Friday, August 16, 2013
ဝရမ်းပြေးတွေ ဘယ်လိုအိပ်ကြသလဲ
“ဒုန်း ဒုန်း ဒုန်း”
“ကိုသန်းဇော် ကိုသန်းဇော်”
“ဒုန်း ဒုန်း ဒုန်း”
“ကိုသန်းဇော် ကိုသန်းဇော် ထပါဦးဗျ၊ မြန်မြန် တံခါးဖွင့်ပါဗျ”
“ဟေ အေးအေး ဘယ်သူတွေတုန်းဟ ညကြီး အချိန်မတော် လာပြီဟေ့”
အိပ်ချင်မူးတူးနဲ့ ထလာပြီး အခန်းမီးတွေဖွင့်၊ အိမ်ရှေ့ တံခါးမကြီးကို ဖွင့်ကြည့်လိုက်တော့
ကားတစ်စီးနဲ့ လူတစ်စု။
“ဟ ဘယ်သူတွေတုန်း လူတွေကလည်း များလှချည်လား”
“ကျွန်တော် မင်းပိုင်စိုး၊ ရွှေဘ နဲ့ ချစ်မိုးဆွေတို့ အဖွဲ့ပါဗျ၊ ပြီးမှအေးအေးဆေးဆေး ပြောပြ
ပါမယ်ဗျာ။ ဟေ့ကောင်တွေ အိမ်ထဲ မြန်မြန်ဝင်၊ ပြီးရင် တံခါးတွေ ပိတ်ထားလိုက်”
ဒီလိုနဲ့ အားလုံး အိမ်ထဲရောက် တံခါးတွေ ပိတ်ပြီးချိန်မှာတော့..
“ကဲဆိုစမ်းပါဦး မင်းတို့ဟာ ရိုးရိုးမှ ဟုတ်ကြရဲ့လား၊ အုပ်စုလိုက် ညကြီးမင်းကြီး
ဘာလုပ်ကြတာတုန်း”
မင်းပိုင်စိုး။ ။ ဘာလုပ်ရမှာလည်းဂျ၊ ဟိုမှာ မိဆု၊ မဟေမာန် နဲ့ မကြယ်စင်ဖြူတို့အဖွဲ့
အန်ာတို့ကို လိုက်ရှာပြီး အပီ သမကြတော့မလို့လုပ်နေတာ။ မနည်း
အသက်လုပြီး ပြေးလာခဲ့ရတာဂျ။ ခိုင်ဝါမိုး၊ မိုးမိုး၊ မာမာ၊ မင်းသမီးလေး၊
တုတု နဲ့ မမ တို့ကိုတောင် တပ်ကူခေါ်ထားတယ်ဆိုပဲဂျ။ အဲဒါ ကိုသန်းဇော်
အိမ်မှာ ပုန်းကြမလို့ ကူညီပါဦးဗျာ ကိုသန်းဇော်မှ မကူညီရင် အနော်တို့
ဘ၀က မတွေးဝံ့ဘူးဂျ သူတို့လက်ထဲမှာ ရေတိမ်နစ်ရတော့မယ်။ လုပ်ပါဂျ။
အခု သူတို့က အနော်တို့ကို မြေလှန်ရှာနေကြပြီ၊ ကိုနေထွန်းလှိုင်က
မနှစ်က ဘုရားပွဲမှာ ကိုသန်းဇော်အိမ်ကို ငါရောက်ဘူးတယ် ကိုသန်းဇော်
အိမ်က အညာမှာဆိုတော့ သူတို့ မသိလောက်ဘူး အဲဒီသွားပြီး ပုန်းကြရအောင်
ဆိုလို့ ပြေးလာကြတာပါဂျ။”
“ ဟေ... ငါပါ အမှုတွဲထဲ ပါနေပါဦးမယ် မောင်တို့ရယ် လက်မခံပါရစေနဲ့”
ချစ်မိုးဆွေ။ ။“ ခင်ဗျား လက်မခံလို့ ရမလားဗျ။ ခင်ဗျားလည်း ကျွန်တော်တို့ ပို့စ်တွေ
အောက်မှာ တဟားဟား တဟီးဟီးနဲ့ ကွန်မဲင့်တွေ ပေးခဲ့တာပဲမို့လား
ခင်ဗျားလည်း စက်ကွင်းက လွတ်မယ်ထင်သလား”
“ ဟေ... ဟုတ်သား၊ အဲ အဲ အလိုဆိုရင်တော့ ဖြစ်အတူ၊ ပျက်အတူပေါ့ကွာ
ခုမှတော့ လက်ခံရတော့မှာပေါ့။ နေပါဦး ခု မင်းတို့ ပြေးလာတာ
ဘယ်နှစ်ယောက်လည်း”
ရွှေဘ။ ။ “ရှစ်ယောက်ဗျ။ ကျနော်ရယ် ကိုမင်းပိုင်စိုး၊ ကိုချစ်မိုးဆွေ၊ ကိုနေထွန်းလှိုင်၊
ကိုပါရမီဖြည့်ဖက်လေး၊ တို့ဗျ။ ကိုကြီးစိုး၊ ကိုငွေစိုး၊ ကိုမိုးအောင် တို့လည်း
ပါသေးတယ်။”
“မင်းတို့ငါးယောက်က ပို့စ်ထဲမှာပါလို့ ပြေးလာတာ ဟုတ်ပါပြီ ကိုငွေစိုးက
ဘာဖြစ်လို့လဲ”
ကိုငွေစိုး။ ။ “သိဘူးလေဗျာ သူတို့နဲ့တွေ့တော့ သူတို့က ကိုငွေစိုး ပြေး ပြေး ဆိုလို့
ဘုမသိ၊ ဘမသိ ရောပြီး ပြေးလာခဲ့တာပဲ”
“ အင်... ဒါနဲ့ ကိုကြီးစိုးကရော ... ”
ကိုကြီးစိုး။ ။ “ အ. ပါ့ကွာ ကောင်လေးရာ၊ ဆိုဒ်ထဲက အပျိုလေးတွေရော အပျိုကြီး
တွေရော ရွှေဘတို့၊ ချစ်မိုးဆွေတို့ကို လိုက်ရှာနေကြလို့ ခုချိန်မှာ
ဆိုဒ်ထဲမှာ ဘယ်သူမှ မရှိကြတော့ဘူးကွ၊ ဒီတော့ မန်ဘာအားလုံးက
ဟ.. ကောင်မလေးတွေလည်း ပျောက်နေတယ်၊ ကိုကြီးစိုးကြီးလည်း
ပျောက်နေတယ် ဧကန္တ တစ်ခုခုပဲ လို့ အထင်ခံရ မနည်းဘူးဆိုပြီး
လိုက်လာတာပေါ့ကွ”
“တိန်... ကောင်းဗျာ.မိုးအောင်ကရော”
ကိုမိုးအောင်။ ။ “ကျနော်ကလည်း မုံရွာကဆိုတော့ လမ်းကြုံလို့ လိုက်လာတာပါ။”
“ဟုတ်ပေ့ကွာ.. ကဲကဲ မင်းတို့ ထမင်းရော စားခဲ့ပြီးကြပြီလား”
ကိုပါရမီ။ ။ “ဒါလောက် သေပြေးရှင်ပြေး ပြေးလာရတယ် ဘယ် ထမင်းမှ စားဖို့
သတိမရဘူး ခုခင်ဗျားပြောမှ စားဖို့ သတိရလာတယ်။ စားစရာရှိရင်
လုပ်ပါဗျာ ဗိုက်ဆာလှပြီဗျ”
“ အော် အေးအေး ငါက စားသောက်ဆိုင်ဆိုတော့ အပန်းမကြီးပါဘူး
စားစရာ သောက်စရာအတွက်တော့ အားလုံး အဆင်ပြေပါတယ်”
ဒါနဲ့ စားဖိုမှူးနဲ့ အကူစားပွဲထိုးကောင်လေး ၂ ယောက်ကို နှိုးပြီး စားစရာသောက်စရာ
အားလုံး စီစဉ်ပေးလိုက်ပါတယ်။ စားလိုက်ကြတာဗျာ ဝေသာဠီပြည် ဘီလူး ၀င်တဲ့အတိုင်းပါပဲ။
သောက်လိုက်ကြတာလည်းဗျာ နာဠာဂီရိဆင်က အဘ ခေါ်လောက်ပေရဲ့ အော်.... ငတ် လာကြတာကိုး။
ဒါနဲ့ စားလို့ သောက်လို့ပြီးကြတော့...
