Monday, March 9, 2015
အရိုးရှင်းဆုံး ရေနွေးငွေ့ မော်တော်ဘုတ်
ဒီ ကစားစရာလေးဟာ တွေ့ဖူးသမျှ အရိုးရှင်းဆုံး ရေနွေးငွေ့ အင်ဂျင် နမူနာ တစ်ခုဖြစ်ပါတယ်။
ဗားတွေ မပါဘူး။ လှုပ်ရှားတဲ့ အစိတ်အပိုင်း မပါဘူး။ သို့တိုင် သေးငယ်တဲ့ မော်တော်ဘုတ်လေးကို
အကျယ်ဆုံးသော ရေကူးကန် သို့မဟုတ် ဘဲကန်ကို လွယ်ကူစွာ ဖြတ်သန်းသွားဖို့တွန်းအား ပေးနိုင်စွမ်း
ရှိပါတယ်။ ပုံကို ကြည့်လိုက်ရုံနဲ့ တည်ဆောက်ပုံ အသေးစိတ်ကို မြင်နိုင်ပါတယ်။ HDPE ဖြင့်
ပြုလုပ်ထားသော ပလပ်စတစ်ဗူးများကို အလျားလိုက် ထက်ဝက်ပိုင်းဖြတ်၍ လုပ်ထားပါတယ်။
လှေဦးမှာ ခွက်ကလေးထဲ ဖယောင်းတိုင်ထည့် ကော်တစ်မျိုး စွဲကပ်ထားပါ။ ရေနွေးငွေ့ အင်ဂျင်ကို
တစ်ပဲ သို့မဟုတ် 18 လက်မ အချင်းရှိ ကြေးပိုက်နဲ့ လုပ်ထားတယ်။ ရေခဲသေတ္တာမှာ သုံးတယ်။
ပိုက်ကို ခွေတဲ့အခါ ဆလင်ဒါပုံစံ တစ်ခုခုအပေါ် ပတ်၍ ခွေပါ။ လှေခွံမှာ သံချောင်းနဲ့ အပေါက်ဖေါက်ပြီး
ပိုက်အဖျားစွန်းနှစ်ခုကို အားဖြင့် ဖိသွင်းပါ။ ပိုက်အစွန်းနှစ်ဖက်စလုံး ရေအောက် ရောက်နေပါစေ။ လှေကို
လွှတ်တဲ့အခါ ပိုက်ထဲမှာ ရေအပြည့် ရှိနေရမယ်။အလွယ်ဆုံးနည်းကပိုက်တစ်ဖက်ကို ရေအောက်
ရှိနေစေပြီး ကျန်တစ်ဖက်မှ စုပ်ယူပါ။
အလုပ် လုပ်ပုံသဘောတရားက ပိုက်ခွေထဲရှိတဲ့ရေ ဆူပွက်လာပြီး ရေနွေးငွေ့ဖြစ်ကာ ပြန့်ကား
ထွက်လာတယ်။ ဒီရေနွေးငွေ့ကပိုက်ထဲက ရေကို တွန်းထုတ်တယ်။ တန်ပြန်သက်ရောက်မှု reaction
က လှေကို ရှေ့သို့ တွန်းတယ်။ ရေနွေးငွေ့ ဆက်လက်ကျယ်ပြန့် လာတဲ့အခါ ရေရှိခဲ့ဖူးတဲ့
ပိုက်ဖြတ်ပိုင်းနေရာသို့ ရောက်လာတယ်။ ဒီနေရာက အေးနေတာမို့ ရေအဖြစ် ငွေ့ရည်ပြန်ဖွဲ့တယ်။
ဒီဖြစ်စဉ်ကြောင့်လေဟာနယ် ဖြစ်ပေါ်စေပြီး ရေတွေ ပြန်၍ စုပ်သွင်းတယ်။ နောက် ဖြစ်စဉ်
တစ်ပတ်လည်တယ်။ ရေတွေ ပြန်စုပ်တဲ့အခါ လှေကို နောက်ပြန်ဆွဲစေမယ်လို့ ထင်ရပေမယ့်
သိပ်အဝေးကြီး ၀င်ရတာ မဟုတ်လို့ မပြောပလောက်ပါ။ လက်ချောင်းကို ပိုက်ရဲ့ နောက်မှာ ထားကြည့်ရင်
စုပ်လိုက် မှုတ်လိုက်ဖြစ်နေတဲ့ ရေရဲ့ လှုပ်ရှားမှုဟာ အတော်လေး မြန်ဆန်ကြောင်း ခံစားသိရှိနိုင်ပါတယ်။
တစ်စက္ကန့်ကို ၅ ကြိမ်မှ ၁၀ ကြိမ် အထိ pulses ထုတ်လွှတ်ပါတယ်။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment