Tuesday, August 20, 2013

မောင့်ရင်ခွင်ကို မှီလှည့်




အချစ်ရေ ...လာကွဲ့

မောင့်ရင်ခွင်ကို မှီလှည့်။



နှလုံးသားနဲ့ အနီးကပ်ဆုံးနေရာ

မင့်ပါးပြင် အပ်ထားစမ်းပါ

ဟောဟိုမှာ

သဲပွင့်ဆုပ်ကြဲမဲ့လက်တွေ

အဖျက်ဓါတ် စီးနေတဲ့ ဓါးသွားတွေ

အနိမ့်ပိုင်းကို ချိန်ရွယ်နေတဲ့ လှံသွားတွေ

သစ္စာကို ခါးပတ်လို တွယ်ဆက်လို့

တို့နှစ်ယောက် ရင်ဆိုင်ရဦးမယ်လေ။



ကြည်ဖြူစွာ ပေးအပ်ခဲ့

အနမ်းတွေထဲမှာ

အရာအားလုံး ပျော်ဝင်ခဲ့ပြီးပြီပဲ

ရောက်လည်းအတူ

မှောက်လည်းအတူ

ငြူစူနေလို့ မဖြစ်ဘူးကွယ်။



အချစ်ရေ ....လာကွဲ့

မောင့်ရင်ခွင်ကို  မှီလှည့်။



အပြုံးတစ်ဝက် အရှက်တစ်ခြမ်း

တို့စခန်းမရောက်ခင်

မုန်တိုင်းဆင်လိမ့်ဦးမယ်

ရှောင်လွှဲမရတဲ့ ကြိုးတွေ

ဖြတ်တောက်ခဲ့တော့....မေ။



အချစ်ရေ ... လာကွဲ့

မောင့်ရင်ခွင်ကို မှီလှည့်။

 

ဘာတွေကို ပြင်ဆင်နေလည်း

နှစ်ယောက်ထဲပေမယ့်

အားမငယ်နဲ့ကွယ်

တို့လက်တွေရဲ့ စေးထန်းမှုအကြောင်း

ကောင်းကောင်း ပြလိုက်စို့ရဲ့

အပြာရောင်အခန်းတွင်း

ရှောင်ကွင်းမနေနဲ့တော့

ညတွေဟာ စိတ်လေတဲ့ “ဓါး” တွေပါကွဲ့။



မိုက်ရူးရဲမှုတစ်ခုလို့

အများစုက သတ်မှတ်ကြလိမ့်မယ်

ဒါပေမယ့်

တို့ရင်ခုန်သံတွေအကြောင်း

တို့ပဲ နားလည်တယ်

တို့ဝေးစဉ်က

ဘယ်သူ စာနာခဲ့ကြသလဲ။



အချစ်ရေ ... လာကွဲ့

မောင့်ရင်ခွင်ကို  မှီလှည့်။



ဒီမှာလေ

ရိက္ခာအပြည့်အစုံ

တို့ရင်ခုန်သံတွေ အကုန်ထည့်ခဲ့တယ်

အဆာပြေ အချစ်တွေ မှီဝဲ

အိပ်မက်တွေ ခေါင်းခုအိပ်မယ်

သစ္စာတရားကို ၀တ်ဆင်မယ်

ယုံကြည်ချက်ကို အဖေါ်ပြုလို့

သွားကြစို့ကွယ်။



အချစ်ရေ ... လာကွဲ့

လာကွဲ့...

     မောင့်ရင်ခွင်ကို မှီလှည့်။    ။







                       လေးစားစွာဖြင့်

                       ကိုသန်းဇော်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...