Tuesday, August 27, 2013
သေမင်းတမန်လမ်း
         ဂျပန်ခေတ်တုန်းက သံဖြူဇရပ်မှာ ရထားသံလမ်းဖေါက်တော့ ချွေးတပ်ဆွဲခံရပြီး အဲဒီမှာ ငှက်ဖျား
ရောဂါ ထူပြော။ လူတွေ ဆင်းရဲပင်ပန်း၊ အဟရဓာတ်က မပြည့်ဝ။ ရာသီဥတုက ဆိုးရွားတော့ ချွေးတပ်သား
တွေ သေကြလို့ သေမင်းတမန်လမ်းလို့ ခေါ်ကြတယ်။ ဂျပန်တွေ အုပ်စိုးတုန်းက မြန်မာပြည်သားတွေကို
အနိုင်ကျင့်ခဲ့တာ။
    နောက်ထပ် သေမင်းတမန်လမ်းတစ်ခု ယခုနှစ်ပိုင်းမှာ နာမည်ကြီးနေလေရဲ့၊ ဘာတဲ့ - ရန်ကုန်၊
မန္တလေး အမြန်လမ်းမကြီးတဲ့။ သိဉာဉ်တွေကြောင့် ပြောတဲ့သူပြော၊ လူစားတယ်၊ ဘုန်းကြီးပင့် အမျှ
ဝေရမယ်ဆိုတာက တစ်မျိုး၊ လမ်းတည်ဆောက်ပုံ မဟုတ်လို့ ဆိုတာက တစ်မျိုး၊ ကားမောင်းတဲ့သူတွေ
စည်းကမ်းမရှိလို့ဆိုတာက တစ်ခါ၊ ဒဏ်ရာရ၍ဖြစ်ဖြစ် သေသွား၍ဖြစ်ဖြစ် ပစ္စည်းတွေပါ ပျောက်တယ်လို့
 ပြောကြပြန်ရော။ရေနစ်သူကို ၀ါးနဲ့ထိုးချ ဆိုတာတွေလည်း ကြားနေရ။
ပြောတဲ့သူက ပြော၊ ဘယ်သူမှ အတိအကျ ပြောနိုင်တာ မဟုတ်။ စိတ်ဝင်စားတဲ့သူတွေက ဂမ္ဘီရစာအုပ်
ဝယ်ဖတ်၊ ကျွန်ုပ်ကတော့ သိပ္ပံသမားဖြစ်တော့ အဲဒီအကြောင်း ဆွေးနွေးစရာ မရှိ။
    ကားမောင်းသမားတွေအကြောင်းပြောကြပါစို့။ ကားပေါ်ရောက်ရင် လူအတော်များများက သွေးနား
ထင်ရောက်ကြတယ်။ ကားကောင်းရင် ပိုရောက်တယ်။ ဘ၀င်မြင့်ရူး ရောဂါတစ်မျိုးပေါ့။ ဂျပန်က ကားတွေ
သွင်းတော့မှပဲ ဒီ ရန်ကုန် - မန္တလေး အသံက ကြားရတာ။ ဟိုတုန်းကလည်း ရှိတာပါပဲ။ ခု ပိုဖြစ်တယ်လို့
 ပြောလို့ရတယ်။ အဲယားကွန်း ဖွင့်မောင်းကြတယ်။ ပတ်ဝန်းကျင် ဆူညံသံ၊ တာယာနဲ့ မြေသား
ပွတ်တိုက်သံ မကြားရ။ ကားနဲ့မောင်းနေတဲ့ အရှိန်လေတိုးတာတွေ မသိတော့။ ကားခန်းထဲ အေးအေး၊
 ရော့ခ် သီချင်းကျယ်ကျယ်နဲ့ဆိုတော့ တေးသွားတွေအောက်မှာ မြောက်ကြွကြွဖြစ်။ မိုးမမြင် လေမမြင်။
ဒီကြားထဲ ပြိုင်လာလျှင် အရှုံးမပေးချင်တဲ့ စိတ်ဓာတ်က ရှိနေတော့ ပြိုင်မောင်းကြတော့တာပါပဲ။
 အဲဒီတော့ အရှိန်က တက်တက်လာရင်း မထိန်းနိုင်ဘဲဒလိမ့်ကောက်ကွေးနဲ့ ဘေးချော်ပြီး မှောက် .
