Friday, August 9, 2013

ကဗျာဆရာ နှင့် ပင်လယ်ဓါးပြ

ကမ္ဘာမြေပေါ်က တစ်နေရာရာမှာ
တစ်စုံတစ်ခုဟာ အမြဲမှားယွင်းနေခဲ့ပါလိမ့်မယ်
သင်္ဘောပျက်တစ်စင်းပေါ်က အိပ်မက်တွေကို
ကျွန်တော် စာနာဖို့ သိခဲ့တယ်
အဲဒီအတွက်တာ ....
ကျွန်တော့ရဲ့ ပျော်ရွှင်ခြင်းတွေဟာ
သောင်တင်သင်္ဘော တစ်စင်း ဖြစ်ခဲ့ရတယ်
မြောက်များလှစွာသော မှားယွင်းခွင့်များ ရှိခဲ့တဲ့အတွက်
ကျွန်တော်က မောင်ချောနွယ်က
အသက်ရှင်ခြင်းတရားကို
အထူးပဲ ကျေးဇူးတင်ကြောင်း ဖော်ပြလိုက်ပါရစေ။

ဘာတစ်ခုမှ အဆင်မပြေတာကိုရော
ကံဆိုးမှု အကြိမ်ကြိမ် ကျရောက်ရတာကိုရော
ရောဂါပိုးမွှားတွေ ထူထပ်သိပ်သည်းနေခဲ့ရတာကိုရော
တစိမ့်စိမ့် တမြေ့မြေ့ နာကျင်ပြီး ဆာလောင်နေရတာကိုရော
ကိုယ်ကချစ်လိုက်ပြီး ပြန်အချစ်ခံခွင့်ရတာကိုရော
အမုန်းခံလိုက်ရတာကိုရော
အစစစုပေါင်းဖြစ်တည် ပျက်ယွင်းနေတဲ့ ဒီဘ၀တိုတိုလေးဆိုတာကို
အထူးလှိုက်လှဲစွာ ကျေနပ်လှပါတယ်။
(လူသားတစ်ယောက်နဲ့တစ်ယောက်
နူးညံ့ခြင်း ပြိုင်ပွဲမရှိခဲ့တာကိုတော့
ကျွန်တော်က ရယ်သွမ်းသွေးလိုပါတယ်)

ပျော်ချင်တဲ့အချိန်မှာ
လူတစ်ယောက် ရသင့်တဲ့
ကိုတာ လောက်ပဲ အခွင့်ရလိုလှပါတယ်
အဲဒီလိုဆိုဖြင့် ....
ခုလက်ရှိ ခန္ဓာကိုယ်နဲ့ ဘ၀ကိုရော
အသက်ရှင်ခြင်းတရားကိုရော
လူတွေရဲ့ ကပ်ပါးပိုးဆိုတာကိုရော
ကျွန်တော်က ၀မ်းမြောက်ဝမ်းသာ ကြိုဆိုလိုက်ပါကြောင်း။

အရက်
တရားဓမ္မ
အမှားအယွင်း
ကာမဂုဏ်
ရန်သူ
မိတ်ဆွေ
အမှန်တရား
ရိုးသားမှု
ချစ်ခြင်းမေတ္တာ
ကျွန်းသစ်
မြို့ရွာ
နိုင်ငံ
နေမင်းကြီး
လမင်းဖြူဖြူ
ခိုပြာရောင် ကြယ်လေးများနဲ့
ငွေစံပါယ် ဆေးပေါ့လိပ်ကလေးများကိုလည်း
အထူးပဲ ကျေးဇူးတင်ရှိလှပါတယ်။

ဆယ့်ခြောက် (၁၆) အောင်စ အလေးချိန်ရှိတဲ့
လူသားရဲ့ အသည်းနှလုံးဟာ
တစ်နေ့ကို အကြိမ်ပေါင်း တစ်သိန်းတိတိ ခုန်ချက်ရှိတယ်လို့
ဆေးဘက်ဆိုင်ရာကျမ်းတွေက ဆိုတယ်
လူတစ်ယောက်ရဲ့ တစ်နေ့တာ နှလုံးခုန်ချက်ဟာ
တစ်သိန်းခုန်ချက်ရှိတယ်ဆိုတဲ့
အထက်ပါဆိုလိုချက်ကို ကျွန်တော်လက်ခံပါတယ်။

ဒါပေမယ့် ... ကျွန်တော့အလိုအရတော့
အကြိမ်တစ်သိန်းတိတိ ခုန်ချက်ဟာ
ထိချက်တစ်ချက် မဖြစ်နိုင်ဘူး
အခိုက်ဓာတ်တစ်ခု မဖြစ်နိုင်ဘူး
ခိုက်ထိချက်တစ်ချက် မရနိုင်ဘူး
ပြီးတော့ .... ထိချက်တစ်ချက်ဟာလည်း
မှော်သားဓာတ် မစေးကပ်နိုင်၊ မပါဝင်နိုင်ပြန်ဘူး
အဖိတ်အစင်ရှိသလို
မှော်သားအထူအပါးလည်း ကွဲသွားနိုင်ပါသေးတယ်။

