Monday, September 16, 2013

ဒိုင်နိုဆောတွေဟာ သွေးနွေး သတ္တ၀ါတွေလား



          အကယ်၍ ကကတစ် ငါးတစ်ကောင်သည် အလွန်အေးစက်နေသော ရေထဲ၌ ကူးခတ်နေပါက

၎င်း၏ ကိုယ်လုံးသည် အေးစက်လာမည် ဖြစ်သည်။ ပူနွေးနေသောရေထဲ၌ ကူးခတ်နေမည်ဆိုပါကလည်း

ပူနွေးလာမည် ဖြစ်သည်။ သို့ရာတွင် ဖျံတစ်ကောင်အဖို့မူ ရေအေးထဲ၌ ရှိနေသည်ဖြစ်စေ၊ ရေနွေးထဲ၌

ရှိနေသည်ဖြစ်စေ ၎င်း၏ ခန္ဓာကိုယ်အပူချိန်သည် သိသိသာသာ ပြောင်းလည်းသွားလိမ့်မည် မဟုတ်

ပါချေ။


         သက်ရှိတိရစ္ဆာန်များ၏ ဇီဝတွင်း ဖြစ်စဉ်သည် တစ်ကောင်နှင့်တစ်ကောင် သိသိသာသာ ကွဲပြား

ခြားနားမှုများရှိနေကြသည်။ ဤနေရာတွင် အလွန်ထင်ရှားသော မေးခွန်းကြီးတစ်ခုမှာ ဒိုင်နိုဆော

များသည် ကကတစ်နှင့်ဖျံတို့အကြား မည်သည့်နေရာ၌ ရှိနေသနည်း ဆိုသော မေးခွန်းပင်ဖြစ်သည်။

    တွားသွားသတ္တ၀ါများသည် သွေးအေးသတ္တ၀ါများ ဖြစ်ကြသည်။ သို့တည်းမဟုတ်ပို၍တိကျအောင်

 ပြောရမည်ဆိုပါက ၎င်းတို့၏ နိမ့်ကျသော ဇီဝတွင်းဖြစ်စဉ် နှုန်းက မိမိတို့၏ ခန္ဓာကိုယ်ကို နွေးထွေး

လာအောင် လုံလောက်သည့် အပူဓာတ်ကို ထုတ်လုပ်ပေးနိုင်ခြင်း မရှိချေ။ ဒိုင်နိုဆောများကို ကျောက်ဖြစ်

ရုပ်ကြွင်းပညာရှင်များ စတင်တွေ့ရှိစဉ်က ၎င်းတို့သည် အလွန်အကျွံ ထွားကျိုင်းနေသည့် တွားသွား

သတ္တ၀ါများ ဖြစ်ရမည်။ ထို့ကြောင့် ၎င်းတို့သည်လည်း သွေးအေးသတ္တ၀ါများ ဖြစ်ရမည်ဟု ယူဆခဲ့

ကြသည်။ လွန်ခဲ့သော နှစ်ပေါင်း ၃၀ ခန့်က ငှက်သတ္တ၀ါများကို လေ့လာခဲ့ကြပြန်၏။ ငှက်များသည်

ဒိုင်နိုဆောများမှ ပြောင်းလည်းဖြစ်ပေါ်လာသော သတ္တ၀ါများဖြစ်ပြီး၊ ၎င်းတို့သည် သွေးနွေးသတ္တ၀ါများ

ဖြစ်ကြသောကြောင့် ယခင်ကဒိုင်နိုဆောများသည် သွေးအေးသတ္တ၀ါများဖြစ်ကြသည် ဆိုသော အယူ

အဆအပေါ် သံသယ၀င်လာစ ပြုလာကြ၏။ သွေးအေးသတ္တ၀ါများ ဖြစ်ကြသည်ဆိုသော အဆိုကို

အသေဆုပ်ကိုင်ထားလိုသူများက အနည်းဆုံးဒိုင်နိုဆော အကောင်ကြီးများအနေဖြင့် ၎င်းတို့၏

 ကြီးမားသော ကိုယ်လုံးကြီးများဖြင့် နေရောင်ခြည်မှ အပူဓာတ်များစွာကို စုပ်ယူရရှိထားနိုင်မည်

 ဖြစ်သောကြောင့် သွေးနွေးသတ္တ၀ါအဖြစ်နှင့် အထူးတလည် အကျိုးကျေးဇူး ရရှိစရာမရှိပါ ဟု ငြင်းခုံ

ကြ၏။ ထိုအခိုက်အတန့်မှာပင် အခြားကျောက်ဖြစ်ရုပ်ကြွင်း ပညာရှင်များက ဒိုင်နိုဆောများ သွေးနွေး

သတ္တ၀ါဖြစ်သည်ဆိုသော အထောက်အထားများကို ကျောက်ဖြစ်ရုပ်ကြွင်းများမှရှာဖွေနေကြသော်လည်း

မတွေ့ကြရသေးချေ။ လောလောဆယ်တွင် ဒိုင်နိုဆောများ၏ ကြီးထွားမှုကို လေ့လာရာမှ အလား

အလာကောင်းသော သဲလွန်စများကို ရရှိနေကြပြီဖြစ်သည်။ ဘာကလေရှိ ကာလီဖိုးနီးယားတက္ကသိုလ်မှ

 ကျောက်ဖြစ်ရုပ်ကြွင်းပညာရှင် Kevin Padian က “ဒီသတ္တ၀ါတွေဟာ ဒီကနေ့ သွေးနွေးသတ္တ၀ါတွေ

 ကြီးထွားတဲ့ပုံစံအတိုင်း ကြီးထွားနေခဲ့ကြတာ ဖြစ်တယ်။ ဒီတော့ ဇီဝကမ္မဗေဒ ပညာရှင်တွေက

 မဟုတ်ဘူးလို့ မပြောသေးသရွေ့ ဒိုင်နိုဆောတွေဟာ သွေးနွေးသတ္တ၀ါတွေရဲ့ ဖြစ်စဉ်အတိုင်း

 ဖြစ်ပေါ်လာကြတယ်ဆိုတာက ပိုပြီး ယုတ္တိတန်ပါလိမ့်မယ်” ဟု မှတ်ချက်ပေးခဲ့လေသည်။

1 comment:

  1. ဗဟုသုတလေးအတွက် ကျေးဇူးပါ

    ReplyDelete

Related Posts Plugin for WordPress, Blogger...