.... သေရောဗျာ။
    အဝေးပြေးမောင်းတဲ့သူဟာ ကားရဲ့ ကြံ့ခိုင်မှု စစ်ရတယ်။ ဆီ၊ အင်ဂျင်၊ ၀ိုင်၊ လေပေါင်၊ တာယာ
အခြေအနေ၊ အောာက်ပိုင်း အခြေအနေ အကုန်စစ်ပြီး စိတ်ချရမှ မောင်းရတာ။ ဖြစ်သလိုလုပ်ရင်
 ဖြစ်သလို ခံရတတ်တယ်။ နှမြော၍ မရ။ ဟိုက်ဝေးမောင်းရင် မှန်တံခါး ဖွင့်မောင်းတာက ကောင်းတယ်။
 လေတိုးသံ သိပ်ပြင်းရင် အရှိန်များမှန်း သိနိုင်တယ်။ ပတ်ဝန်းကျင်က အသံကို နားထောင်ခွင့်ရတယ်။
ကားတာယာရဲ့  လမ်းပေါ် လိမ့်နေတဲ့အသံကို သိရတယ်။ မှန်ပိတ်မောင်းတာရယ်၊ သီချင်းကျယ်ကျယ်
ဖွင့်တာရယ်က ကိုယ့်ကား ဘာဖြစ်မှန်းမသိ။ မြန်နေမှန်း မသိ။
    လေပေါင်ချိန်ရတယ်။ တာယာထဲက လေက တာယာနဲ့ မြေကြီး ပွတ်တိုက်မှုကြောင့် ဖြစ်လာတဲ့
 အပူကြောင့် လေဟာ ပူရင် ပွတယ်။ အဲဒီတော့ တာယာလေပေါင် တက်တယ်။ တာယာနဲ့ကြမ်းနဲ့
ထိတဲ့ မျက်နှာပြင်က ပြန့်မနေဘဲ ခုံးထ လုံးချောဖြစ်နေတယ်။ လေပေါင်တက်တဲ့အတွက် ကွဲထွက်
တယ်၊ ပို၍မြန်တယ်။ ဘရိတ်မမိချင်တော့ဘူး။ ဘရိတ်မဖမ်းရင် ဒရွတ်တိုက်ပါသွားရော။ လေပေါင်ကို
 လျှော့ပြီးမောင်းရပါတယ်။ ယခုအခါမှာ နိုက်ထရိုဂျင် ဓာတ်ငွေ့ ထည့်မောင်းကြတာဟာ နိုက်ထရိုဂျင်က
 အပူကြောင့် ပွမတက်၊ လျော့တောင်လျော့စေပါတယ်။ ခက်တာက နိုက်ထရိုဂျင် ဓာတ်ငွေ့ ရန်ကုန်က
ဆိုင်တိုင်းမှာမရှိ။ လေထိုးခ တာယာတစ်လုံး ၅၀၀ ကျပ်၊ ရိုးရိုးလေထိုးထားတဲ့ တာယာထဲကို နိုက်ထရိုဂျင်
ထည့်၍ မရ။
    တချို့တာယာက ပန်းတွေ ကောင်းမှကောင်း။ သို့သော် တိုက်ဆွေး (သက်တမ်းလွန် တာယာတွေ)
တချို့ယဉ်မောင်းက တာယာမလဲဘဲ မောင်းလို့ သေတွင်းနှုတ်ခမ်းဝ ရောက်ရတယ်။ အရှိန်လျှော့ဆင်း
တာကအန္တရာယ်ကင်းပေမယ့် ခရီးမတွင်လို့ မြန်နှုန်း မြှင့်ချင်ကြတယ်။ မြန်လေ အန္တရာယ် ရှိလေပါပဲ။
အမောင်းသင်စတွေ မောင်းတက်မောင်းကြတယ်။ ယဉ်မောင်းသင်တဲ့အခါ လူရှုပ်တဲ့နေရာမှာ သင်ရင်
 အန္တရာယ်ရှိတယ်။ ထို့ကြောင့် တချို့က အမြန်လမ်းမှာ ကားရှင်းတယ်၊ အကွေ့အကောက် သိပ်မရှိလို့
ဆိုပြီး အပျံသင်စ ငှက်ကို ကောင်းကင်ထဲ ကောင်းကင်ကျယ်ထဲ ပစ်လွှတ်လိုက်သလို မောင်းခိုင်းတတ်
ကြတယ်။ လူတိုင်း မောင်းတတ်ကြတာပေါ့။ အဲဒီလိုမောင်းရတော့ အမောင်းသင်သူတွေက သဘောတွေ့
ကြ၊ အရှိန်တွေမြှင့်ရင်းကနေ မှောက်ရော။အရှိန်များလေ ကားကို ထိန်းရခက်လေပဲ။ မမျှော်လင့်ဆိုတာ
တွေဆိုတာ အချိန်မရွေး ဖြစ်တတ်တာ မဟုတ်လား။သတိနဲ့ မောင်းရတာ။ သွေးနားထင်ရောက်
 မြောက်ကြွမြောက်ကြွ လုပ်လို့မရပါ။ မြန်နှုန်းမြင့်လေ တစ်စီးနဲ့တစ်စီး အတော်ခွာပြီး လိုက်ရပါတယ်။
ရုတ်တရက် တစ်ခုခုကြောင့် ဘရိတ်အုပ်ရင် မိတော့မိတယ်။ တရွတ်တိုက်ပါသွားတတ်ပါတယ်။
ဘာ့ကြောင့်လဲဆိုတော့ ကွန်ကရစ်လမ်းကြောင့်ပါပဲ။ ကွန်ကရစ်လမ်းပေါ်က ကျောက်စရစ်ခဲလေးတွေက
တာယာလိုင်းကြားထဲ ညပ်ဝင်၊ ဆွဲအား မကောင်းတော့ဘူး။ ကျောက်စရစ်ခဲတွေက အဆင်းဘီးလှိမ့်သလို
တာယာကို ရှေ့ဘက် ပိုလိမ့်စေပါတယ်။ ကွန်ကရစ်နဲ့ တာယာ ဘယ်လိုမှ မအပ်စပ်။
    တာယာက ရော်ဘာနဲ့ လုပ်ထားတယ်။ နိုင်လွန် ကတ္တရာရဲ့ နူးညံ့ ပျော့ပျောင်းမှုနဲ့ တွယ်ကပ်အား
ကောင်းတယ်။ နိုင်လွန်ကတ္တရာလမ်းပေါ် နေပူပူ ကားမောင်းရင် ကတ္တရာနဲ့ တာယာ ပွတ်တိုက်သံ
ကပ်စေးစေးအသံကြားရတယ်။ ကတ္တရာလမ်းပေါ် ကျောက်စရစ်ခဲ တင်နေရင် ကားက တက်ဖိ
ကတ္တရာရည်ထဲမြုပ်ဝင်တော့ချောတောတော မနေတော့။ ကွန်ကရစ်က ကျောက်သားဖြစ်တယ်။
 ကျောက်သားနဲ့ ရော်ဘာတွေ ထိတော့ရော်ဘာ မြန်မြန် စားပါတယ်။ ဒါ့ကြောင့် နေပြည်တော်ဘက်
သွားရင် လေးခေါက်လောက်ဆိုရင် တာယာ လဲကြပါတော့တယ်။ ဟိုက်ဝေးလမ်း၊ တောလမ်းသွယ်
မှာတောင် ကတ္တရာလမ်းတွေ ရေဗွက်ရေအိုင် မတွေ့ရ။ ကတ္တရာက စေးပိုင်နေတာ။ ကတ္တရာစေ့တွေ
 ကျောက်ခဲစေ့လေးတွေ ပလူပျံနေတာ မဟုတ်။ ရန်ကုန်မြို့ထဲမှာတောင် ကားကိုယ်ထည် အောက်ပိုင်းကို
ကြည့်ပါ။ ကတ္တရာ အမှုန်တွေ ကပ်နေတယ်။ တစ်နည်းအားဖြင့် ကတ္တရာ မစို့မပို့ကြောင့် စွဲကပ်အား
နည်းရခြင်းဖြစ်တယ်။ မိုးတွင်းကျမှ အပေါက်ဖာတာလည်း စီးကပ်မှု အားနည်းရခြင်း ဖြစ်တယ်။ ရေတွေ
လျှံလို့ ကတ္တရာ ပျက်စီးတယ်။ အမှိုက်ဆို့လို့ ရေလျှံတယ်။
    မော်တောကား ရွေ့လျားမှုမှာ အလျင်နဲ့ အရှိန်ဆိုတာ ရှိတယ်။ ပုံမှန် အမြန်အလျင်နဲ့ မောင်းနေတဲ့
ကားက တစ်ခုခုကို တွေ့လိုက်ရင် ယဉ်မောင်းက ဘရိတ်အုပ်တာပဲ။ အလျင်လျော့အောင် လုပ်ကြတယ်။
ပထမ အလျင်က သိပ်များပြီး ဘရိတ်အုပ်လိုက်ပေမယ့် ဆုတ်ရှိန်ဆိုတာက အားကြီးပါတယ်။ အကြောင်း
ကား .....အချိန်နဲ့ စားလိုက်ရင် ဆုတ်ရှိန် ပြင်းလှပါတယ်။ ( V - Vွ ) / t ။ V = နောက်ဆုံးအလျင်၊
Vွ = စဦးအလျင်၊t = ကြချိန်။ အဖြေက အနုတ်လက္ခဏာဖြစ်၍ ဆုတ်ရှိန်ဟု ခေါ်ပါတယ်။
         “အား” ဆိုတာက ဒြပ်ထုနဲ့ အရှိန် မြှောက်ထားခြင်း ဖြစ်ပါတယ်။ F = ma ။ F = အား (၀န်)၊
m =ဒြပ်ထု (ကားရဲ့ အလေးချိန်)၊ a = အရှိန်။ ကားအလေးချိန်က ငယ်သော်လည်း အရှိန်က တအား
များပြန်ရင်ဖြစ်ပေါ်လာတဲ့ “အား” က များပါတယ်။ ကားကြီးရင်တော့ သေပြီဆရာပါပဲ။ အလျင်များလွန်း
ရာကနေ အလျင်မသိမသာ လျှော့လိုက်ရင် အရှိန်ဆိုတာ နည်းသွားပါတယ်။ အမြန်မောင်းပြီး ရုတ်တရက်
ဘရိတ်အုပ်၊ အလျင်“ ၀ ” ဖြစ်အောင် လုပ်လျှင် အရှိန် များတတ်တဲ့သဘော ရှိနေတော့ ဘရိတ် လျှော့
နင်းရင် အရှိန် သက်သာပါတယ်။ ကတ္တရာလမ်းက ရာဘာနဲ့ လုပ်ထားတဲ့ တာယာကို ဆွဲထားတဲ့
သဘောရှိတဲ့အတွက် သူက အရှိန်ကိုရော၊ လေကိုရော လျော့နည်းစေပါတယ်။ ဒါ့ကြောင့် တခြားနိုင်ငံ
တွေက ကတ္တရာပဲ သုံးကြတယ်။ ဘိလပ်မြေပေါတိုင်း မလုပ်ကြပါ။
    အကွေ့အ၀ိုက်ကလည်း ရူပဗေဒ သဘောပါ ပါတယ်။ ဗဟိုခွာအားဆိုတာ ရှိတယ်။ ဒါ့ကြောင့်
အကွေ့အ၀ိုက်မှာ လမ်းဘေး နှုတ်ခမ်းကို အနည်းငယ် မြှင့်ထားရင် အရှိန်လွန်ရင်တောင် မူလ
လမ်းကြောင်းကိုပြန်ဆင်းတတ်ပါတယ်။ ရေတင်မှာ၊ ရေ၀ပ်မှာ ကြောက်၍ ဘေးနှုတ်ခမ်းသား
 နှိမ့်ထားလျှင် အပြင် လွင့်အောင်အရောက်ပို့သလို ဖြစ်တဲ့အတွက် လယ်ကွင်းထဲ ထိုးဆင်းကုန်ပါတယ်။
 မြန်နှုန်းမြင့် မောင်းတဲ့သူတွေဟာ အကွေ့အ၀ိုက်မှာ မူလ နှုန်းထက် လျှော့မောင်းရပါတယ်။ နှုန်းလုံးဝ
မလျှော့ခဲ့လျှင် ကွန်ကရစ်လမ်းပေါ်က ကျောက်စရစ်ခဲနဲ့တွေ့ရင် မပြန်လမ်း ရောက်သွားပါလေရော။
လမ်းပိုင်း တာဝန်ယူတဲ့သူတွေ ဟုတ်မဟုတ်၊ စံချိန်စံညွှန်းမှန်မမှန် အရင် တက်မောင်းသင့်ပါတယ်။
စံပြ ဖြစ်အောင်ပါ။
    ကားပုံစံတွေဟာ အမျိုးမျိုး။ အဓိက ကတော့ ဘေးတိုက် ဗျက်ကြီးပြီး ခပ်ဝပ်ဝပ်ကားနဲ့၊ အပေါ်ကို
မြင့်ပြီး မော်ကြွားနေတဲ့ကားဆိုပြီး ရှိပါတယ်။ ပါဂျဲရိုး၊ ဆူစူကီး ကားက အပေါ်မြင့်နေတယ်။ ကယ်ဒီနားက
 ဘေးကျယ်ပြီး ၀ပ်နေတယ်။ အပေါ်မြင့်တဲ့ ကားက မှောက်လွယ်တယ်။ အရှိန်မြင့်ရင် ခါနေတတ်တယ်။
သူက မြောက်ကြွမြောက်ကြွကောင် ဆိုတော့ ပစ်လဲ လွယ်တာပေါ့။ ပြိုင်ကားများကို ကြည့်လျှင် ၀ပ်ပြီး
 ဘေးကျယ်တယ်။ မှောက်ဖို့ ခက်တယ်။ ဒါတောင် အရှိန်များရင် မှောက်တာပါပဲ။ ဆူပါကာစတန်ကို
ကြည့်ပါ။ လုံးလုံးမြင့်မြင့် ပေါင်မုန့်တုံးရှည်ရှည်။ မှောက်ဖို့ သိပ်လွယ်ပါတယ်။
    ဟန်းဖုန်းတစ်လုံးနဲ့ တစ်လုံး တည်ဆောက်ပုံချင်း မတူပါ။ ထို့အတူ ကားရဲ့ ကလီစာ ကိုင်တွယ်ရတာ
လည်း တစ်ခုနဲ့ တစ်ခု မတူပါ။ ကလပ်ကား မောင်းတာနဲ့ အော်တိုဂီယာ မောင်းတာလည်း မတူပါ။
ကိုယ်မမောင်းဘူးတဲ့ ကားကို တက်မမောင်းတာ အကောင်းဆုံးဖြစ်ပါတယ်။ မီးခလုပ်၊ ၀ိုက်ဘာက အစ
ဘယ်နေရာမှာ ရှိမှန်းကိုယ်က မသိ ခလုပ်တွေက အများသား။ ကိုယ်မသိတဲ့ခလုပ် မနှိပ်တာ အကောင်းဆုံး
 ဖြစ်တယ်။ ကားမောင်းတတ်တာ မှန်သော်လည်း ကားရဲ့ အထာဆိုတာ ရှိပါတယ်။ စီးနေကျ စက်ဘီးနဲ့
သူများစက်ဘီး တက်စီးတာတောင် တူလို့လား။ အဲဒီတော့ တတ်နိုင်လို့ ကားသစ်ဝယ်ရင်တောင်
စမ်းပြီးမောင်းကြည့်ပါ။ မျောက်အုန်းသီးရသလို တက်မဆော့တာ အကောင်းဆုံးဖြစ်ပါလိမ့်မယ်။ တစ်ခါက
ပုဂ္ဂိုလ် တစ်ဦးက မိသားစုဝင်တွေကို လိုက်ပို့တယ်။ အပြန်မှာ ချာတိတ်က တက်မောင်းလိုက်တာ
 အဲဒီ ပုဂ္ဂိုလ်ရယ်၊ မိသားဝင်တွေရယ် ပွဲချင်းပြီးဆိုပဲ။ လမ်းကြောသိသူ၊ တာဝန်ယူတဲ့သူက ခရီးစဉ်
အစအဆုံးပြီးအောင် မောင်းခိုင်းတာက စိတ်ချရပါတယ်။
    ရန်ကုန် - မန္တလေး အမြန်လမ်းမက ၀ိဉာဉ်တွေ တီးတိုး ပြောကြမှာပါ။ ကိုယ့်အပြစ်ကြောင့်လား၊
လမ်းအပြစ်ကြောင့်လား။ သေနေတဲ့လူတေါဆီက ဘာတွေချွတ်ယူခံရလည်းဆိုတာ သူတို့ပဲ
 သိကြပါလိမ့်မယ်။ ဘာတွေမှားနေသလဲ အမှားရှိရင် အမှန်ပြင်ရပါလိမ့်မယ်။ ပြိုင်လာရင် အရှုံးပေး
 နှလုံးအေးတဲ့ဆေးတဲ့။ အလျင်စလို မဖြစ်ဖို့တော့ လိုပါလိမ့်မည်။ နောက်ကျမှာစိုးလျှင် စောစော
ထွက်ခဲ့ပါ။ သတ်မှတ်ချိန် အမီရောက်လိုလျှင်စောစောထွက်လည်း ရောက်ပါသည်။ မြန်မြန်မမောင်းလည်း
 ရောက်ပါတယ်။ မြန်မြန်မောင်းလျှင် မြန်မြန်ရောက်မှာ အနိစ္စ။
    ကားမောင်းတဲ့အခါ ကိုယ့်အရှိန် ကိုယ်ထိန်းနိုင်သလား ဆိုတာပါပဲ။ ဘယ်သူမပြု မိမိမှု ဖြစ်ပါတယ်။
မောင်းသူက အဓိက ဖြစ်ပါတယ်။ လမ်းကြောသိရမယ်၊ လေပေါင်ချိန်ပါ၊ ပြတင်းမှန် ဖွင့်မောင်းပါ၊
အရှိန်ကို နိုင်ရမယ်၊ ပြိုင်မမောင်းရ၊ လုမမောင်းရ၊ ဆန္ဒမစောပါနှင့်၊ ဘ၀ပေး သင်ခန်းစာကို အသက်နဲ့
ရင်းပြီး မယူပါနဲ့။
ယဉ် အန္တရာယ် ကင်းရှင်းကြပါစေ။
                                       အေးကမ္ဘာ ဒေါက်တာချစ်
ref: ပြည်မြန်မာဂျာနယ် ( ၂၂ . ၈ . ၂၀၁၃)
No comments:
Post a Comment
Related Posts Plugin for WordPress, Blogger...