ငါတို့မြို့လေးရဲ့ ကားလမ်းမဘေး
ကွပ်ပစ်လေးပေါ်မှာပေါ့ ....
ကွပ်ပစ်လေးပေါ်မှာပေါ့ ....
ကောင်မလေးဟာ
ဆံပင်ရှည်တွေ ဖါးလျားချလို့
ကုက္ကိုပင်ကြီးကို မှီလို့
မျက်လုံးတွေဟာ စိုစွတ်တမ်းတလို့
နှုတ်ခမ်းတွေက ရီဝေငေးမောလို့ .....
ကလေးတွေရဲ့ ဆူဆူညံညံ ကစားဝိုင်းကို
အမှတ်အသားမရှိ စိုက်ကြည့်လို့
ဟော ... သူမရဲ့ကိုယ်စား
မျက်ရည်များအဖြစ် မိုးတွေရွာလာပြီ ....
အိမ်ထဲဝင်တော့ ကောင်မလေးရေ
မိုးစက်တွေဟာ
မညှာမတာ တိုးလို့ရွာနေပြီ ......
ကစားနေတဲ့ ကလေးငယ်တွေလည်း
ရုတ်ရုတ်သဲသဲ ထွက်ပြေးလို့
ဖုန်တသောသော မြေပြင်ဟာလည်း
ထူထဲ ပြတ်ဝပ်လို့
ခုထိလည်း အိမ်ထဲမ၀င်သေးပါလား
ကောင်မလေးရေ....
ဘ၀ဆိုတာကို
ချိုချဉ်ပတ်တဲ့ စက္ကူလေးလို လွှင့်ပစ်
ကျေနပ်နှစ်သိမ့်တတ်ရင်လည်း
ပြီးတာပါပဲလေ
ငါကတော့
မပေးဖြစ်တဲ့ ရေးပြီးသားစာတွေကို
လုံးချေရင်း လုံးချေရင်းနဲ့ပဲ ....။ ။
No comments:
Post a Comment