Saturday, August 31, 2013

သစ်သားခွက်ကလေး




                 တစ်ခါတုန်းက အဖိုးအိုတစ်ခါတုန်းက အဖိုးအိုတစ်ဦး ဟာ ရွာမှာ တစ်ယောက်တည်း

အထီးကျန်ဆန်စွာနေရတယ်။ တစ်နေ့တော့အဖိုးအိုက သူ့ သားနဲ့ သူ့ချွေးမ သူ့မြေးလေးတွေ

ရှိတဲ့နေရာမှာ သွားနေမယ်ဆိုတဲ့ မျှော်လင့်ချက်နဲ့ ရွာကနေထွက်လာခဲ့တယ် ..။


           ဒီလိုနဲ့ ခရီးရှည်ကြီးကိုဖြတ်သန်းပြီးတော့ သူ့သား ချွေးမနဲ့ မြေးကလေးတို့နေတဲ့အိမ်ကို

ရောက်လာပါတယ် ။စစရောက်ခြင်းမှာ သားဖြစ်သူတို့မိသားစုက ၀မ်းပမ်းတသာကြိုဆိုကြတယ်။

အိမ်ဦးခန်းမှာ နေရာပေးကြတယ် ။ ဒီလိုနဲ့ အဖိုးအိုဟာ သူ့သားမိသားစုနဲ့အတူ နေထိုင်ရင်း

 တစ်ပတ်တိတိ အချိန်ကိုရောက်လာခဲ့တယ် ။ နေ့တိုင်းနေ့တိုင်းမှာ မိသားစုထမင်းဝိုင်းမှာ

အားလုံးအတူဝိုင်းစားကြတယ်။ အဖိုးအိုရဲ့မျက်လုံးတွေဟာ မှုန်ရီနေပါပြီ ။ အဖိုးအိုရဲ့လက်တွေက

အသက်အရွယ်ကြောင့် တုန်ယင်နေခဲ့တယ်။တခါတခါ ဇွန်းနဲ့ ခက်ရင်းတွေလွတ်ကျသလို ..

တခါတခါမှာလည်း ပန်းကန်ထဲက ထမင်းတွေဟာ ဘေးနားကိုဖိတ်လို့ဖိတ်ကြမ်းပြင်ပေါ်

ကျလို့ကျနဲ့ ပေပွနေခဲ့ရတယ် ။

                    တစ်ပတ်တိတိရှိလာတဲ့အခါ သားဖြစ်သူနဲ့ချွေးမတို့က မခံနိုင်တော့ပါဘူး ။
 
သူတို့တိုင်ပင်ကြတယ် ။

              “ အဖေ့ရဲ့ ထမင်းစားတဲ့အခါ ဟိုဖိတ်ဒီဖိတ်ဒါဏ်ကိုမခံနိုင်တော့ဘူး အဖေက ထမင်း

စားရင်လည်းအသံမြည်တယ် ညစ်ပတ်နေတာပဲ ကြမ်းပြင်ပေါ်မှာလဲ ပေပွနေရော ငါတို့တစ်ခုခု

လုပ်ရအောင် ” လို့ မိန်းမဖြစ်သူကိုတိုင်ပင်တယ် ။ ဒီလိုနဲ့ သူတို့ဟာ အဖိုးအိုကို ထမင်းတစ်ဝိုင်းတည်း

အတူစားခွင့်မပေးတော့ပဲ အခန်းထောင့်လေးမှာ စားပွဲခုံသေးသေးလေးနဲ့ ကျွေးပါတော့တယ် ။

         အဖိုးအိုဟာ ကြွေပန်းကန်နဲ့စားတဲ့အခါ မှာလည်း ခဏခဏ ပန်းကန်တွေကျကွဲတဲ့အတွက်

သားဖြစ်သူက သစ်သားခွက်ကလေးလုပ်ပြီး အဖိုးအိုကိုကျွေးတယ် ။ အဲဒီအချိန်ကစလို့ အဖိုးအိုဟာ

တိတ်ဆိတ်စွာပဲ အခန်းထောင့်လေးက ထမင်းစားပွဲလေးမှာ စားရပါတယ် ။ တခါတခါ သားဖြစ်သူနဲ့

ချွေးမဖြစ်သူရဲ့ ဒေါသတကြီးဆူပူကြိမ်းမောင်းသံတွေကိုလည်းခံရသေးတယ် ။


              ဒီလိုနဲ့တစ်နေ့တော့ သူတို့သားကလေးဖြစ်သူဟာ အိမ်ရှေ့မှာ ငြိမ်ငြိမ်ကလေးထိုင်ပြီး

တစ်ခုခုကို စိတ်ဝင်တစားလုပ်နေတာတွေ့လိုက်ရတယ် ။ ဒီတော့ သားဖြစ်သူဆီသွားပြီး

မိဘတွေကချိုသာတဲ့စကားနဲ့မေးလိုက်တယ် ။

               “ သား ဘာလုပ်နေတာလဲ ဟင် ”

               သားဖြစ်သူက သူ့ဖခင်နဲ့မိခင်ကို ပြုံးပြီးကြည့်လိုက်တယ် ပြီးတော့ ပြောလိုက်တယ် ..။

“ သားလည်း အဖေ့တို့အမေတို့လိုပဲ အဖေအမေတို့ကြီးလာရင်ကျွေးဖို့ သစ်သားခွက်ကလေး

လုပ်နေတာပါ ” အဲဒီလိုပြောပြီး သားဖြစ်သူက သူ့အလုပ်သူဆက်လုပ်နေခဲ့တယ် ။

             မိဘတွေဟာ သားဖြစ်သူစကားကိုကြားပြီးအလွန်ပဲထိတ်လန့်တုန်လှုပ်သွားခဲ့ရတယ် ။

သူတို့ ဘာစကားတစ်ခွန်းမှ မပြောနိုင်ဘူး တုန်လှုပ်ခြောက်ခြားသွားပြီး ပါးပြင်ပေါ်ကနေ မျက်ရည်တွေ

စီးကျလာခဲ့ရတယ် ။ သူတို့အမှားကို သူတို့ ထင်းကနဲ မြင်သွားခဲ့ရတယ် ။ အိမ်ထဲကိုလှမ်းကြည့်

လိုက်တော့အဖိုးအိုက တိတ်ဆိတ်စွာ သူတို့ကို ငေးနေတာတွေ့လိုက်ရပါတော့တယ် ။

===================================

         သင်လည်းတစ်နေ့ အဖိုးအိုဖြစ်လာမှာပါပဲ ။ မိဘတွေကို ချစ်ခင်ကြင်နာယုယပြီး ကိုယ့်

မျိုးဆက်တွေအတွက် မေတ္တာတရားကိုပြသပါ ။ ကလေးတွေဟာ သင်တို့အပြုအမှုတွေကို မြင်တယ် ..

ကြားတယ် ..လိုက်မှတ်သားတယ် ..။ သင်တို့ပြုသမျှဟာ သင်တို့ထံပြန်လာပါလိမ့်မယ် ။

တစ်နေ့နေ့မှာ ကိုယ်ဟာ သားတစ်ယောက် ပြီးတော့ဖခင်တစ်ယောက်ပြီးတော့အဖိုးအို

တစ်ယောက်ဖြစ်လာဦးမှာပါပဲ ။ မသေခင်လေး ကျွေးရတဲ့ မိဘအတွက် ထမင်းဟာ သူတို့

မြိုချလိုက်တိုင်း မနင် ..ပါစေနဲ့ ။ လျောလျောရှူရှုဝင်ပါစေ ..။

                     “ မိဘကျေးဇူးဆပ်နိုင်ကြပါစေ ”



( သက်တန့်ချို ဘာသာပြန်ရေးဖွဲ့သည် )

မူရင်း - "The Wooden Bowl"

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...