ထားပါတော့ ....
ထိချက်တစ်ချက်လည်း ဖြစ်ခဲ့ပြီ
အခိုက်ဓာတ်လည်း ဖြစ်ခဲ့ပြီ
မှော်သားလည်း ပါဝင်ခဲ့ပြီဆိုရင်တော့
အဲဒါဟာ အနုပညာပဲ
ကဗျာပဲ
အစစ်ရတနာပဲပေါ့။

နီဝါပြာစိမ်းတွေ ကွဲနိုင်ပါရဲ့
အရောင်ကွဲပြားမှုကတော့ သူ့တန်ဖိုး အမျိုးအစားလိုက်ပေါ့
ရှိပါစေ....
လူဆိုတာ ဘုရားသခင်က
ကိုယ့်ကို ဘာပေးလိုက်သလဲဆိုတာ
သိဖို့လိုတယ်လို့ ကျွန်တော်ခံယူထားတယ်
ဘုရားသခင်က ကျွန်တော့ကို အဲဒါပေးခဲ့တယ်
ကဗျာ။

ကျွန်တော်က သေးသေးမွှားမွှား ဘ၀တိုတိုလေးမှာပင်
ကိုလံဘတ်စ် ဖြစ်ချင်တယ်
နယ်ပယ်သစ်တွေ ရှာဖွေချင်တယ်
ကျွန်းသစ်မြေသစ်တွေကို စိတ်ဝင်စားတယ်
လူသားတစ်ယောက်ဟာ
ဘယ်လောက်ဝပ်အား ပျော်ရွှင်လင်းထိန်နိုင်ပါလဲ။

ကျွန်တော်က ....
မဒမ်ကျူရီလည်း ဖြစ်လိုက်ချင်သေးတယ်
ပြီးတော့ အက်ဒီဆင်
ပြီးတော့ မိုက်ကယ်အင်ဂျလိုဗြူရိုနာတီ
ပြီးတော့ ကဗျာဆရာ အိုမာခရမ်လည်း ပါတယ်ပေါ့
သူတို့လို
ဝိုင်မူးမူး၊ နက္ခတ်ဗေဒင်မှာ ကျွမ်းကျင်သူ
ပြီးတော့ ပြက္ခဒိန်သစ်တွေ ဘာတွေ တီထွင်ချင်တယ်။

ကမ္ဘာကျော် အဆိုတော်တစ်ယောက်က
သူ့သီချင်း အယ်လဘမ်ကို ဟောဒီလို နာမည်ပေးခဲ့တယ်
“ ပင်လယ်ဓားပြနဲ့ ကဗျာဆရာ” .... တဲ့
ညီမျှခြင်းတစ်ခုကို သူ့ရဲ့ရှုဒေါင့်ကနေဆွဲပြထားတဲ့ ဒီသီချင်းမှာ
သူ့ဆိုလိုချက်က ပင်လယ်ဓားပြတွေကလည်း
ရတနာကျွန်းကို ရှာဖွေခဲ့ကြတယ်
ကဗျာဆရာတွေကလည်း
ရတနာကျွန်းကို ရှာဖွေခဲ့ကြတဲ့ သူတွေဖြစ်ပါတယ် ... တဲ့။

ကမ္ဘာမြေကြီးရဲ့ ရင်ခေါင်းထဲကို
အနက်ရှိုင်းဆုံး တူးဆွလာတဲ့ မြေတူးသမားဟာ
သူ့လက်ထဲက သံတူရွင်းတစ်ချက် အတူးမှားရင်
တွေ့ထားတဲ့ ကျောက်မျက်ရတနာ
ပဲ့ရွဲ့ပြီး တန်ဖိုးဆုံးရှုံးနိုင်သလို
တစ်ချက်မှားယွင်းပြန်ရင်လည်း
မြေကြီးတွေ ကိုယ်ပေါ်ပြိုကျပြီး အသက်ဆုံးရှုံးနိုင်ပါတယ်။

တကယ်တော့ ကဗျာဆရာဆိုတာ
ကိုလံဘတ်စ်လည်းဖြစ်
မဒမ်ကျူရီလည်းဖြစ်
မာကိုနီလိုလည်း
ဆောင်းတွင်းအိပ်မက်တွေနဲ့ ကမ္ဘာကိုဆက်သွယ်နိုင်သူ
မဒမ်ကျူရီလို မြေကို လင်းထိန်စေသူနဲ့
အိုမာခရမ်လို ၀ိုင်မူးမူးနဲ့
နှလုံးခုန်ချက် တစ်သိန်းထဲက ထွက်လာတဲ့
ခိုက်ထိချက်တစ်ချက်ကို မှော်သက်သွင်းပြီး ထိခိုက်ချက်နဲ့
ကမ္ဘာနဲ့ လူသားဆီကို ပို့ပေးလိုက်တာက
ခု .... သင့်လက်သူကြွယ်မှာ ၀တ်ဆင်ထားတဲ့
မြလက်စွပ်လေးပါပဲ။ ။

                                                          မောင်ချောနွယ်
                                                     
          
             ဆရာမောင်ချောနွယ်ရဲ့ “မောင်ချောနွယ်အတု”              ကဗျာစာအုပ်မှ 
ကူးယူမျှဝေခြင်းဖြစ်ပါတယ်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...