ကိုနေထွန်းလှိုင်။ ။ “ကဲစားလို့သောက်လို့လည်း ပြီးပြီ ဗိုက်တင်းပြီး အိပ်ချင်ပြီဗျာ
တစ်နေကုန်ပြေးလာရတာ ပင်ပန်းလှပြီ၊ ကျနော်တို့ ဘယ်မှာ
အိပ်ရမှာလည်းဗျ”
“အိပ်ဖို့အတွက်လည်း မပူပါနဲ့ကွာ အပေါ်ထပ်တစ်ထပ်လုံးအားပါတယ်။
စောင်နဲ့ခေါင်းဦး အပြည့်အစုံရှိတယ်၊ ခြင်လုံခန်းဆိုတော့ ခြင်ထောင်တော့
မလိုပါဘူး။ မင်းတို့က လူများတော့ ခုတင် တစ်ယောက်တစ်လုံးတော့
မပေးနိုင်ဘူးကွာ ကြမ်းပြင်မှာပဲ အားလုံးတန်းစီ အိပ်လိုက်ကြပေါ့
အဆင်ပြေတယ်မို့လား”
ကိုကြီးစိုး။ ။ “ရပါတယ်ဗျာ အဆင်ပြေသလိုပေါ့”
ဒီလိုနဲ့ သူတို့အားလုံး အပေါ်ထပ်ကို တက်သွားကြပြီး အိပ်ကြပါတော့တယ်။
အဲဒီအချိန်ကစပြီး ကျနော့အိမ်မှာ သံစုံတီးဝိုင်းရောက်လာသလား အောက်မေ့ရတယ်ဗျာ။
တခေါခေါ တခူးခူးနဲ့ ဟောက်တဲသူကဟောက်၊ ကြမ်းပြင်ကို ခြေထောက်နဲ့ တဒုန်းဒုန်း
ဆောင့်တဲ့သူကဆောင့်၊ ယောင်ပြီး အော်တဲ့သူကအော် နဲ့ စုံနေတာပါပဲဗျာ။ ဘယ်သူက
ဘာတွေ အော်နေကြလည်း မသိပါဘူး။ မနက်ကျတော့ လက်ဖက်ရည်သောက်ရအောင်
သူတို့ကို နှိုးတော့..
ကိုပါရမီ။ ။ “မနေ့က ပန်းလည်းပန်း၊ ဆာဆာနဲ့ အစားများသွားလို့ ညက အိပ်လို့
ကောင်းလိုက်တာဗျာ။ ကိုရွှေဘကြီးလည်း အိပ်လိုက်တာများ သွားရည်တွေကို
စီးကျလို့ဗျာ... ဟဲဟဲ”
“ အော် ဒါနဲ့ မနေ့ညက ဘယ်သူတွေက ဘယ်နေရာမှာ ဘယ်လိုအိပ်ကြလည်း”
ကိုနေထွန်းလှိုင်။ ။ ကျနော်ကတော့ ကိုမင်းပိုင်စိုးနဲ့ ကပ်လျှက်အိပ်တယ်ဗျ။
ကိုချစ်မိုးဆွေ။ ။ ကျနော်နဲ့ ရွှေဘကြားမှာ လူနှစ်ယောက်ရှိတယ်ဗျ။ ဘယ်သူတွေမှန်းတော့
မသိဘူး။ ရွှေဘက ညညအိပ်ရင် ဘေးကလူကို ယောင်ယောင်ပြီး ဖက်နမ်း
တတ်တယ်ဆိုလို့ သူနဲ့ သေသေချာချာခွဲပြီး အိပ်တာဗျ။
ကိုငွေစိုး။ ။ ကျနော်တော့ မောမောနဲ့ အိပ်ပျော်သွားတာ ကိုယ့်ဘေးနား ဘယ်သူတွေ
မှန်းတောင် သတိမထားလိုက်မိပါဘူးဗျာ။
ကိုပါရမီ။ ။ ကျနော့ဘေးနှစ်ဖက်က ကိုရွှေဘနဲ့ ကိုငွေစိုးဗျာ။
ကိုရွှေဘ။ ။ ကျနော်နဲ့ ကိုနေထွန်းလှိုင်ကြားမှာ နှစ်ယောက်ရှိတယ်ဗျ။ ကိုသန်းဇော်က
ပြောတယ် ကိုနေထွန်းလှိုင်က ယောင်ယောင်ပြီး တက်ခွတတ်တယ် သူ့နား
မအိပ်နဲ့ဆိုလို့။
ကိုမင်းပိုင်စိုး။ ။ အနော်ကတော့ ဘယ်ဘက်အစွန်ဆုံးက အိပ်တယ်ဂျ။
ကိုကြီးစိုး။ ။ ကျနော်ကတော့ ကိုချစ်မိုးဆွေနဲ့ ကပ်လျှက်အိပ်တာမှတ်မိတယ်။
ကိုမိုးအောင်။ ။ ကျနော်လည်း မနေ့ကပင်ပန်းထားတာဆိုတော့ တချိုးတည်း
အိပ်ပျော်သွားတာ မမှတ်မိတော့ဘူးဗျာ။
ကဲ သူငယ်ချင်းတို့ရေ-
မနေ့ညက သူတို့ ဘယ်လိုအစီအစဉ်နဲ့ အိပ်ခဲ့ကြတယ်ဆိုတာ နေရာချကြည့်ကြပါဦးဗျာ။
အော်.... ရှူး.... ကျနော့အိမ်မှာ သူတို့ရောက်နေတာ ဟိုအဖွဲ့ကို သွားမပြောလိုက်နဲ့ဦးနော်..
ကျနော်ပါ ပြေးပေါက်မှားနေပါဦးမယ်။ ..
စဉ်းစားပြီးရင် သူငယ်ချင်းတို့ အဖြေမှန်မမှန်ကို အောက်မှာ အပြည့်အစုံဖတ်ရန် ဆိုတာလေးကို
နှိပ်ပြီး တိုက်ကြည့်လိုက်နော်....
သူငယ်ချင်းတို့ ပျော်ရွှင်နိုင်ကြပါစေ။
ဒီအဖြေကို စဉ်းစားဖို့ရာအတွက်တော့ ပေးထားချက်တွေကို ခြုံငုံသုံးသပ်ပြီးမှ စဉ်းစားရပါမယ်
ဆိုလိုတာက အဖြေကို အမြန်ဆုံးရနိုင်မယ့် သဲလွန်စ ပေးထားချက်ကို အရင်ရှာပြီး အဲဒီ အချက်ကမှ
တစ်ဆင့် ဆက်စပ် ဖြေရှင်းသွားရင် အဖြေရမှာပါ။
ဒီပုစ္ဆာမှာ အဖြေကို အမြန်ဆုံးရနိုင်မည့် သဲလွန်စ ပေးထားချက်ကတော့ ကိုမင်းပိုင်စိုးရဲ့ “ကျနော်က
ဘယ်ဘက်အစွန်ဆုံးက အိပ်တယ်” ဆိုတဲ့ အချက်ပါပဲ။ အဲဒီကနေ ဆက်စပ် စဉ်းစားလိုက်ရင် အဖြေကို
လွယ်လွယ်လေးနဲ့ ရမှာပါ။ ကဲ နေရာချကြည့်ရအောင်။ ကိုမင်းပိုင်စိုးက ဘယ်ဘယ်ဆုံးက ချလိုက်မယ်။
ဒုတိယ ချရမှာက ကိုနေထွန်းလှိုင်ပေါ့ သူက “မင်းပိုင်စိုးနဲ့ ကပ်လျှက်အိပ်တယ်” လို့ပြောထားတယ်။
ဒီတော့ ဘယ်ဘက် အစွန်ဆုံး နှစ်ယောက်ရပြီ။ နောက်တစ်ယောက်ကတော့ ကိုရွှေဘပေါ့ သူက
“ကိုနေထွန်းလှိုင်နဲ့နှစ်ယောက်ခြားပြီး အိပ်တယ်” လို့ ဆိုတယ်မို့လား။ ဒီတော့ ဒီလို ပုံစံ
ဖြစ်နေပြီနော်.......
ကိုမင်းပိုင်စိုး၊ ကိုနေထွန်းလှိုင်၊ --------၊ ------၊ ကိုရွှေဘ၊-------၊---------၊ ---------
ကဲ နောက်တစ်ယောက် စဉ်းစားကြည့်မယ်။ နောက်တစ်ယောက်ကတော့ ကိုချစ်မိုးဆွေပေါ့ သူက
“ကိုရွေဘနဲ့ကြားမှာ လူနှစ်ယောက်ခြားထားတယ်” လို့ ဆိုထားတဲ့အတွက် ဒီလို အဖြေဖြစ်သွားပါပြီ။
ကိုမင်းပိုင်စိုး၊ ကိုနေထွန်းလှိုင်၊ ------ ၊ ------၊ ကိုရွှေဘ၊ ------၊ ------၊ ကိုချစ်မိုးဆွေ
နောက်တစ်ယောက် ဆက်စဉ်းစားမယ်။ ကိုကြီးစိုးက “ကျနော်က ကိုချစ်မိုးဆွေနဲ့ ကပ်လျှက်အိပ်
တယ်” ဆိုတော့ ကိုကြီးစိုးကို ကိုချစ်မိုးဆွေနဲ့ ကပ်လျှက်နေရာပေးလိုက်ပေါ့။
ကိုမင်းပိုင်စိုး၊ ကိုနေထွန်းလှိုင်၊------၊------၊ကိုရွှေဘ၊------၊ကိုကြီးစိုး၊ ကိုချစ်မိုးဆွေ။
နောက်တစ်ယောက်ကတော့ ကိုပါရမီရဲ့ “ကျနော့ဘေးနှစ်ဖက်က ကိုရွှေဘနဲ့ ကိုငွေစိုးဗျ” ဆိုတဲ့
စကားကို စဉ်းစားရင် ကိုပါရမီဟာ ကိုရွှေဘနဲ့ ကပ်လျက်အိပ်တာသေချာတယ်။ ဒါပေမယ့် ကိုရွှေဘရဲ့
ဘယ်ဘက်မှာလား ညာဘက်မှာလား ဆက်စဉ်းစားရင် ကိုရွှေဘရဲ့ ညာဘက် မဖြစ်နိုင်ပါဘူး။ ဘာလို့
လဲဆိုတော့ ကိုရွှေဘရဲ့ ညာဘက်မှာ နေရာက တစ်နေရာပဲ လွတ်နေတယ် ဒါပေမယ့် ကိုရွှေဘရဲ့
ဘယ်ဘက်မှာတော့ နေရာ ၂ နေရာလွတ်နေတဲ့အတွက် ကိုပါရမီဟာ ကိုရွှေဘရဲ့ ဘယ်ဘက်မှာပဲ
ဖြစ်ရတော့မှာပေါ့။ သူနဲ့ ဆက်စပ်နေတဲ့ ကိုငွေစိုးကိုလည်း သူ့ဘေးမှာ ဆက်ထားလိုက်ရင်.......
ကိုမင်းပိုင်စိုး၊ ကိုနေထွန်းလှိုင်၊ ကိုငွေစိုး၊ ကိုပါရမီ၊ ကိုရွှေဘ၊ ----- ၊ ကိုကြီးစိုး၊ ကိုချစ်မိုးဆွေ
ဒီလို ဖြစ်သွားမှတော့ ကျန်တဲ့တစ်နေရာက ကိုမိုးအောင်အတွက်ပဲ ကျန်တော့တာပဲ ဒီတော့ အဖြေမှန်
အပြည့်အစုံကတော့.......
ကိုမင်းပိုင်စိုး၊ ကိုနေထွန်းလှိုင်၊ ကိုငွေစိုး၊ ကိုပါရမီ၊ ကိုရွှေဘ၊ ကိုမိုးအောင်၊ ကိုကြီးစိုး၊ ကိုချစ်မိုးဆွေ
ဆိုတဲ့ အစီအစဉ် ပဲ ဖြစ်ပါတော့တယ်။
သူငယ်ချင်းတို့ ပျော်ရွှင်ပါစေ။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment