ဆရာတော်ကြီး အသက်ထင်ရှား ရှိနေသမျှ မည်သူကိုမျှ မပြောကြား
ရဟုဦးတိလောက ကိုယ်တိုင် မိန့်ကြား နှုတ်ပိတ်ခဲ့သည်။
၁၂၆၂ - ၁၂၆၃ ခုနှစ်များအတွင်း အလုံမြို့၏ အနောက် သလ္လာဝတီ မြစ်ကမ်းနဖူးတွင် တည်ရှိသော
ရွှေတောင်ဦး တောကျောင်းဂူ၌ ၀ါကပ်တော်မူစဉ် ထိုကျောက်ဂူထဲတွင် ၄ လ၊ ၅ လအကြာ တစ်ပါးတည်း
ပဓါနအလုပ် အားထုတ်တော်မူရာ အဖျားရောဂါကြီး ဖိစီးနှိပ်စက်မှု ခံစားရသည်။
ထိုစဉ် ကျောက်ဆင်းတုကဲ့သို့ ဖြူဖွေးသော အ၀တ်ကိုဝတ်လျှက် လူလားမသိ နတ်လားမသိ လူ
တစ်ယောက်အတိုင်းပင်လျှင် ဆရာတော်ကြီးအား စောင့်ရှောက်နေ၏။ ဆရာတော်ကြီးသည် တစ်ညလုံး
လူဖြူနှင့်သာ အချိန်ကုန်လွန်၏။ နံနက်လင်း၍ ဆွမ်းခံရွာမှ ဒါယကာများ လာရောက်မေးလျှောက်ကြရာ
မုံရွာသို့ ရောက်အောင် ပို့ဆောင်ခိုင်းပြီး ကုလားထိုင်ဖြင့် ထမ်း၍ ပို့ဆောင်ပေးသည်နှင့်တစ်ပြိုင်နက်
သတိမေ့လျှက် အိပ်ပျော်သွား၏။ အလုံမြို့ ရွှေကျောင်း (ဦးဥာဏ၀ံသ) ဦးစံချိန်ကျောင်းသို့ ရောက်ရှိ၍
ကုလားထိုင်ချသောအခါ သတိရကာ နိုးလာ၏။ ဤကဲ့သို့ ဖြစ်ရခြင်းအကြောင်းကို လျှောက်ထားရာ
“ညက ဂူထဲ၌ လူဖြူတစ်ယောက် စောင့်ရှောက်ဟန် တူသည်” ဟု မိန့်တော်မူသည်။ ထိုမှတစ်ဆင့်မုံရွာသို့
ရောက်သောအခါ ညဥ့်၌ အိပ်မက်ကြီး ၆ ချက် မြင်မက်တော်မူသည်။
အဆိုပါတောင်ခြေ သလ္လာဝတီ မြစ်ကမ်းစ၌ နေသန့်စင်ရန် ယာယီဆောက်လုပ်ထားသော
ကွပ်ပစ်ပေါ်၌ ညနေအေးချိန် ရေကသိုဏ်း ရှုမှတ်တော်မူပြီး ခေတ္တ အနားယူချိန် အခိုက်တွင် ညစ်ပေ
ဟောင်းနွမ်းသော အ၀တ်နှင့် လူတစ်ယောက်သည် ဆရာတော်၏ခြေရင်းမှ ရှိခိုးဝပ်ချပြီး မိမိလွယ်အိပ်
ထဲမှ ပုလင်းဖြင့်ထည့်ထားသော ပြာများကို သာသနာတော်ပြုစုရန် တွင်ကျယ်မည်ဖြစ်ကြောင်း
လျှောက်ထားပြီး လှူဒါန်းရာ ဆရာတော်ကြီးသည် ဂရုမစိုက် အမှုမထားသလို “မင်းပြာက စားဖိုလယ်
ပြာလားကွဲ့” ဟု မိန့်တော်မူလိုက်ရာ ထိုသူသည် “ငါ့ကို အထင်သေးတာပဲ” ဟု မှတ်ထင်လျှက်
ရုတ်တရက်ဆရာတော်ကြီးရှေ့မှောက်တွင် တင်ပလ္လင်ခွေထိုင်ပြီး သလ္လာဝတီရေသို့ ခုန်ချလိုက်ရာ
ရေပြင်ပေါ်တွင် ဗူးတောင်း၊ ဘောလုံးများကဲ့သို့ မနစ်မမြုပ်ပဲ ပေါလောပေါ်လျှက် ထုံးစံအတိုင်း
အောက်သို့မစုန် အထက်သို့သာ တဖြည်းဖြည်း ဆန်တက်သွားသည်ကို မျက်စိတဆုံး ကြည့်ရင်း
ပျောက်ကွယ်သွားလေသည်။
အခါတစ်ပါး ဆရာတော်ကြီးသည် တောတောင်ထူထပ်လှသည့် တောင်ထိပ်၌ တည်ထားသော
ကျိုက်ထီးရိုးဘုရားသို့ ဘုရားဖူးကြွရာ ဆင်ရိုင်းအုပ်ကြီးတစ်အုပ်သည် ဆရာတော်ကြီးနှင့် တပည့်များ
နောက်သို့ ပြေးလာသည်။ တပည့်သားအားလုံး ဘေးရန်မှ ကင်းရန် သစ်ပင်များပေါ်သို့ တက်ပြေးကြ
သည်။ သို့သော် ဆရာတော်ကြီးသည် မေတ္တာပို့သလျှက် မြဲမြံတည်ကြည်စွာ ရပ်နေခဲ့သည်။ ဆင်ရိုင်းများ
သည် တစ်ဟုန်ထိုးပြေးလာသည်မှ အရှိန်ကိုလျှော့ကာ သိမ်မွေ့သော အမူအယာဖြင့် ဆရာတော်ကြီးထံ
ချဉ်းကပ်ပြီး အရိုအသေပြုကြသည်။ ဤကား ဆရာတော်ကြီး၏ ထူးဆန်းအံ့ဖွယ်ကောင်းသော မေတ္တာတန်
ခိုး ဖြစ်ပါသည်။
“မေတ္တာသဒ္ဒေါ အနန္တော”
၁၂၅၄ ခုနှစ် ဂေဇက်ဝင် မုံရွာမြို့ ဆုတောင်းပြည့်စေတီတော်ကြီး ပြိုပျက်လျှက်ရှိရာ ကိုယ်တော်
တိုင် ခေါင်းဆောင်ပြုလျှက် သဒ္ဒါတရားရှိကြသူ ၄ ကျိပ်ကျော်၊ ၅ ကျိပ်တို့နှင့် တိုင်ပင်ပြီး ပြန်လည်ပြုပြင်
တော်မူသည်။
ထိုသို့ပူဇော်ရာ၌ စေတီတော်မြတ်ကြီး၏ ဌာပနာတိုက်တွင် ကျောက်စာရေးတော်မူသည်မှာ ပါဠိ
ဂါထာတော်တွင် ဒုတိယပါဒ ဖြစ်သော “ထေရာပိဋက ပါရဂူ” ဟု ထည့်သွင်း၍ ရေးတော်မူသည်။ မုံရွာမြို့ရှိ
သံဃာတော်အများသည် ထိုဒုတိယပါဒကို မနှစ်သက်ကြပေ။ မခံမရပ်နှိုင်ဖြစ်ကာ လယ်တီဆရာတော်
ရေးသော ကျောက်စာကို ရိုက်ချိုးဖျက်ဆီး၍ ရေထဲ၊ ချောင်းထဲ မျှောမည်ဟု အသံများ ထွက်လာ
ကြသည်။
လယ်တီဆရာတော်ကြီး ဘက်ကလည်း ဤသို့ အသံထွက်ပေါ်လာပြန်၏။ “ပိဋက ပါရဂူ” ဟု
ရေးခြင်းသည် ပိဋကတ်သုံးပုံ အလုံးစုံကို အကုန်တတ်မြောက် ကမ်းတစ်ဖက်ရောက်၍သာ ရေးခြင်းဖြစ်
သည်။ ဘာအပြစ်ရှိသလဲ ပိဋကတ်နှင့် စပ်ဆိုင်ရာ မေးမြန်းချင်တာမေးကြ မဖြေနိုင်က “ပိဋက ပါရဂူ” ကို
ဖျက်လိုက ဖျက်နိုင်သည် စသည်ဖြင့် လယ်တီဆရာတော်နှင့် မုံရွာမြို့ရှိ သံဃာတို့မှာ သူ့ဘက်ကိုယ့်ဘက်
နှစ်ဘက်နေ ဆန့်ကျင်နေကြသည်။
ဤကဲ့သို့ နှစ်ဘက် အခြေအတင်ဖြစ်နေကြရာ တစ်နေ့သ၌ ကျောင်းဒါယက ဦးကြယ်သည် မိမိ
အိမ်သို့ မြို့သံဃာတော်များနှင့် လယ်တီတောရကျောင်း သံဃာတော်များ ပင့်ဖိတ်၍ ဆွမ်းကပ်ရာ သံဃာ
တော်များ ၈ ကျိပ်ခန့်ရှိသည်ဟု ဆို၏။ လယ်တီဆရာတော်အား ပိဋကတ် ပုစ္ဆာဆင်၍ စာမေးပွဲသဘင်
ဖြစ်၍နေသည်။ ထိုအခါ လယ်တီဆရာတော်ကြီးသည် ကြောက်ရွံ့ခြင်း ကင်း၍ ခြင်္သေ့မင်းကြီးကဲ့သို့
ဗျတ္တိဗလ၊သတ္တိဗလ တို့နှင့် ပြည့်ဝပြောင်မြောက်လျှက် ဆောက်လုပ်ထားသော တရားမဏ္ဍပ် အလယ်တွင်
ရဲရင့်စွာသီတင်းသုံးလျှက် ရှနေရာ “ပိဋကတ်ဆိုင်ရာ မေးလိုရာ မေးကြလော့ တခဏခြင်းဖြင့် ငါဖြေအံ့”
ဟု ပညာရဲရင့် ပွဲလည်တင့်စွာ မိန့်တော်မူလိုက်သည်။
သံဃာတော် အများစုသည် မေးခွန်းပြဿနာများ ထုတ်ဆင်ဘို့ဝေးစွ ဆရာတော်ကြီးရှေမှောက်
အနီး၌ပင် မချဉ်းကပ်ဝံ့ကြပေ။
ထိုအခိုက် သက်ရွယ်တော် ကြီးရင့်သော ဆရာတော်ကြီးတစ်ပါးသည် တရားမဏ္ဍပ်အတွင်းသို့
ကြွရောက်ပြီး “ဟေ့ သံဃာတော်အရှင် လူပရိတ်သတ်အပေါင်းတို့ အလယ်မှာ ရဲတင်းစွာနေသူဟာ
ဘယ်သူလဲ” ဟု မိန့်တော်မူ၍ လယ်တီဆရာတော်သည် မိမိထက် အသက် သိက္ခာကြီးသည့် ဆရာတော်
ကြွလာသောအခါ မူလနေရာမှရွှေ့၍ လက်အုပ်ချီ ရှိခိုးနေလေသည်။
ထိုအခါ မထေရ်ကြီးသည် သံဃာတော်အများအား ကိုယ့်ကျောင်းကို ပြန်ကြွပြီး ကိုယ့်တရားကိုယ်
အားထုတ်ကြရန် ပိဋကတ္တယပါရဂူ ကိုယ်တော်ကိုယ်တိုင် မိမိတတ်မြောက်သကဲ့သို့ မိမိတပည့်များ
ကို တတ်မြောက်အောင် သင်ကြားပေးရန် မိန့်တော်မူသည်။ မထေရ်ကြီး ဆိုလိုရင်းမှာ သံဃာတော်များ၏
အမေးပုစ္ဆာကို လယ်တီဆရာတော် ဖြေကြားနိုင်ပေမယ့် လယ်တီဆရာတော်မှ ပြန်၍မေးလျှင် ဖြေဆိုနိုင်
မည့် ပုဂ္ဂိုလ်မရှိ၍ မိန့်ကြားဟန် ဖြစ်ပေလိမ့်မည်။ မီးကို ရေနှင့်ငြိမ်းသကဲ့သို့ နှစ်ဖက် အဓိကရုဏ်းမှုကြီး
ပြေငြိမ်းသွားလေ၏။
၁၂၅၉ ခုနှစ် တန်ဆောင်မုန်းလ၌ အဘိဓမ္မာဆိုင်ရာအဖွင့် “ပရမတ္ထ ဒီပနီ ”မည်သော မဟာဋီကာသစ်
(ဋီကာမော်) ပါဠိကျမ်းကြီးတစ်စောင်ကို စီရင်ရေးသားတော် မူခဲ့သည်။
ဤကျမ်းကြီးကို ရေးသားစီရင်ရခြင်းသည် မန္တလေးမြို့ စံကျောင်းတိုက်၏ ပထမစာတော်ချနှင့်
နေခဲ့စဉ် “ သီဟိုဠ်ကျွန်း၌ ရဟန်းများသည် မြန်မာနိုင်ငံရှိ ရဟန်းတော်များမှာ အဘိဓမ္မာတတ် မရှိ၊ သဒ္ဒါ
တတ် မရှိကြ” ဟူ၍ ကဲ့ရဲ့ရှုတ်ချ ပြစ်တင်ခြင်းကို ပြန်လည်ချေပလိုသော ဆန္ဒဖြင့် ရေးသားတော်မူခြင်း
ဖြစ်သည်။
သီဟိုဠ်ကျွန်း ရှင်သုမင်္ဂလသာမိ မထေရ် ပြုစုစီရင်သော အဘိဓမ္မတ္ထ ၀ိဘာဝနီ ဋီကာကျမ်းကို
မြန်မာနိုင်ငံရှိ သံဃာတော်များ မှီငြမ်းပြုနေရသည်။ ထိုကျမ်း၌ ချွတ်ချော် မှားယွင်းမှုများ ပါရှိနေသည်ကို
သံဃာတော်အချို့မှာ အချက်ပေါင်း ၆၇ ချက်ခန့်သာ တွေ့ရ၏။ လယ်တီဆရာတော်ကြီးသည် သီဟိုဠ်
ကျွန်းမှ အဘိဓမ္မတ္ထ ၀ိဘာဝနီဋီကာ (ဋီကာကျော်) ကျမ်း၏ ချွတ်ချော် မှားယွင်းမှုများမှာ အချက်ပေါင်း
၂၄၅ ချက်အထိ တွေ့ရ၏။ ထိုကျမ်း၏ ချွတ်ချော်မှားယွင်းချက်များကို ဖေါ်ထုတ်ပြီး မိမိပြုစုရေးသားသော
ပရမတ္ထဒီပနီမည်သော ဋီကာသစ် (ဋီကာမော်) ကျမ်းသည်ကား အလုံးစုံ အမှန်တရားများသာ ဖြစ်သည်ဟု
ပြောဆိုသကဲ့သို့ဖြစ်၏။
၁၂၆၇ ခုနှစ် နတ်တော်လဆန်း ၈ ရက်နေ့တွင် လယ်တီဆရာတော်ကြီးသည် နောက်ပါတပည့်
သံဃာတော်များနှင့်တကွ ရန်ကုန်မြို့သို့ ကြွရောက်ပြီး တရားပွဲများစွာ ဟောကြားတော်မူသည်။
လယ်တီဆရာတော်ကြီး ရန်ကုန်မြို့ ကြွရောက်ရှိစဉ် သီဟိုဠ်ဋီကာကျော်ကို နှစ်သက်ရင်းစွဲရှိ
သော သံဃာတော်များသည် လယ်တီပရမတ္ထဒီပနီဋီကာသစ် (ဋီကာမော်) ကျမ်းနှင့်ပတ်သက်၍ မကျေ
မနပ် ဖြစ်နေကြသည်။
လယ်တီ ပရမတ္ထဒီပနီ ဋီကာသစ်(ဋီကာမော်) ကျမ်းကို ဆန့်ကျင်ဘက် တိုက်ခိုက်ကြသည့်
ကျမ်းစာအုပ်ပေါင်း ၂၀ ခန့်ထွက်ပေါ်လာသည်။
ဆန့်ကျင်ဘက်ပွဲများလည်း ပြုလုပ်ကြသည်။ လယ်တီဋီကာစာအုပ်များကိုလည်း မီးရှို့ပစ်ရန်
စီစဉ်ကြသည်။ သင်္ဂြိုအရကောက်ကျမ်းပြု အဘိဓမ္မာဆိုင်ရာ အထူးနာမည်ကြီးသော အရှင် စန္ဒ၀ံသာ
လင်္ကာရ မြို့ပြင်ဂိုဏ်းအုပ် ဆရာတော်ကြီး မိန့်တော်မူစဉ်မှာ မိမိတို့ စာချစဉ်မှာ ၀ိဘာဝနီဋီကာ၌
ပါဠိတော်နှင့် မကိုက်ညီသော အချက်ပေါင်း ၆၀ ကျော်လောက်သာ တွေ့ကြောင်း လယ်တီတောကျောင်း
ဘုန်းကြီးမှာ အချက်ပေါင်း ၂၀၀ ကျော် တွေ့ရှိသဖြင့် မိမိထက် စာကြည့် စေ့စပ်သေချာကြောင်း ချီးကျူး
မိန့်တော်မူရာ ကဲ့ရဲ့ရှုတ်ချသော သံဃာတို့မှာ တိတ်ဆိတ်ငြိမ်သက်နေကြသည်။
မည်သို့ပင်ဖြစ်စေ လယ်တီဋီကာသည် ဋီကာမော်ဟု ကျော်၍ လာခဲ့သည်ဖြစ်၍ စာပေသမိုင်း
ဥဒါန်းမော်ကွန်း ရေးထိုးခြင်းခံရသော ကမ္ဘာ့ပညာရှင်များ အားကိုးရမည့် ကျမ်းကြီးတစ်ဆူ ဖြစ်၍နေသည်။
သက္ကရာဇ် ၁၂၆၈ ခုနှစ်တွင် လယ်တီဆရာတော်ကြီးသည် သရေခေတ္တရာ မည်သော ပြည်မြို့
ဝိပဿနာကုန်းတောရ၌ ၀ါကပ်တော်မူသည်။
၎င်းနှစ် တော်သလင်းလ ဟင်္သာတနယ်တွင် မိုးကြီးခေါင်၍ သီးနှံများ ပျက်စီးဆုံးရှုံးကြရသည်။
အစိုးရ ရုံးတော်၌လည်း လယ်ပျက်လျှောက်လွှာများ တသဲသဲ ရောက်ရှိကြ၏။ ထိုအခါ ဧရာဝတီမင်းကြီး
သည် အရေးပိုင်၊ နယ်ပိုင်၊ မြို့ပိုင်မှစ၍ လူကြီးလူကောင်းများအား ဖိတ်ကြားပြီး လယ်တီဆရာတော်ကို
ပင့်၍ တရားပွဲ ပြုလုပ်ရမည်ဟု အမိန့်ရှိ၏။
အချို့သောသူတို့သည် စကားတီးတိုးပြောကြသည်မှာ “လယ်တီဆရာတော်နှင့် မိုးခေါင်တာ
ဘာဆိုင်သလဲ” စသည်ဖြင့် ပြောဆိုကြသည်။
သို့သော် မင်းကြီးအမိန့် မလွန်ဆန်နိုင်၍ လယ်တီဆရာတော်ကြီး သီတင်းသုံးတော်မူရာ ပြည်မြို့သို့
လာရောက်ပင့်ဆောင်ကြသည်။ ဟင်္သာတမြို့ရှိ အချို့သောသူတို့သည် တရားဟောမဏ္ဍပ် ဆောက်ခြင်း၊
စံကျောင်းနှင့်တကွ သင်္ဘောဆိပ်မှ စံကျောင်းအထိ ရာဇမတ်ကာ၊ သဲဖြူခင်း၊ ငှက်ပျောပင်စိုက်၊
ပိတ်မျက်နှာကြက် အဆန်းတကြယ် စီမံပြုလုပ်ကြသည်။
လယ်တီဆရာတော်ဘုရားကြီးသည် ၀ါတွင်းဖြစ်ရာ မကြွလိုကြောင်း မိန့်တော်မူရာ သတ္တ၀ါများ
သေကြေ ပျက်စီးမည့်ဘေးမှ ကာကွယ်စောင့်ရှောက်လိုသောကြောင့် လယ်တီဆရာတော်သည်
တပည့်ဖြစ်သူ မောင်ဝဏ္ဏိတအား တိုးတိုးကြိတ် မိန့်တော်မူသည်မှာ “ရွှေစည်းခုံ ကျောင်းတိုက်မှ
လယ်တီတိုက်သို့ရောက်သည့်တိုင် အနှစ် ၂၀ ကျော် ရေလှူဒါန်းခဲ့သည့် ရေ၀တ်ကြီး၏ အကြောင်းကို
ဟင်္သာတ မြို့သူမြို့သားတို့အား ထင်ရှားစွာ ပြရတော့မည်။ ရေလှူဒါန်းခြင်း အကျိုးကြီးမားကြောင်း”
စသည်ဖြင့် မိန့်ကြားတော်မူသည်။
လယ်တီဆရာတော်ကြီးသည် ညဥ့်အချိန်မှစ၍ အနှစ် ၂၀ ကျော် ရေ၀တ်ကြီးကို အောက်မေ့
ဆင်ခြင်တော်မူခြင်း၊ ငါးရံ့မင်း ပရိတ်တော်ကြီးကို ပုတီးစိတ်ခြင်း၊ ပဇ္ဇုန်နတ်နှင့် အထက်ဝလာဟက
နတ်တို့အား အထူးမေတ္တာပို့ခြင်း စသည်တို့ကို ပြုလုပ်သည်။
နောက်တစ်နေ့တွင် နောက်ပါတပည့်သံဃာ ငါ့းပါးခြံရံလျှက် ဧရာဝတီ မီးသင်္ဘောဖြင့် ဟင်္သာ
တမြို့သို့ ကြွရောက်တော်မူရာ ဆိပ်ကမ်းသို့ ဆိုက်ကပ်ခါနီးတွင် ကောင်းကင်တစ်ခုလုံး အခြေအနေ
ရုတ်တရက်ပြောင်းလဲပြီး မိုးတိမ်တွေ အုပ်ဖုံးထစ်ချုန်း၍ မိုးများ သည်းထန်စွာ ရွာသွန်းလာသည်။
မီးသင်္ဘောကြီးသည် ဧရာဝတီ မြစ်ကမ်းသို့ မကပ်နိုင်ဘဲ မြစ်လည်ခေါင်တွင် ကျောက်ဆူးချ၍ ခေတ္တ
ရပ်နေရ၏။
အကြိုအဆိုသမားများသည် လယ်တီဆရာတော်ကြီးကို ထမ်းစင်ဖြင့် ပင့်မည်ပြုရာ ထမ်းစင်
မလိုကြောင်း ခြေလျှင် ကြွမည်ဖြစ်ကြောင်း မိန့်တော်မူသည်။
လယ်တီဆရာတော်ကြီး၏ ရေ၀တ်ကုသိုလ်ကြောင့် မိုးများရွာသွန်းရာ ပရိတ်သတ်ထဲမှ ဧရာဝတီ
မင်းကြီး မက်ကဆွဲ သည် ဆရာတော်ကြီးအား အရိုအသေပေး၍ နောက်မှလိုက်ကာ စံကျောင်းသို့
ပင့်ဆောင်သွားလေသည်။
လယ်တီဆရာတော်ကြီး၏ ထူးဆန်းအံ့ဖွယ်များသည် မကုန်ဆုံးသေးပါ။ များစွာ ရှိနေပါသည်။
ဤနေရာ၌ ဤမျှသာ ဖေါ်ပြခြင်းဖြစ်ပါသည်။
၁။ အဂ္ဂမဟာပဏ္ဍိတ ဘွဲ့တံဆိပ်တော်ကို မြန်မာနိုင်ငံ ပထမဦးဆုံး ၁၂၇၃ ခုနှစ်တွင် လယ်တီ
ဆရာတော်ကြီး ရရှိတော်မူလေသည်။
၂။ လယ်တီဆရာတော်ကြီးသည် နိုင်ငံခြား သာသနာပြု အသင်းကြီးကို မန္တလေးမြို့၌ ဗဟိုပြု၍
၁၂၇၅ ခုနှစ် နယုန်လဆန်း ၁၅ ရက်နေ့တွင် ဖွဲ့စည်းတည်ဆောက်တော်မူသည်။
သို့သော် ဆရာတော်ကြီးသည် ထူးထူးဆန်းဆန်းပြုလုပ်၍ ဆက်ကပ်လာသော အဂ္ဂမဟာပဏ္ဍိတ
တံဆိပ်တော်ကို မိမိကိုယ်တိုင် ရွေးချယ်ပေးသော ဘွဲ့တံဆိပ်တော်ဖြစ်သောကြောင့် လည်းကောင်း၊
အခြား အကြောင်းအမျိုးမျိုးကြောင့်လည်းကောင်း ကြွရောက်၍ ယူတော်မမူပါ။
၁၃၈၃ ခုနှစ် နတ်တော်လဆန်း မြန်မာနိုင်ငံ ရန်ကုန်မြို့ တက္ကသိုလ်ကျောင်းတိုက်ကြီး၏ အကြီး
အမှူးဖြစ်သော ချင်စယ်လာ ဘုရင်မင်းမြတ် ယူနီဗာစီတီ သိပ္ပံကျောင်းတော်ကြီးဖွင့်ပွဲ အထိမ်းအမှတ်အဖြစ်
“ဒီလစ် ပိဋကတ္တပါရဂူ” ဘွဲ့တံဆိပ်ကို လယ်တီဆရာတော်ဘုရားကြီးအား ဆက်ကပ် ပူဇော်လေသည်။
ထိုဘွဲ့တံဆိပ်ကိုလည်း ဆရာတော်သည် ကိုယ်တိုင်ကြွရောက်၍ အလှူခံတော် မမူပေ။
လယ်တီဆရာတော်ကြီး၏ အမျိုးဘာသာ သာသနာတော်အတွက် သူမတူအောင် လွန်ကဲထူးခြား
ပြောင်မြောက်စွာ အားထုတ်ကျင့်ဆောင်တော်မူသည့် ဂုဏ်ကျေးဇူးတော်များကိုလေးစားဂုဏ်ပြုသည့်
အနေဖြင့် မဟာလယ်တီဆရာတော်ဘုရားကြီးဟု ကမ္ဘာ့ပညာရှင်များသည် ခေါ်ဝေါ်သုံးစွဲကြသည်။
ဒီပနီကျမ်းပေါင်း ၁၀၀ ကျော်ရေးသားတော်မူခဲ့သည်။ မဟာလယ်တီဆရာတော်ဘုရားကြီးသည်
သက္ကရာဇ် ၁၂၈၅ ခုနှစ် ပထမ၀ါဆိုလဆန်း ၁၅ ရက် လပြည့်နေ့ ဗုဒ္ဓဟူးနေ့တွင် သက်တော် ၇၇ နှစ်
သိက္ခာတော် ၅၇ ၀ါသို့ ရောက်ရှိတော်မူ၏။ ပျဉ်းမနားမြို့ သူဌေး ဦးလန်း ဒေါ်မမလေးတို့ပင့်လျှောက်ချက်
အရ ဆောက်လုပ်လှူဒါန်းအပ်သော လယ်တီစံကျောင်းတော်ကြီး၌ သီတင်းသုံးတော်မူစဉ် အိုခြင်း၊ နာခြင်း
ဒုက္ခဝေဒနာ ခံစားတော်မူရသည်။
ဆရာတော်ဘုရားကြီး မနာမကျန်းဖြစ်တော်မူစဉ် ပဌာန်းပဥှာဝါရပါဠိတော်ကြီးကို နာကြားလို
ကြောင်း မိန့်တော်မူရာ ထိုနေ့ အနီးရှိ တပည့်များဖြစ်ကြသော လယ်တီဦးဝဏ္ဏိတ ဆရာဦးလှတင်၊
စစ်ကိုင်း ဇမ္ဗူပတိချောင် လယ်တီဦးပဒုမ၊ လယ်တီပဏ္ဏိတ ဆရာကြီး ဦးမောင်ကြီး တို့နှင့် သေက္ချတောင်
ဦးတိလောကတို့မှာ ပဥှာဝါရပိုင်း အစမှ အဆုံးတိုင်အောင် အသီးသီး တစ်ပါးစီ ရွတ်ဖတ်ပူဇော်
နေကြရသည်။
ထိုနေ့ ၁၂ နာရီမှ စတင်ရွတ်ဖတ်ပူဇော်ရာ နေ့ ၂ နာရီ ၃၀ မိနစ်အချိန်သို့ရောက်ရှိလျှင် ပဌာန်း
ပဥှာဝါရပါဠိတော်ကြီး ပြီးဆုံးသည်နှင့် တပြိုင်နက် မဟာလယ်တီဆရာတော်ဘုရားကြီးသည် ထွန်းပြောင်
ဝင်းလက်နေသော နေမင်းကြီးသည် ရုတ်တရက်ချက်ခြင်း ကွယ်ပျောက်သွားသကဲ့သို့ ဇာတိကမ္မဇရုပ်
ငြိမ်သက်စွာ ချုပ်ငြိမ်း၍ ခန္ဓာကိုယ် ရုပ်သိမ်းတော်မူလေပြီ
သက်မဲ့မှအစ ပူဇော်ကြရာ
မဟာလယ်တီဆရာတော်ဘုရားကြီး နာမကျန်းမဖြစ်မီ ၇ ရက်လောက်အကြာ လက်ဖက်ရည်ကြမ်း
ဘုန်းပေးနေစဉ် မြေငလျှင်လှုပ်သဖြင့် “လူ့ပြည်လောကမှာ တရားဓမ္မဟောရတာ အားရလောက်ပါပြီ
နတ်တွေ ဗြဟ္မာတွေကို တစ်လှည့်ဟောရန် အချိန်တန်ပြီ” ဟု ဆရာတော်ကြီး အမိန့်ရှိတော်မူသည်။
ပြန်လွန်တော်မူခါနီး အချိန်တွင်လည်း ဒုတိယမ္ပိ မြေငလျှင် တစ်ကြိမ်လှုပ်ပြန်သည်။
ဆရာတော်ဘုရားကြီး ပြန်လွန်တော်မူပြီး ၇ ရက်မြောက်သောနေ့တွင် သူဌေးဦးလန်းတိုက်မှ
ပျဉ်းမနားမြို့ ရန်အောင် ကုန်းမြင့်ရှိ (ယခု ဆရာတော် ဦးဇယျ သီတင်းသုံး နေထိုင်တော်မူသော ဒုတိယ
စံကျောင်း ကုန်းမြေ) စံကျောင်းသို့ ပင့်ဆောင်သည့် အချိန်တွင်လည်း တတိယမ္ပိ မြေငလျှင် တစ်ကြိမ်
လှုပ်ပြန်လေသည်။
ဆရာတော်ဘုရားကြီး ရုပ်ကလပ်တော် စံကျောင်းသို့ ပင့်ဆောင်ပြီး ၇ ရက်အကြာတွင် ကျောင်း
အတက်အဆင်း လှေကားနှင့် မနီးမဝေးနေရာရှိ အခေါက်များ မရှိတော့သည့် သရက်ပင်သေ အခြောက်
ကြီးမှ ရုတ်တရက် ရွက်နုများ ထွက်ပေါ်လာပြီး အန္တိမ သဘင်ဆင်ယင်သည့် တပေါင်းလ (၈ လ) အထိ
အဖူး၊ အပွင့်၊ အသီးများနှင့် ဝေဆာလျှက်ရှိခြင်းပင် ဖြစ်ပါသည်။
ဆရာတော်ကြီး၏ ရုပ်ကလပ်တော်သည် ကျိန်းစက်နေသည့်အလား မပုတ်မသိုး မူလပကတိအတိုင်း
တည်ရှိနေသည်။ ဆရာတော်ကြီး၏ ရုပ်ကလပ်တော်ကို မုံရွာမြို့မှ တပည့်များကလည်း ရလိုသောကြောင့်
တရားဖြစ်နေ၍ စံကျောင်းတော်၌ အလောင်းတော် ပူဇော်ခံထားစဉ် ရဲများ အစောင့်အရှောက်
ချထားရသည်။
ရုပ်ကလပ် တရားအမှုတွင် ပျဉ်းမနားမှ အနိုင်ရသဖြင့် ထိုနှစ် တပေါင်းလ၌ အဂ္ဂိအန္တိမ ဈာပန
သဘင်ကို ဆင်ယင်ကျင်းပရန် စီစဉ်ထားကြသည်။
ဆရာတော်ကြီး၏ ရုပ်ကလပ်တော်ကို စစ်ကိုင်းတိုင်းမင်းကြီး၊ ပဲခူးတိုင်းမင်းကြီး၊ ပျဉ်းမနား အရေးပိုင်၊
နယ်ပိုင်တို့အပြင် ရသေ့ကြီး ဦးခန္တီ အစရှိသော ဂိုဏ်းပေါင်းစုံ ဆရာတော်ကြီး အပါး ၅၀၀ ခန့်နှင့်
လယ်တီပဏ္ဏိတ ဆရာဦးမောင်ကြီး စသည့် တပည့်များ ကြွ၍ ၇ ရက်တိုင်တိုင် အခမ်းအနားဖြင့် ကျင်းပ
ပူဇော်ရန် ရဟန်းရှင်လူ ပရိတ်သတ်ရှေ့မှောက်၌ မှန်စီရွှေချ ခေါင်းထဲသို့ လွှပြောင်းထည့်ပြီး အုတ်ဂူ
အတွင်းရှိ ပလ္လင်ပေါ်တွင် တင်ထားကြသည်။
ထို့နောက် ဂူပေါက်မှ သံတံခါးနှစ်ထပ်ကို အာမခံ သော့များခတ်ပြီး ထိုဂူပေါက်ကို အုတ်အင်္ဂတေဖြင့်
အသေပိတ်လိုက်သည်။ အုတ်ဂူအတွင်းမှ သံတံခါးသော့များကို အရေးပိုင်နှင့် နယ်ပိုင်ထံတွင် တစ်ချောင်းစီ
ထားရှိသည်။ ထိုညတွင် အုတ်ဂူနှင့် မလှမ်းမကမ်းရှိ မဏ္ဍပ်အတွင်းဝယ် ဂိုဏ်းပေါင်းစုံ သံဃာတော်များ
၃၃ ပါးခန့်တို့သည် လယ်တီဆရာတော်ကြီး၏ ကျေးဇူးတော် ဂုဏ်တော်များကို ချီးကျူး ထုတ်ဖေါ်
ဆွေးနွေးနေကြသည်။ ထိုနေ့သည်ကား ၎င်းနှစ် တပေါင်းလပြည့်နေ့ ည ဖြစ်သည်။
ညဥ့်သန်းခေါင်ကျော် အချိန်မှစ၍ မြေငလျှင်များ ၃ ကြိမ်လှုပ်သည်။ ကောင်းကင်ယံမှ တူရိယာ
အသံများ ကြားနေရသည်။ တစ်ညလုံး အုတ်ဂူပတ်လည်တွင် ဖယောင်းတိုင်မီးများ ထွန်းညှိထားသကဲ့သို့
မှိတ်ချည်လင်းချည် အလင်းရောင်များ တွေ့မြင်နေရသည်။
မြေငလျှင်လှုပ်ခြင်း၊ ကောင်းကင်ယံမှ တူရိယာအသံများ ကြားနေရခြင်း၊ မီးရောင်များ မကြာခဏ
တွေ့မြင်ရခြင်းကို ဆရာတော်များနှင့် အနီးရှိ လူများမှာ အကဲခတ်နေကြသည်။
တပေါင်းလပြည့်ကျော် ၁ ရက်နေ့နံနက် အာရုံတက်ချိန်၌ ဦးဇေယျကိုယ်တော်တိုင် အာဂန္တု
သံဃာတော်များအား ဆွမ်းကိစ္စ ဆောင်ရွက်နေစဉ် ဘုရား အာရုံဆွမ်း ကပ်လှူကြသော ဒါယိကာမကြီး
အချို့သည် အုတ်ဂူတစ်ချို့ ပြိုကျနေကြောင်း လျှောက်ထားကြသည်။
အုတ်ဂူနောက်ဘက်မှ ဂူပေါက်နေခြင်းသည် မြေငလျှင်ကြောင့်ပဲဟု ယူဆကြသည်။ အတွင်း
သံတံခါးသော့များမှာလည်း အခြေအနေမပျက် ရှိနေသည်။ ရုပ်ကလပ်ထည့်ထားသည့် အခေါင်းမှာလည်း
ပလ္လင်ပေါ်မှာ မူလအတိုင်း တွေ့ရှိရသဖြင့် စိတ်အေးချမ်းစွာ ရှိနေကြသည်။
ရဟန်းရှင်လူ အချို့သည် ထူးဆန်းသည့် အဖြစ်အပျက်အကြောင်းအရာများကို အကဲခတ်ကြည့်
နေကြသည်။ ဆရာတော် ဦးဇေယျအနေဖြင့် သံသယဖြစ်ကာ ချက်ချင်းပင် အရေးပိုင်၊ နယ်ပိုင်၊ ရာဇ၀တ်
ဝန်နှင့် အဓိကကျသော သူဌေး ဦးလန်းတို့အား သွားရောက်ပြောကြားကြရာ သံတံခါးသော့ဖြင့် ဖွင့်ကြည့်
သောအခါ ဆရာတော်ကြီး၏ ရုပ်ကလပ်တော်ကို မတွေ့ရတော့ပါ။ တေဇောဓါတ် လောင်ကြွမ်းထားသော
ပြာများသာ တွေ့ရသည်။
ဆရာတော် ဦးဇေယျ စိတ်အကြီးအကျယ် ထိခိုက်သွားသည်။ ထိုသတင်းသည် တမဟုတ်ချင်း
မြန်မာနိုင်ငံထက်အောက် ပျံ့နှံ့သွားလေသည်။ သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်းများသည် မုံရွာ၊
စစ်ကိုင်း၊ မန္တလေး၊ ရန်ကုန်အထိ ရုပ်ကလပ်တော် ပျောက်မှုကို စုံစမ်းရှာဖွေကြရသည်။ သတင်းစာ
အသီးသီးမှလယ်တီဆရာတော်ကြီး ရုပ်ကလပ်တော် ပျောက်သွား၍ ရှာဖွေနေကြကြောင်း ကြော်ငြာ
အနေဖြင့် ရေးသား ဖြန့်ဝေကြသည်။ ၎င်းကိစ္စကို လက်သည်မပေါ်၍ အဓိကကျသော သူဌေးဦးလန်းနှင့်
ဦးထွန်းလှိုင်တို့အား အရေးယူမည့် အခြေအနေသို့ ရောက်ရှိလာသည်။
ထိုကိစ္စကို ကြိးမားလှသော ရဟန်းရှင်လူ အရေးပိုင် စသည်ဖြင့် အဖွဲ့အစည်းများ စည်းဝေးနေ
ကြစဉ် ရဟန်းပရိတ်သတ်ထဲမှ ဘုန်းတော်ကြီး ဦးနု(ဦးပညာသီဟ) သည် ရဲရင့်ပြတ်သားစွာ မိန့်ကြားတော်
မူလိုက်သည်။
ကျေးဇူးတော်ရှင် ဆရာတော်ဘုရားကြီး၏ ရုပ်ကလပ်တော်ကို မိမိကိုယ်တိုင် ဆရာတော်ကြီး
အသက်ထင်ရှားရှိစဉ် မိန့်မှာတော်မူသည့်အတိုင်း ဆောင်ရွက်ရကြောင်း အပြစ်ပေးလိုက မိမိကိုသာ
အပြစ်ပေးထိုက်သည်ဖြစ်ကြောင်း မိန့်ကြားလေသည်။
၁။ ကျေးဇူးရှင် မဟာ လယ်တီဆရာတော်ဘုရားကြီး၏ ဆန္ဒတော်အရ သမ္မာဒေ၀ နတ်ကောင်းနတ်မြတ်
များ၏ အကူအညီဖြင့် ညဥ့်တစ်နာရီအချိန်မှာ ရုပ်ကလပ်ဆီသို့ အ၀င်မှာ မြေငလျှင်တစ်ကြိမ် တေဇော
ဓါတ် လောင်ကြွမ်းစဉ် မြေငလျှင်တစ်ကြိမ်၊ ပြာကျချိန်တွင် မြေငလျှင်တစ်ကြိမ် သုံးကြိမ်တိုင် လှုပ်ကြောင်း
မိန့်တော်မူသည်။
ဘုန်းတော်ကြီး ဦးနု (ဦးပညာသီဟ) သည် ရေစကြိုမြို့နယ် သပြေပင်ခွေးပြုတ်ရွာ ဇာတိဖြစ်
သည်။ လယ်တီဆရာတော်ဘုရားကြီ၏ ပဋိပတ္တိဓမ္မ အမွေကို တောတောင်အထပ်ထပ်သို့ လှည့်လည်၍
ကြိုးစားအားထုတ်ပြီး ထိမ်းသိမ်းတော်မူခဲ့သည်။
ဆရာတော်ကြီး မနာမကျန်းဖြစ်စဉ် အများမကပ်ဝံ့သော ဆေးဝါးများကိုပင် ဦးနု (ဦးပညာသီဟ)
သည် ဆက်ကပ် တိုက်ကြွေးရသည်။
လယ်တီဆရာတော်ဘုရားကြီးသည် ဘုန်းတော်ကြီး ဦးနုအား မိမိ၏ ရုပ်ကလပ်အလောင်းကို
မီးသင်္ဂြိုဟ်ရန် တာဝန်ပေးကြောင်း မင်းတစ်ဦးတည်း လိုအပ်သလို ဆောင်ရွက်ရန်ဖြစ်ကြောင်း မှာကြား
တော်မူသည်။
ရေစကြိုမြို့နယ် မြေဖြူတောရကျောင်းသည် ရဟန္တာဟု ကျော်ကြားတော်မူခဲ့သော ဘုန်းတော်ကြီး
ဦးနု( ဦးပညာသီဟ) အများဆုံးသီတင်းသုံးရာ တောရကျောင်းဖြစ်သည်။
၂။ ဒေါသဖြစ်နေကြသော ဦးဇေယျ စသည့် ပုဂ္ဂိုလ်များသည် တောက်လောင်နေသော မီးကို အေးမြသော
ရေထဲသို့ နှစ်လိုက်သကဲ့သို့ အားလုံး ငြိမ်းအေး သွားကြလေတော့သည်။ ။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment