လယ်တီဆရာတော်ဘုရားကြီးသည် ဒီပဲယင်းသေရည်သေရက် မေတ္တာစာကို ဒီပဲယင်း ဒါယကာ၊
ဒါယိကမများ လျှောက်ထားတောင်းပန်ချက်ကြောင့် ၁၂၄၉ ခုနှစ်တွင်ရေးသားတော်မူခဲ့ပါတယ်။ ဤမေတ္တာ
စာတွင် လောကအကြောင်း၊ ဓမ္မအကြောင်း၊ သမိုင်းကြောင်းတွေကို ပြည့်စုံစွာ ဖေါ်ပြထားပါတယ်။ သေရည်
သေရက်သောက်သုံးသူများ အပြစ် ၆ ပါးနှင့် ကြုံတွေ့ရကြောင်း၊ ပစ္စုပ္ပန်မျက်မှောက်ဘ၀မှာ ဆင်းရဲဒုက္ခ
ခံစားရသလို နောင်သံသရာမှာလည်း မကောင်းနိုင်ကြောင်းကို ယခုလို ရေးသားဖေါ်ပြထားပါတယ်။
ထိုသုတ္တန်ပါဠိကို အဓိပ္ပါယ်ညှိလိုက်သော်၊ သိလေမယုတ်၊ မုချမှန်စွာ၊ သူရာငါးဝ၊ မေရယငါးထွေ၊
ထန်းရေချဉ်ခါး၊ နေ့ညမသွေ၊ မေ့လျော့စေ၊ ပေလှအောင်သောက်စားကာ၊ ကိုယ့်စီးပွားဥစ္စာတို့သည်၊
မျက်မှောက်မှာနွမ်းညှိုး၊ တက်ဆင့်ကာမဖွံ့ဖြိုးဘဲ၊ အကျိုးမဲ့ကုန်ဆုံးလျှက်၊ ပျက်ပြုန်းသည်တခြား။
တရားနှင့်မဖက်၊ စကားဆိုးထွက်ပြီးလျှင် တစ်ဖက်သားမနာလိုအောင် ပြောဆိုမိအတန်တန်ကြောင့်၊
ခိုက်ရန်ကြီးဖြစ်ပွား၍၊ အချင်းများတတ်သည်တစ်ခု။ စားသောက်မှုအရေးဝယ်၊ သတိဝေးကင်းကွာ၍၊
သတိဖြင့် မချင့်နှိုင်း၊ စားချင်တိုင်းသောက်စား၍၊ နာဖျားခြင်းဗျာဓိနှင့် တိုင်းမသိရောဂါကို၊ ငြိုငြင်စွာ
ခံစားရခြင်းတခြား။ မည်သူ၏ သတို့သားသည် တရား၌ မကပ်၊ မျိုးဇတ်ကို မညှာ၊ ရပ်ရွာကို မငဲ့ဟု၊
ချိုးဖဲ့သောသတင်းနှင့် ကျော်ဇောခြင်းပျောက်ကွယ်၍၊ ကဲ့ရဲ့ဖွယ်ဖြစ်သည်တစ်ဖြာ။ သူရာတန်ခိုးဖြင့်
ပုဆိုးကိုယ်ဝတ်၊ ယွင်းချွတ်ကင်းကွာ၊ အင်္ဂါကြီးငယ်၊ မတင့်တယ်နှင့်၊ ပွဲလယ်မှာရူးသောကြောင့်၊
သူတစ်ထူးမြင်ပြန်လည်း၊ ကိုယ့်ပုံဟန်မတင့်တယ်၊ မျက်နှာလွှဲဖယ်ကြ၍၊ မဖွယ်ရာလုံးလုံး၊ ကိုယ့်ဘ၀ကိုယ်
ဖြုန်းလျှက်၊ သက်ဆုံးကျိုးနည်း၊ ရှက်အိုးကြီး ကွဲရသည် တစ်ဌာန။ သောက်ဝမူးဝေ၊ သူရာယစ်က၊
တစ်ခေတ္တသေသောကြောင့် ဥာဏ်ပေတုံးကာ၊ မှေးပညာနှင့်၊ ပေစာမတတ်၊ မမှတ်သတိ ဒိဌိမိစ္ဆာ၊
ပြိတ္တာသမုတ်၊ လူယုတ်လူန၊လူ့ဗာလဖြစ်ရသည့်တစ်စခန်း။ ဤခြောက်ရပ်နည်းလမ်းကို စည်းကမ်းသတ်
ဥပဒေဖြင့်၊ မြတ်စိန္တေအာလုတ်မှ၊ မိန့်ထုတ်၍ဟောတော်မူခဲ့ပေသည်။
သောက်ကြူးသူတစ်သင်း၊ ပုလင်းကြိုက် လူ့ဗာလ၏ ဖြစ်နေကျ ဓလေ့မှာ၊ ရှိသ၍ဥစ္စာ၊
စုပါသော်လည်း ဖတ်မတင်၊ အိုးပေါက်တွင် ရေလောင်းသို့၊ ဆင်းရဲကြောင်းစင်းစင်း၊ မွဲပြာကျ
ပြောင်တလင်းနှင့်၊ ဖွတ်မင်းကြီး ပြာထိုင်သော်၊ ဥစ္စာပိုင်ဘာမရှိ၊ မိတ်ဆွေနတ္ထိ၊ ဖော်ကြင်ရာအိမ်သူမိက၊
မချိအောင် ကျိန်ဆဲ၊ အိမ်ထဲတွင်ထပ်မနား၊ အရပ်ကြားအောင် ဟစ်အော်၊ လူစော်မှလည်း မနံဘိ၊
ဓါတ်မသိ သူကြီးခေါင်းကထောင်းလိုက်သည့် မင်းမှုငွေ၊ မြီကြွေးတွေ ဗရဖွာ၊ လာလိုက်သည့်
အချေးတောင်း၊ မပေးလျှင် ထောင်းမည်ဟု၊ ရွဲ့စောင်းလျှက် ထပ်ထပ်ငြိုး၊ ငွေညွန့်တိုးများလည်း
ထမ်းပိုးတွေဆယ်ဆပွား၊ ၀န်ဆောင်သည့် နွားလား၊ ညွန်ပျောင်း၌ တွားသကဲ့သို့၊ ခါးချဲ့ရင်ပွ၊ဆင်မလှ
မြင်သမျှ မကောင်းကြုံ၍၊ ပေါင်းစုံသော ဝေဒနာ၊နာဖျားက နှိပ်စက်၊ စက်လက်က မသက်သာ၊
ဆေးကုစရာလည်း ငွေမရှိ၊ ရောဂါကြီး ဖိသောအခါ၊ အင်မတိအင်မတန် ဇောငါးချက် အပြန်တွင်၊
ကိုးကွယ်ရာ ရှာမရ၊ ငရဲကောင် နိမိတ်ပြ၍၊ အနိစ္စအရက်အိုးမှာ သေချင်းဆိုး သေရလေသတည်း။
သေလျှင်သေချင်း၊ ယမမင်း ငယ်သား၊ အပါယ်ဘုံ ပုလိပ်များက၊ ခါးကြိုးနဲ့ နားကြိုး၊ သံတံကျင်
ထိုးပြီးလျှင်၊ ဓါးမိုးကာ တလက်လက်၊ လှံတံဖြင့် ရိုက်နှက်၍၊ သေအရက် သူကောင်းသားကို၊ သံပြားကြီး
တ၀င်းဝင်း၊ သံပူရေအိုးတွင်းသို့၊ ဆင်းဟဲဟု ပစ်ချ၊ မဆင်းဘဲနေလျှင်၊ ဧရ ကြိမ်လုံး၊ လှံမ ချွန်းတောင်း၊
ခက်ရင်းကောင်းဖြင့်၊ ကြောင်းမဟန် မှုန်းလေသည်။ မဆုံးနိုင်တစ်ဖန်၊ သံနှုတ်သီး တ၀င်းဝင်း၊
ကျီးလင်းတ တစ်သင်းက၊ အတင်းပင် ထိုးဆွ၊ ကြောက်စရာ့ ခွေးဘီလူး၊ အစွယ်ကြီး ငှက်ပျောဖူးနှင့်၊
ပြူးတူးတူး ကြောင်ကျားကျား၊ ကိုက်ခဲ၍ ၀ါးပြန်သော်၊ ပြေးအားလည်း ဘာမရှိ၊ သင်တုန်းစက်
မိပြန်လျှင်၊ မချိနိုင်တဖြန်းဖြန်း၊ဦးခေါင်းမှ သွေးပန်း၍၊ တစ်စခန်း ဒုက္ခတွေ့၊ ငရဲမီး အငွေ့ကြောင့်၊
တဆွေ့ဆွေ့၊ တတုန်တုန် တဟိုက်ဟိုက်၊ သံရည်ပူ ကျိုက်ကျိုက်မှာ၊ ဆင်းလိုက်ချည် တက်လိုက်ချည်၊
မြင့်ကြာရှည် နှစ်ပေါင်း၊ လွန်မင်းစွာ ရှည်ညောင်း၍၊ ကံကောင်းကြောင့် လွတ်ပြန်လည်း၊ ကြမ္မာကံ
ရှေးအဟုန်၊ အကျိုးပေး မကုန်၍၊ ပြိတ္တာဘုံဌာန၀ယ်၊ သီသဉ္စ န၀ယောဇနံ၊ ဇိဝှဉ္စသတ ယောဇနံ၊
ကျန်းဂန်အရှိ၊ ပြိတ္တာရုပ် ဇာတိနှင့်၊ ဖြစ်ရချည် ဖန်တစ်ခါ၊ ကိုးယူဇနာ ဦးခေါင်း၊ တောင်စောင်းကြီး တမျှ၊
လျှာထုတ်က ခုနှစ်ယူဇနာ၊ ကိုယ်ထည်မှာ နှစ်ဆယ့်ငါး၊ ယူဇနာကြီးမား၍၊ အမြီးဖျား အစ ဦးခေါင်းသို့
ကျလေအောင်၊ အမြဲပင် မီးလောင်လျှက်၊ ပြိတ္တာကောင်ပြောက်ကျားမှာ၊ သောက်စားရန် ရှာမရ၊
ဒုက္ခတွေ အနန္တနှင့်၊ ပုနပ္ပုနံ အကြိမ်ကြိမ်ခံပြီးမှ၊ ကံကြမ္မာ အလျောက်၊ ပြိတ္တာက လွတ်မြောက်လည်း၊
နောက်နောက်က၊ သေအရက် အကျိုးပေးဆက်ပြန်၍၊ ရှက်စရာအထူးထူး၊ ခွေးရူး ၀က်ရူး၊
ဖန်ငါးရာ ရူးပြီးသော်၊ လူရူးလည်း ဖန်ငါးရာ၊ လူဖြစ်ပါလည်း သုံးမကျ၊ လူအ လူနုံ လူအင်္ဂါမစုံသော
ဘ၀မှာ အနန္တအသင်္ချေယျော၊ မရေနိုင် ပေါသည့်၊ ဘုရားဟော ဒေသနာ၊ ထင်အလင်းလာချေသည်။
No comments:
Post a Comment