နေမင်းကို လက်ပြ
ကြယ် လ တွေကျန်ပါသေးတယ်
ငါ အငိုရပ်ပါတော့မယ်။
မင်းမသိတဲ့ အားလုံးမသိတဲ့ကြယ် လ တွေကျန်ပါသေးတယ်
ငါ အငိုရပ်ပါတော့မယ်။
အပြုံးမျက်နှာနဲ့လူ
အသဲကိုခွဲထုတ် ပေါ့ကျရည်ကျဲကျဲမှာမြှုပ်
သရုပ်ခွဲခံ ဗေဒနဲ့
ငါ့ရဲ့ ဖလင်ကွက်တွေ
ဆေးစက်မှိန် ရေတိမ်နစ်ရတော့မယ်။
သိပ်ပြီးဖိနှိပ်လွန်းရင်
ပေါက်ကွဲတတ်တယ်ဆိုပေမယ့်
ငါက အမြဲတမ်း
ပြားချပ်ချပ် နိုင်ခဲ့တဲ့ အကောင်ပဲလေ။
မြက်ထုံးကို နွားတွေကလုယက်
မင်းက ဟက်ဟက်ပက်ပက် ရယ်မောလို့။
ခေါမ အဘိဓမ္မာအရ
မြစ်တစ်မြစ်မှာ ရေနှစ်ခါမချိုးရဘူးတဲ့
တချို့ကျတော့
ဘယ်နှစ်ခါမှန်းကို မသိရတော့ဘူး။
ကျေးဇူးပြုပြီး
လက်ဖက်ရည်ဆိုင် ခုံပုပုတွေမှာ
ထိုင်လို့မရတဲ့
မင်းဆံပင်တွေကို ဖြန့်ချမထားပါနဲ့
ရယ်သွမ်းသွေးခံ
ခပ်ညံ့ညံ့ ဥပဓိရုပ်နဲ့ကောင်ဆီက
ဖြူစင်လှပတဲ့ အချစ်တွေက ရိုင်းစိုင်းကြလိမ့်မယ်။
အမြင့်ကို ဘယ်လိုတိုင်းသလဲ
အနိမ့်ကို ဘယ်လိုတိုင်းသလဲ
ခပ်ရဲရဲ တွေးကြည့်ရင် မြင်နိုင်ပါတယ်။
လရောင်ကို ချစ်ရတယ်
မြက်ခင်းစိမ်းကို ချစ်ရတယ်
အမှောင်ထဲက ဂီတသံကို ချစ်ရတယ်
အရောင်စုံ စုတ်ချက်ကို ချစ်ရတယ်
ဆိုတဲ့ အသိနဲ့
မျှော်လင့်ခြင်း ပန်းချီကား
ရေးဆွဲကြည့်ပါဦးလား။
ငါမှားပါတယ်
သွားခါနီး လာခါနီး
ဒီစကားပြောရတာ
မသထာရေစာ
အချစ်သေးသေးလေးအတွက်
အားနာတယ်။
မင်းကတော့
အမုန်းဝတ် ကျေပါလေရဲ့ကွယ်။
ပါဝါသာလျှက် အပ်ကွက်ကျတာ
တကယ်တော့
ဒါ အရှုံးပါပဲ
ငါမပါလည်း ကမ္ဘာကြီးက
လုံးနေပြီးသားပဲလေ။
လက်ဖက်ရည်ဆိုင်ထဲက ကြော်ငြာတွေလို
ဘ၀ဟာ အရောင်စုံမှ ဖြစ်ပေမယ်။ ။
လေးစားစွာဖြင့်
ကိုသန်းဇော်
အပ်ကွက် = သရေကျသည် (စစ်တုရင် ဝေါဟာရ)
No comments:
Post a Comment