Thursday, September 19, 2013

၁၉၆၂ ခုနှစ် ဇူလိုင်လ ၇ ရက် တကသ အဆောက်အအုံကြီး ဗုံးခွဲဖြိုချပုံ ဇတ်လမ်းစုံ

 



                                                   (၁)

နိုင်ငံရေး သုတေသီ။     ။ စာရေးဆရာကြီး ဒေါက်တာမောင်မောင်က အင်္ဂလိပ်ဘာသာနဲ့ ရေးသားပြီး

သူရဲ့သားနှစ်ဦးဖြစ်ကြတဲ့ ဗိုလ်ကျော်သူ၊ ဗိုလ်အောင်နိုင် (သားမောင်စစ်သည်)တို့ မြန်မာဘာသာ

ပြန်ဆိုထားတဲ့ စာအုပ်တစ်အုပ် ထွက်လာတယ်။

တက္ကသိုလ်စိန်တင်။      ။ မှန်ပါတယ်။ စာအုပ်နာမည်က “ မြန်မာနိုင်ငံ၏ ၁၉၈၈ ခုနှစ်၊ အရေးအခင်း

(ပထမတွဲ) စာအုပ်ပါ။ ဆရာ ဒေါက်တာမောင်မောင်ရဲ့ ဇနီး စာရေးဆရာမ ခင်မြင့်မောင်က အမှာစာ

 ရေးတယ်။


နိုင်ငံရေး သုတေသီ။      ။ အဲဒီ စာအုပ်မှာ ဆရာဒေါက်တာမောင်မောင်က ကျောင်းသားလှုပ်ရှားမှု

သမိုင်းနောက်ကြောင်း ထပ်လောင်းဖြည့်စွက် ရေးသားခဲ့တာ။ ၁၉၆၂ ခုနှစ်က ဇူလိုင်လ ၇ ရက်၊

အရေးအခင်းအပြီးနောက်တစ်နေ့နံနက်စောစော ရန်ကုန်တက္ကသိုလ်ကျောင်းသားများ သမဂ္ဂ

အဆောက်အအုံကြီးကို တပ်မတော်က ဗုံးခွဲဖြိုချ ဖက်ဆီးခဲ့ပုံ သမိုင်းနောက်ခံလည်း ပါသေးတယ်ဆို။

တက္ကသိုလ်စိန်တင်။     ။ ဟုတ်ပါ့ဗျာ။ နှစ်ပေါင်း ၅၀ လုံးလုံး စာပေစိစစ်ရေးက ဖြတ်တောက်ပိတ်ဆို့

ခဲ့တာကြောင့် ဖုံးကွယ်ထားခဲ့ရတဲ့ အဲဒီ “တကသ” အဆောက်အအုံ ဗုံးခွဲဖြိုချပုံ ဖြစ်ရပ်နောက်ကြောင်း

ကို ဒေါက်တာမောင်မောင် ရေးပြတာကြောင့် မြန်မာစာဖတ်ပရိတ်သတ်တွေ ကောင်းစွာ သိရှိနားလည်ခွင့်

ရကြပါတယ်။နိုင်ငံရေး သုတေသီ သိချင်ရင် နားဆင်ပါခင်ဗျ။ ဆရာ ဒေါက်တာမောင်မောင်ရေးပြတဲ့

အတိုင်း ဖေါက်သည်ချလိုက်ပါတယ်။

                                  
                                                                     (၂)


      ၁၉၈၈ ခုနှစ်၊ မြန်မာနိုင်ငံအရေးအခင်းကို ရှင်းလင်းဖေါ်ပြရင်း ဆရာဒေါက်တာမောင်မောင်က ဤသို့

ကောက်ကြောင်းဆွဲခဲ့သည်။ တက္ကသိုလ်ကျောင်းသားများ၏ ဆူပူမှုအား ၁၉၆၂ ခုနှစ်၊ ဇူလိုင်လ ၇ ရက်နေ့

ညနေပိုင်းတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များမှ လက်နက်ငယ်ဖြင့် ပစ်ခတ်နှိပ်နင်းခဲ့သည့် အခင်းဖြစ်ပွားရာ နေရာ

တို့နှင့် မလှမ်းမကမ်း အင်းလျားကန်စောင်းတွင် နေထိုင်သည့် ဗိုလ်ချုပ်ကြီးနေ၀င်းက သေနတ်သံများကို

ကြားရပြီးသော် သူ၏ တပ်မှူးကြီးများအား မောင်းပြန်လက်နက်များနှင့် လိုသည်ထက် အင်အားပိုမို သုံးစွဲခဲ့

ခြင်းအပေါ် ဆူပူကြိမ်းမောင်းခဲ့သည်။ ထို့ပြင် သူက တပ်မှူးကြီးပေါင်းများစွာ တစ်နေရာတည်းတွင် စုံပြုံ

ရောက်ရှိနေကြသည်ကိုလည်း ဘ၀င်မကျခဲ့။ ဇူလိုင်လ ၇ ရက်နေ့ နေ၀င်ချိန်ရောက်သော် ကျောင်းသား

အမာခံအချို့နှင့် နိုင်ငံရေး သွေးထိုးလှုံ့ဆော်သူ အချို့တို့သည် ကျောင်းသားသမဂ္ဂ အဆောက်အအုံ၏

အပေါ်ထပ်တွင် ပုန်းခိုနေကြပြီး ၎င်းခန်းမအတွင်း၌ လက်နက်များလည်း သိုဝှက်ထားရှိသည်ဟု ယူဆ

ရကြောင်းဗိုလ်ချုပ်ကြီးနေ၀င်းထံ ထောက်လှမ်းရေးသတင်းပေးပို့ တင်ပြချက်ရောက်လာသည်။ ထိုအခါ

ဗိုလ်ချုပ်ကြီးကအခြေအနေ ထိန်းသိမ်းကွပ်ကဲရေး ကော်မတီသို့ သူ၏ တပ်မှူးကြီးများအား လူစုခွဲပြီး

ကိုယ့်အိမ်ကိုယ် ပြန်ကြရန်နှင့် အရေးကြုံက ဆုံးဖြတ်ချက်ချမှတ်အမိန့်ပေးနိုင်မည့်သူ တစ်ဦးကိုသာ

ထားခဲ့ရန် ညွှန်ကြားခဲ့သည်။တက္ကသိုလ်သမဂ္ဂ အဆောက်အအုံ၏ အပေါ်ထပ်တွင် ပုန်းခိုနေသူများအား

ညအမှောင်မကျမီ တိုက်ခိုက်မောင်းထုတ်သင့်ကြောင်းနှင့် လိုအပ်ပါက နောက်ပွင့်ရိုင်ဖယ် သုံးသင့်က

သုံးရမည်ဖြစ်ကြောင်းကိုလည်း တစ်ဆက်တည်း အမိန့်ပေးခဲ့သည်။ သို့သော် “ဘယ်သောအခါကမှ

 ကျောင်းသားသမဂ္ဂ အဆောက်အအုံကိုဖြိုခွဲပစ်ဖို့ ကျုပ် အမိန့်မပေးခဲ့သလို ဘယ်သူကမှလည်း ဖြိုခွဲ

ပစ်ဖို့ စီမံချက်ရှိကြောင်း ကျုပ်ကို သတင်းမပို့ခဲ့ဘူး” ဟူ၍ ကျောင်းသားသမဂ္ဂ အဆောက်အအုံ

 ဖောက်ခွဲဖျက်ဆီးခြင်း ခံရပြီးနောက် ဗိုလ်ချုပ်ကြီးနေ၀င်းကထုတ်ဖေါ်ပြောကြားခဲ့သည်။ ဤဖြစ်ရပ်နှင့်

တိုက်ဆိုင်လာသည့် နောက်ပိုင်းကာလများတွင်လည်း ဗိုလ်ချုပ်ကြီးနေ၀င်းက ထိုသို့ပင် ရှင်းလင်းေ

ပြောကြားခဲ့သလို ၁၉၈၈ ခုနှစ်၊ ဇူလိုင်လ ၂၃ ရက်နေ့ ပါတီညီလာခံသို့ သူ၏နောက်ဆုံးနှုတ်ဆက်

မိန့်ခွန်းပြောကြားရာ၌လည်း ထိုဖြစ်စဉ်နှင့် ပတ်သက်ပြီး ထည့်သွင်းပြောကြားခဲ့သေးသည်။

    ကျောင်းသားသမဂ္ဂ အဆောက်အအုံ ဖေါက်ခွဲဖျက်ဆီးခံရခြင်းနှင့် ပတ်သက်၍ ဗိုလ်ချုပ်ကြီးနေ၀င်းက

အမိန့်မပေးခဲ့ပါလျှင် တစ်ဦးတစ်ယောက်ကတော့ အမိန့်ပေးခဲ့ရလိမ့်မည်။ ထိုပုဂ္ဂိုလ်သည် အခြေအနေ

ထိန်းသိမ်းကွပ်ကဲမှုကော်မတီသို့ ကျောင်းသားလှုံ့ဆော်ရေးသမားများ၊ နိုင်ငံရေးတောကြောင်များ

 ခေတ်အဆက်ဆက်၎င်းတို့၏ ခိုအောင်းရာ ဌာနချုပ်အဖြစ် အသုံးပြုနေသည့် ကျောင်းသားသမဂ္ဂ

အဆောက်အအုံအား ဖေါက်ခွဲဖျက်ဆီးသင့်ကြောင်း အကြံဥာဏ်ပေးခဲ့ပေလိမ့်မည်။ ထိုအခါ ကော်မတီ

တွင်ရှိနေသူတို့ထံမှ လက်ခံသဘောတူကြောင်း ထိုစဉ်က အခင်းဖြစ်ပွားရာဝယ် ရှိနေသူတစ်ဦးက

 ပြန်ပြောင်းသတိတရ ရှိနေခဲ့သည်။

    “သတ္တိကြောင်သူ” ဟု စွပ်စွဲပြောဆိုခြင်းခံရမည်စိုးသောကြောင့်လည်း ကန့်ကွက်ဆန့်ကျင်မည့်သူ

တစ်ဦးတစ်ယောက်မျှ မရှိခဲ့။ ရှိနေသူအားလုံးမှာလည်း အရေးပါ အရာရောက်နေသယောင်၊ ရဲစွမ်းသတ္တိ

ရှိနေသယောင်၊ အလုပ်တာဝန်များပြားလွန်းပြီး အနှောက်အယှက်ပေးခြင်း မခံလိုသယောင် အမျိုးမျိုး

ပုံဖမ်းနေခဲ့ကြတယ်။ ထိုစဉ် ဗိုလ်မှူးချုပ်အောင်ကြီး ရောက်ရှိလာပြီး ဗိုလ်မှူးကြီး ဒေါက်တာ လှဟန်အား

 ခေါ်ဆောင်ကာဗိုလ်ချုပ်ကြီးနေ၀င်းထံသို့ အခြေအနေအားလုံး အေးဆေးသွားပြီဖြစ်ကြောင်း သတင်း

ပို့ရန် ထွက်ခွာသွားခဲ့သည်။ ဗိုလ်မှူးချုပ်အောင်ကြီးက ကျောင်းသားသမဂ္ဂ အဆောက်အအုံအား

 မြေခသည်အထိ ဖေါက်ခွဲဖျက်ဆီးနိုင်ဖို့ စီမံချက်ရေးဆွဲနေကြောင်းကိုတော့ ဗိုလ်ချုပ်ကြီးနေ၀င်းအား

သတင်းမပို့ခဲ့။ ကျောင်းသားသမဂ္ဂ အဆောက်အအုံသည် ထိုခေတ်ထိုအခါက နိုင်ငံရေးလောက၏

အကျော်အမော်များဖြစ်ကြသည့် တက္ကသိုလ်ကျောင်းသားကျောင်းသူများ၏ စကားရည်လု၊ စကား

စစ်ထိုးရာနေရာဌာန ဖြစ်ခဲ့သလို တက္ကသိုလ်ကျောင်းသားကျောင်းသူများ၏ လူမှုရေး၊ ယဉ်ကျေးမှု၊

အနုပညာဆိုင်ရာ လှုပ်ရှားမှုများ ပြုလုပ်ကျင်းပရာနေရာ ဌာနတစ်ခု ကျောင်းသားများ နားနားနေနေ

လက်ဖက်ရည်သောက်ရာ၊ ညစာစားရာနေရာ တစ်ခုလည်း ဖြစ်ခဲ့သည်။ နောက်ပိုင်းတွင်လည်း

 သမဂ္ဂ အဆောက်အအုံသည် သခင်အောင်ဆန်း၊ သခင်နု၊ အမ်အေရာရှစ်၊ ဦးညိုမြတို့အတွက်

 နေအိမ်သဖွယ်ဖြစ်ခဲ့ပြီး အရေးပါမှု အခန်းကဏ္ဍတိုးခဲ့ပြန်သည်။ ဦးညိုမြသည် လင်္ကာများကို ထိမိစွာ

အသုံးပြုလျှက် အပြစ် ထောက်ပြရေးသားသူ တစ်ဦးဖြစ်ကာ ကျောင်းသားသမဂ္ဂ မဂ္ဂဇင်းတွင် သူ

ရေးသားခဲ့သည့် ဆောင်းပါးတစ်ပုဒ်ကြောင့် ၁၉၃၆ ခု၊ ကျောင်းသားသပိတ်ကို အစပျိုးဦးတည်စေခဲ့ပြီး

သပိတ်မှောက်မှုဖြစ်စဉ်များ ဆက်တိုက်ပေါ်ပေါက်စေခဲ့သည်။ ဦးညိုသည် သမဂ္ဂခန်းမအား ဆောက်လုပ်

လှူဒါန်းသူဖြစ်ပေရာရန်ကုန်တက္ကသိုလ်မှ ကျေးဇူးတုန့်ပြန်သည့်အနေဖြင့် သူ့အား ဂုဏ်ထူးဆောင်

ပါရဂူဘွဲ့အပ်နှင်းခဲ့သည်။ဗိုလ်ချုပ်ကြီးနေ၀င်း (ထိုစဉ်က သခင်ရှုမောင်) သည်လည်း ၁၉၂၉ ခုနှစ်မှ

 ၁၉၃၁ ခုနှစ်အတွင်း အကြိုဆေးကျောင်းသားဘ၀ဖြင့် စာပေသင်ကြားစဉ်က သမဂ္ဂအဆောက်အအုံ

 ဖွင့်ပွဲတွင် ပါဝင်ခဲ့သည်။ သခင်ရှုမောင်သည် ကျောင်းသားသမဂ္ဂ၏ အစွန်းရောက်ဝါဒီတစ်ဦး

မဟုတ်သော်လည်း သူသည် ရာဇ၀င်သမိုင်းအကြောင်းအရာများနှင့် ရိုးရာအစဉ်အလာများကို

အမြဲတစေ လေးစားလိုက်နာ ၀ါသနာထုံသူတစ်ဦးဖြစ်သည်။

    ကျောင်းသားသမဂ္ဂ အဆောက်အအုံအား ဖေါက်ခွဲဖျက်ဆီးပြီးသည့်နောက် နောင်နှစ်ပေါင်းများစွာ

ကြာမြင့်သည့်တိုင်အောင် ယင်းအဆောက်အအုံကို ဖေါက်ခွဲစေဖို့ မည်သူက အမိန့်ပေးခဲ့သည်ကို

အငြင်းပွားနေကြဆဲဖြစ်သည်။ ဗိုလ်မှူးချုပ်အောင်ကြီးက ထိုအချိန်က ကုန်သွယ်ရေးဝန်ကြီးသာ

ဖြစ်ပြီး လုံခြုံရေးပိုင်းဆိုင်ရာကိစ္စရပ်များကို ဗိုလ်မှူးကြီးကျော်စိုးနှင့် ဗိုလ်မှူးကြီးသန်းစိန်တို့ကသာလျှင်

ကိုင်တွယ်ကြခြင်းဖြစ်ကြောင်းကျောင်းသားများ၏ ဆူပူမှုကို နှိမ်နှင်းခြင်းသည် စစ်ဆေးရေးတစ်ရပ်

မဟုတ်သောကြောင့် ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် တာဝန်ယူထားရသော သူ့အနေဖြင့်

ပါဝင်ပတ်သက်စရာ အကြောင်းမရှိကြောင်းငြင်းဆိုချေပခဲ့သည်။ ယင်းအငြင်းပွားမှုများ အရှိန်အမြင့်ဆုံး

 ရောက်လေသော် ကျောင်းသားသမဂ္ဂအဆောက်အအုံအား ဖေါက်ခွဲဖျက်ဆီးရေး စီမံချက်ကို

 ဗိုလ်ချုပ်ကြီးနေ၀င်းသို့ ကြိုတင်သတင်းပို့ခြင်း မရှိခဲ့ကြောင်းကိုဗိုလ်မှူးချုပ်အောင်ကြီးကလည်း

အတည်ပြု မှတ်တမ်းတင်ခဲ့သည်။

      အမြောက်တပ်ဖွဲ့ ညွှန်ကြားရေးမှူး ဗိုလ်မှူးကြီးလှမြင့်သည် ဖေါက်ခွဲဖျက်ဆီးရေး အမိန့်အား

လက်တွေ့အကောင်အထည်ဖေါ် ထမ်းရွက်ခဲ့ရသူဖြစ်သည်။ ၁၉၆၂ ခုနှစ်၊ ဇူလိုင်လ ၇ ရက်၊

တစ်ညနေခင်းလုံး သူ့အားရန်ကုန်မြို့တွင်းအနှံ့လိုက်လံ ရှာဖွေခဲ့ကြသည်။ သူသည် အချိန်ယူလျှက်

 အေးဆေးစွာဖြင့် မြန်မာ့အသံ၊ အသံလွှင့်အဆောက်အအုံသို့ သွားရောက်ပြီး သတင်းပို့ခဲ့ရာ

 ဗိုလ်မှူးကြီးကျော်စိုးက သူ့အား ဘေးသို့ခေါ်ထုတ်သွားပြီး သူ၏တာဝန်မှာ ကျောင်းသားသမဂ္ဂ

အဆောက်အအုံအား နောက်ပွင့်ရိုင်ဖယ် သို့မဟုတ် အခြားသင့်တော်ရာ နည်းလမ်းတစ်ခုခုဖြင့်

 ဖြိုဖျက်ရန်ဖြစ်ကြောင်း ညွှန်ကြားလိုက်သည်။ ထိုအခါ ဗိုလ်မှူးကြီးလှမြင့်က အံ့သြတုန်လှုပ်စွာဖြင့်

မည်သည့်အတွက်ကြောင့် သမဂ္ဂအား ဖြိုဖျက်ရမည်ကို မေးခွန်းထုတ်ခဲ့ရာ ဗိုလ်မှူးကြီးကျော်စိုးကပင်

“နိုင်ငံရေး သွေးထိုးလှုံ့ဆော်သူတွေရဲ့ ခိုအောင်းရာ အသိုက်အမြုံကို အပြီးအပိုင် တစ်ခါတည်း

ရှင်းမလို့” ဟူ၍သာ ပြန်လည်ဖြေကြားခဲ့သည်။ ကျောင်းသားသမဂ္ဂအဆောက်အအုံကို ဖျက်ဆီးစေဖို့

ဆုံးဖြတ်ချက်သည် အရေးပေါ်အခြေအနေ ထိန်းသိမ်းရေးကော်မတီအတွင်းမှ ချမှတ်ခဲ့ခြင်းလည်း

 ဖြစ်ကောင်းဖြစ်ပေလိမ့်မည်။ သို့သော် ဗိုလ်မှူးကြီးလှမြင့်က သိပ်တော့သေချာစွာ ပြန်လည်မမှတ်မိ။

 သူ့အား ဗိုလ်မှူးကြီးကျော်စိုးက ဘေးသို့ခေါ်ထုတ်ပြီး အမိန့်ပေးနေစဉ် ဗိုလ်မှူးကြီး သန်းစိန်က

အနီးရှိ စားပွဲတစ်လုံးတွင် ဆိတ်ငြိမ်လျှက် အမူအရာကင်းမဲ့စွာဖြင့် ထိုင်နေသည်ကိုတော့ အမှတ်ရ

မိသည်။ နောက်ပွင့်ရိုင်ဖယ်ခွင်းကျည်များသည် သမဂ္ဂအဆောက်အအုံအား ပြိုလဲစေမည်မဟုတ်ဘဲ

 ဖေါက်ထွင်းသွားကာ သမဂ္ဂအဆောက်အအုံနှင့်ကပ်လျှက်ရှိသော အားကစားအဆောက်အအုံနှင့်

ကပ်လျှက်နေထိုင်ကြသည့် နေအိမ်များကိုပင်လျှင် အန္တရာယ်ကျရောက်စေလိမ့်မည်ဖြစ်ကြောင်း

 ဗိုလ်မှူးကြီးလှမြင့်က ဗိုလ်မှူးကြီးကျော်စိုးသို့ ပြန်လည်တင်ပြပြီး တစ်ခုတည်းသော နည်းလမ်းမှာ

 ဒိုင်းနမိုက်ယမ်းများ အဆောက်အအုံသို့ကပ်ကာ ဖေါက်ခွဲစေခြင်းနည်းသာဖြစ်ကြောင်းတစ်ဆက်တည်း

အကြံပြုခဲ့ပါသည်။ “ဒါဆိုရင်လည်း အဲဒီနည်းအတိုင်း ဆက်လုပ်” ဟု ဗိုလ်မှူးကြီးကျော်စိုးကယတိပြတ်

အမိန့်ပေးခဲ့ရာ ဗိုလ်မှူးကြီးလှမြင့်နှင့် လက်အောက်ခံ တပ်ဖွဲ့ဝင်အချို့သည် ဖေါက်ခွဲရမည့် ထုထည်

ခိုင်ခန့်စွာ တည်ဆောက်ထားသော အဆောက်အအုံအား အတွင်း၊ အပြင် အသေးစိတ် ကြည့်ရှု

လေ့လာနိုင်ရေးထွက်ခွာသွားခဲ့ကြသည်။ အဆောက်အအုံ အပေါ်ထပ်သို့လည်း တက်ပြီးရှာဖွေခဲ့ရာ

လက်နက်ခဲယမ်းများ သိုဝှက်ထားသည်ကို မတွေ့ရသလို မည်သူတစ်ဦးတစ်ယောက်မှလည်း မရှိခဲ့။

သို့အတွက် ဗိုလ်မှူးကြီးလှမြင့်ကဗိုလ်မှူးကြီးကျော်စိုးထံ ပြန်လည်သွားရောက်ပြီး ကျောင်းသားသမဂ္ဂ

အဆောက်အအုံအတွင်း၌ လူသူတစ်ယောက်မျှမရှိကြောင်း၊ ထုထည်ခိုင်ခန့်စွာ တည်ဆောက်ထား

ခြင်းကြောင့် နှစ်ရာချီပြီး ကြာရှည်တည်တန့်နိုင်ကြောင်း၊သို့ပါသောကြောင့် မည်သူ့ကိုမျှ အန္တရာယ်

မပြုသည့် ၎င်းအဆောက်အအုံအား ဖေါက်ခွဲဖျက်ဆီးခြင်း  မပြုသင့်ကြောင်း စောဒကတက်၍

တင်ပြခဲသည်။ “အမိန့်ဟာ အမိန့်ပဲ။ မင်း စစ်သားမဟုတ်ဘူးလား” ဟူသော တုန့်ပြန်မှု အခြေ

အနေကိုသာ ဗိုလ်မှူးကြီးကျော်စိုးထံမှ ရခဲ့သဖြင့် သူ၏တပ်ဖွဲ့ဝင်များနှင့်အတူ ကျောင်းသားသမဂ္ဂသို့

ပြန်လည်သွားရောက်လျှက် အဆောက်အအုံပတ်ပတ်လည်တွင် ဒိုင်းနမိုက်ယမ်းများကပ်ခြင်း၊

ပရိုင်မာစနက်တံများတပ်ဆင်ခြင်း လုပ်ငန်းများ စတင်လုပ်ဆောင်ခဲ့သည်။ ထိုသို့ ဆောင်ရွက်နေစဉ်

မှာတော့ သူသည် မှားယွင်းနေမှန်းသိလျှက်နှင့် လိုက်နာလုပ်ဆောင်နေရသော ထိုအမိန့်အား

အချိန်မီပြန်လည်ရုပ်သိမ်းစေရေး မျှော်လင့်ဆုတောင်းနေမိသည်။ နောက်ဆုံးကျိုးစားမှုအနေဖြင့်

 ဗိုလ်မှူးကြီးလှမြင့်သည် အသက်ဝါကြီးသော ဗိုလ်မှူးကြီးမင်းသိမ်းထံ စကားပြောခွင့်တောင်းကာ

 ဖေါက်ခွဲဖျက်ဆီးမှုအမိန့် မှားယွင်းနေကြောင်းနှင့် ပတ်သက်ပြီး ပွင့်ပွင့်လင်းလင်း တင်ပြခဲ့သည်။

ထိုအခါ ဗိုလ်မှူးကြီးမင်းသိမ်းက သမဂ္ဂအဆောက်အအုံသို့ ကိုယ်တိုင်သွားရောက်လှည့်လည်

ကြည့်ရှုလျှက် ဗိုလ်မှူးကြီးကျော်စိုးထံ သွားရောက်ကာ ဖေါက်ခွဲရေးအမိန့်ကို ပြန်လည်ရုပ်သိမ်းရေး

ထပ်မံပြောကြားခဲ့သည်။ သို့သော် ဖေါက်ခွဲရေးအမိန့်ကို ပြန်လည်ရုပ်သိမ်းဖို့နေနေသာသာ ဗိုလ်မှူးကြီး

မင်းသိမ်း၏ ပန်ကြားမှုစကားများကို နားထောင်မည့်သူတောင် မရှိတော့ပေ။ ထိုအချိန်ကာလ၌

၎င်းအမိန့်နှင့်ပတ်သက်ပြီး တာဝန်ယူမည့်သူ မရှိခဲ့သလို ထိုအမိန့်အား မည်သို့မည်ပုံချမှတ်ခဲ့ကြောင်း

ဂဃနဏ သတင်းပေးမည့်သူပင် မရှိချေ။ ထိုအမိန့်အား အကောင်အထည်ဖေါ်ခြင်းမပြုမီ ကာလ

ကပင် ၎င်းအမိန့်နှင့်ပတ်သက်ပြီးတာဝန်ယူမည့်သူ မရှိတော့ပေ။ ဇူလိုင်လ ၇ ရက်နေ့ည တစ်ညလုံး

 ဗိုလ်မှူးကြီး လှမြင့်နှင့် အတူရှိနေခဲ့သည့်ဗိုလ်မှူးကြီးမင်းသိမ်းက နံနက်မိုးသောက်သော် ထပ်မံကြိုးစားပြီး

 ဗိုလ်မှူးကြီးကျော်စိုးထံ တင်ပြလိုသေးသည်။သို့သော် အချိန်ကား နောက်ကျသွားလေပြီ။ ဒိုင်းနမိုက်

ယမ်းများကို သေချာစွာ ကပ်ထားပြီးဖြစ်သလို ပရိုင်မာစနက်တံများလည်း တပ်ဆင်ထားပြီးဖြစ်သည်။

စနက်တံများမှာလည်း သက်တမ်းကြာပြီဖြစ်သော်လည်း စိတ်ချရဆဲပင်။ ယမ်းများမှ စနက်တံများကို

 ပြန်လည်ဖြုတ်ခြင်းသည် အန္တရာယ်ကြီးပေလိမ့်မည်။ သို့အတွက်ကြောင့် အဆုံးသတ်တွင် ကျောင်းသား

သမဂ္ဂအဆောက်အအုံကြီး ဖေါက်ခွဲဖျက်ဆီးခြင်း ခံလိုက်ရသည် ဟူ၍ဖေါက်ခွဲဖျက်ဆီးခြင်းတာဝန်ကို

ထမ်းရွက်ခဲ့ရသူ ဗိုလ်မှူးကြီးလှမြင့်က ပြန်ပြောင်း အမှတ်တရ ပြောဆိုခဲ့သည်။

       သမဂ္ဂအဆောက်အအုံနှင့် သိပ်မဝေးလှသော အင်းလျားကန်ဘေးရှိ နေအိမ်မှ ဗိုလ်ချုပ်ကြီးနေ၀င်း

သည် ပေါက်ကွဲသံနှင့်အတူ တစ်ဆက်တည်းဖြစ်ပေါ်လာသည့် မြေကြီးတုန်ခါမှုကို ခံစားလိုက်ရသောအခါ

သူ၏ကိုယ်ရေးအရာရှိ ဗိုလ်ကြီးအေးကျော်အား တယ်လီဖုန်းဆက်၍ အခြေအနေထူးခြားမှုသတင်း မေးမြန်း

ခိုင်းလေသည်။ ဗိုလ်ချုပ်ကြီးက အစပထမတွင် သံချပ်ကာကားတစ်စီး မိုင်းဗုံးပေါ်ဖြတ်နင်းမိ၍ ပေါက်ကွဲသံ

ဟူ၍ ထင်ခဲ့သည်။ နောက်မှ ဖြစ်ရပ်မှန်ကိုသိရသော် သူ့အနေဖြင့် တပည့်များအား ဆဲဆိုရုံမှအပ ဘာမှ

မတတ်နိုင်တော့။ အခြေအနေအရပ်ရပ်ကား လက်လွန်ခြေလွန်ဖြစ်သွားခဲ့ချေပြီ။ “မဟာအမှားကြီး

တစ်ခုတော့ ကျူးလွန်မိပြီ။ ဒီအမှားနဲ့ပတ်သက်ပြီး ဒို့ စုံစမ်းစစ်ဆေးမယ်။ တစ်ဖက်ကလည်း သမဂ္ဂ

အဆောက်အအုံကို အသစ်ပြန်လည်တည်ဆောက်ပေးရလိမ့်မယ်” ဟု ဗိုလ်ချုပ်ကြီးနေ၀င်းက

ရင်းနှီးသောမိတ်ဆွေများအား ပြောကြားခဲ့သည်။ဗိုလ်ချုပ်ကြီး၏ ရင်းနှီးသောမိတ်ဆွေများ၏ အင်္ဂလိပ်

လူမျိုး Kingsley Martin နှင့် Dorothy Woodman တို့ကိုထိုဖြစ်စဉ်နှင့်ပတ်သက်ပြီး မြန်မာနိုင်ငံသို့

လာရောက်ခဲ့စဉ်ကလည်း ဗိုလ်ချုပ်ကြီးက သူတို့ကို ထိုအတိုင်းရှင်းလင်းပြောကြားခဲ့သည်။





                                                       တက္ကသိုလ်စိန်တင်     



                                                     

                                                        ဒေါက်တာမောင်မောင်


                                                        နိုင်ငံတော်သမ္မတ (ငြိမ်း)၏
                                         
                                                 (မြန်မာနိုင်ငံ၏ ၁၉၈၈ အရေးအခင်းစာအုပ်)

                                                              စာမျက်နှာ (၃၂၃) မှ












No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...